မေး။ ။ ဆရာရှင့် သမီး MICROGESTIN FE 1.5/30 TABLETS ဆေးအကြောင်း သိချင်လို့ပါ။ဘယ်လို သောက်ရတာပါလဲ။ ဆေးရဲ့ ကောင်ကျိုး-ဆိုးကျိုး သိချင်လို့ပါ။ ဘယ်ချိန်စသောက်ရမှာပါလဲရှင်။
ဖြေ။ ။ Microgestin FE ဆိုတာ Ethinyl estradiol နဲ့ Norethindrone ခေါ်တဲ့ မ-ဟော်မုန်း ၂ မျိုးတွဲ ကိုယ်ဝန်တားဆေး ဖြစ်တယ်။
• မျိုးဥအိမ်ကနေ မျိုးဥထွက်မှာကို တားဆီးပေးလို့ ကျားသုတ်ပိုးဝင်လာပေမဲ့ ကိုယ်ဝန်မရစေနိုင်ဘူး။
• သားအိမ်ဝ မှာရှိတဲ့ အချွဲကိုလဲ စေးပြစ်စေလို့ သုတ်ပိုးမဝင်စေနိုင်တယ်။
• သားအိပ် အတွင်းနံရံကိုလဲ ထူစေတာမို့ သန္ဓေက လာမတွယ်စေနိုင်ဘူး။
• ဒီဆေးကို ဆိုးတဲ့ ဝက်ခြံပေါက်သူတွေကိုလဲ ပေးတတ်တယ်။
• ကိုယ်ဝန် ရှိနေသူကို မပေးရဘူး။ အထဲက ကလေးကို မထိခိုက်ဘူးလို့ မပြောနိုင်ဘူး။
• နို့တိုက်နေချိန်လဲ မပေးတာ ကောင်းတယ်။
• အရင်က သွေးခဲပိတ်ရောဂါ ဖြစ်ဘူးသူ၊ ဟော်မုန်းနဲ့ဆိုင်တဲ့ သားအိမ်-ရင်သား ကင်ဆာဖြစ်ထားသူ၊ အသဲ မကောင်းသူတွေလဲ မပေးပါ။ အသက်ကြီးရင်လဲ မကောင်းဘူး။ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါရှိရင် မပေးပါနဲ့။ သွေးတိုးရင်၊ (ကိုလက်စထော) များရင်၊ ဆီးချိုရှိရင်၊ သည်းခြေအိတ်မကောင်းရင်၊ စိတ်ကျရောဂါ ရှိရင်လဲ မပေးပါ။
• ရာသီစလာတဲ့နေ့က စသောက်ပါ။ တနေ့ (၂၄ နာရီ) ၁ လုံး၊ တကပ်ကုန်ရင် တကပ်ဆက်သောက်ပါ။
• ဆေးသက်တမ်း ကောင်းပါစေ။
• တချို့က ဝါးစားလို့ရတာ ထုတ်တယ်။ ရေ တဖန်ခွက်သောက်ပါ။
• တရက်နောက်ကျရင် ၂ ပြား တခါတည်းသောက်ပါ။ ပြီးတော့ တနေ့ ၁ ပြားဆက်သောက်ပါ။
• ပဌမပါတ်နဲ့ ဒုတိယပါတ်ထဲမှာ ဆေးသောက်တာ ၂ ရက်နောက်ကျရင် ဆေး ၂ ပြားစီ၊ ၂ ရက် ဆက်သောက်ပါ။ ပြီးတော့ တနေ့ ၁ ပြား ပုံမှန်ဆက်သောက်ပါ။ နောက်ကျရက် အပြီး ၇ ရက်တွက် အရေးပေါ် ကာကွယ်နည်း ကိုလည်း သုံးပါ။
• တတိယပါတ်ထဲမှာ ဆေး ၂ ရက် မေ့သွားရင်၊ ဒါမှမဟုတ် ပဌမ-ဒုတိယ-တတိယပါတ်ထဲမှာ ၃ ရက်မေ့သွားရင် ဆေးကပ်ကို ဆက်မသောက်ဘဲ နောက်ဆေးကပ် အသစ် စသောက်ပါ။
• တကယ်လို့ ဆေးမေ့တာ ၂-၃ ပြား ဖြစ်ရင် အဲဒီလမှာ ရာသီလာမယ် မဟုတ်ပါ။
• ၂ လ ဆက် မလာရင် ကိုယ်ဝန် ဟုတ်-မဟုတ် ဆီးစစ်ပါ။
• နောက်ဆုံး သောက်ရမဲ့ဆေး (စတုတ္ထပါတ်) မေ့ရင် ဘာမှ လုပ်စရာ မလိုပါ။ မေ့တာကို ထားလိုက်ပြီး ပုံမှန်သာ ဆက်သောက်နေပါ။
• ဆေးမတည့်သူဆိုရင် ယားယံတာ၊ အနီပြင်ထွက်တာ၊ အသက်ရှူခက်တာတွေဖြစ်မယ်။ ဘယ်တော့မှ မသောက်ပါနဲ့။
• မဆိုးတဲ့ ဘေးထွက်ဆိုကျိုးတွေလဲ ရှိတဲ့သူတွေမှာ ရှိနိုင်တယ်။ ပျို့ချင်-အန်ချင်၊ မောပန်း၊ ရင်သားနာ၊ ခေါင်းမူး၊ ခေါင်းကိုက်၊ မွေးလမ်းကြောင်း ယား-တခုခုဆင်းတာ။
• ကိုယ်ဝန်တားဆေး မှန်သမျှ HIV/AIDS/STD ဘာကိုမှ အကာအကွယ် မပေးနိုင်ပါ။
ဒေါက်တာတင့်ဆွေ (၁၅-၃-၂ဝ၁၁)
ဒေါက်တာတင့်ဆွေ - ကိုယ်ဝန်တားဆေး




