5
Jan

ကိုယ်ဝန်တား ထိုးဆေး တမျိုး

Q: သိချင်တာလေးတစ်ခု မေးချင်ပါတယ်။ အဲ့ဒါကတော့ တလခံ ကိုယ်ဝန်တားဆေးအကြောင်းပါပဲ။ တလခံ ကိုယ်ဝန်တားဆေးကို ရာသီသွေးမပေါ်ခင် သုံးဖြစ်တဲ့လမှာပဲ ရာသီသွေး မပေါ်တာကြောင့် အရမ်းပဲလန့်နေမိပါတယ်။ ဖြစ်ရိုးဖြစ်စဉ်ပဲလားဆိုတာ သိပါရစေ။
A: တလခံ ကိုယ်ဝန်တားဆေးလို့ မေးတာက စားဆေးလား၊ ထိုးဆေးလား။ စားဆေးဆိုရင်လဲ တနေ့တလုံး သောက်ရတာလား။ ဆေးနာမည် စာလုံးပေါင်း ပြောပါအုံး။

2012/1/4
Q: ထိုးဆေးပါ။
A: Depo Provera ဆေးဟာ 150 mg ဆိုရင် ၃ လ၊ 50 mg ဆိုရင်တလ။ ဒီနာမည်မဟုတ်ရင်လဲ ပြောပါ။

ကိုယ်ဝန်မရအောင်သုံးတဲ့ Depo Provera ထိုးဆေးကို လူအတော်များများသိကြတယ်။ Noristerat injection ဆေးဟာလဲ ကိုယ်ဝန်တား-ထိုးဆေး တမျိုးဖြစ်တယ်။ Norethisterone enantate ဆေးပါတယ်။ သဘာဝအတိုင်း ကိုယ်ခန္ဓာကနေ ထုတ်ပေးပြီး၊ Female sex hormone အမျိုးသမီး-ဟော်မုန်းလို့ လူသိများတဲ့ Progesterone ဟော်မုန်းကို ဓါတ်ခွဲခန်းမှာ လုပ်ထားတာဖြစ်တယ်။ တင်ပါး-ကြွက်သားထဲမှာ ထိုးရတဲ့ အသားဆေးဖြစ်တယ်။ ၈ ပါတ် (၂ လ) အထိ သွေးထဲမှာ ဆေးရှိနေမယ်။

နည်း ၃ နည်းနဲ့ ကိုယ်ဝန် မရစေအောင်လုပ်ပေးတယ်။
၁။ Egg မ-မျိုးဥ Ovaries ကနေ မထွက်စေဘူး။ အမျိုးသမီးတိုင်း မျိုးဥထွက်ပြီးချိန်မှာ ဒီဟော်မုန်းထွက်တာ များများလာတယ်။ ဒီဆေးထိုးထားတော့ ကိုယ်ခန္ဓာကနေ မျိုးဥ ထွက်ထားပြီးသားလို့ ထင်မှတ်စေတယ်။
၂။ ဆေးထိုးထားပြီး နောက်ပိုင်းရက်တွေမှာ Cervical mucus သားအိမ်အဝမှာရှိတဲ့ အချွဲ နဲ့ Endometrium သားအိမ်-အတွင်းနံရံကိုပါ သက်ရောက်မယ်။ အချွဲကို ပိုပြီး စေးပျစ်စေလို့ Sperm သုက်ပိုးဝင်လာမှာကို တားထားရာကျတယ်။
၃။ သားအိမ်အတွင်းလွှာကိုလဲ သန္ဓေလာကပ်မှာကို ခက်ခဲစေအောင် လုပ်ပေးသေးတယ်။

ရာသက်ပန် ကလေးမရအောင် ယောက်ျားကို Vasectomy အကြောဖြတ်ထားချိန်မျိုးမှာ သူ့အမျိုးသမီးကို ဒီဆေးထိုးပေးတာ ကောင်းတယ်။ နောက်ပြီး ကိုယ်ဝန်ကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့ Rubella (ရူဘဲလား) ရောဂါ ထနေချိန်မှာလဲ ကိုယ်ဝန်မရစေအောင် ယာယီ ကိုယ်ဝန်ရမှာကို တားဘို့အတွက်လဲ သုံးနိုင်တယ်။ ဒီလိုရောဂါကလဲ ၂ လထက် မပိုတတ်ဘူး။ ကလေးနို့တိုက်နေသူတွေလဲ ဒီဆေးထိုးနိုင်တယ်။

ဒီဆေးကို အကောင်းဆုံး ထိုးသင့်တဲ့အချိန်ကတော့ ရာသီလာရက် ပဌမ ၅ ရက်အတွင်း ထိုးရတယ်။ သွေးစဆင်းတဲ့ရက်ကို ပဌမဆုံးရက်လို့ သတ်မှတ်ပါ။ အဲလိုထိုးရင် ချက်ချင်း သက်ရောက်တာမို့ တခြားဘယ်နည်းကိုမှ အပိုလုပ်နေစရာ မလိုတော့ဘူး။ ကိုယ်ဝန်ရှိမနေတာ သေခြာရင်တော့ ဘယ်ရက်ထိုးထိုး ရပါတယ်။ ဒါပေမဲ့ ဆေးထိုးပြီး ၇ ရက်လုံးလုံး အတွက် အတူနေမယ်ဆိုရင်တော့ အကာအကွယ်တခုခု လုပ်ရပါမယ်။ ဥပမာ Condom (ကွန်ဒွမ်)။

ကလေးမီးဖွါးပြီး ချက်ချင်းထိုးလို့ ရတယ်။ တကယ်လို့ ကလေးမှာ အသားဝါဖြစ်နေပြီး ကလေးနို့တိုက်နေရင်တော့ မထိုးပါနဲ့အုံး။ ၂၄ ပါတ် (၆ လ) အောက်ကိုယ်ဝန်က ပျက်ကျတယ် ဆိုရင် ကိုယ်ဝန်ပျက်အပြီး၊ ချက်ချင်းထိုးနိုင်တယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ၇ ရက်ကြာနေမှ ဒီဆေးထိုးတယ်ဆိုရင် ဆေးထိုးပြီး ၇ ရက်တွက် အကာအကွယ် နောက်တမျိုး လိုပါမယ်။ ဥပမာ Condom (ကွန်ဒွမ်)။

- Pregnant women ကိုယ်ဝန်ရှိနေရင် မထိုးရဘူး။ ဒီဆေး ပဌမတကြိမ်ထိုးပြီး ရာသီမလာသူက ကိုယ်ဝန်ရှိ-မရှိ စစ်ပြီး မရှိမှသာ ဒုတိယအကြိမ်ထိုးရမယ်။
- STDs လိင်ကတဆင့်ကူးစက်ရောဂါတွေကို မကာကွယ်ပါ။ မသေခြာတဲ့အဖေါ်နဲ့ဆိုရင် Condom (ကွန်ဒွမ်) သုံးရပါမယ်။
- ဆေးကြောင့် အသဲထိခိုက်တာဆိုရင် အသား-ဆီး ဝါမယ်၊ ပျို့-အန်ချင်မယ်၊ အစားပျက်မယ်၊ အားယုတ်မယ်၊ ဗိုက်အောင့်မယ်။
- ဆေးတကြိမ်ထိုးတဲ့နောက်မှာ Liver problems အသဲထိခိုက်တာဖြစ်ရင် နောက်ထပ်မထိုးနဲ့။
- ဆေးတကြိမ်ထိုးတဲ့နောက်မှာ ခေါင်းခဏခဏ ကိုက်တာ-မူးတာ၊ စိတ်ဓါတ်ကျတာ၊ သွေးတိုးတာ၊ သွေးခဲကြောင့်ဖြစ်တာတွေ (ဥပမာ ခြေ-လက်တွေ ရောင်တာ၊ အသက်ရှူမဝတာ၊

အသက်ရှူရင် နာတာ၊ ချောင်းဆိုး၊ ရင်ပတ်တင်းကြပ်ပြီးနာတာ၊ ကိုယ်တခြမ်း လေဖြတ်သလိုနေတာ၊ မူးမေ့သလို ခံစားရတာ၊ မျက်စိကြည့်မကောင်းဖြစ်လာတာ၊ နားအကြား၊

စကားပြော၊ အနံ့ခံ၊ အရသာ ပျက်တာတွေ) ဖြစ်ရင် နောက်ထပ်မထိုးနဲ့။

ဆေးမထိုးသင့်သူတွေ -
- ကိုယ်ဝန် ရှိတယ်လို့ သံသယရှိသူ၊ တကယ်ရှိနေသူ၊
- မွေးလမ်းကသွေးဆင်းတာရဲ့ အကြောင်းတရား မသေခြာသူ၊
- ရင်သား-ကင်ဆာဖြစ်နေသူ၊ ဖြစ်ထားသူ၊
- မွေးရာပါ သွေးရောဂါရှိနေသူ။

သတိနဲ့ ဆေးထိုးနိုင်သူတွေ -
- အိပ်ရာထဲမှာ အကြာကြီး နေရစရာရှိသူ၊ ဥပမာ ခွဲစိတ်ထားသူ၊
- သွေးပြန်ကြောပိတ်ရောဂါရှိသူ၊ အဆုပ်သွေးကြောပိတ်ရောဂါ ရှိနေသူ၊
- SLE ရောဂါရှိနေသူ၊
- Cervical cancer သားအိမ်ဝ-ကင်ဆာ ရှိနေသူ၊
- Liver cancer အသဲ-ကင်ဆာ ရှိနေသူ၊
- Liver cirrhosis ဆိုးဝါးတဲ့ အသဲခြောက်ရောဂါ ရှိနေသူ၊
- Gallbladder disease သည်းခြေရောဂါရှိနေသူ၊
- Jaundice ကိုယ်ဝန်-တားဆေးတခုခုကြောင့် အသားဝါ ဖြစ်ဘူးသူ၊
- Stroke (စထုပ်ခ်)၊ Angina (အင်ဂျိုင်နာ)၊ Heart attack နှလုံးရောဂါ တခုခုဖြစ်ဘူးသူ၊
- နှလုံးရောဂါကို ဖြစ်စေ-ဆိုးစေတတ်တဲ့ အခြေအနေတွေ ဆေးလိပ်သောက်၊ (ကိုလက်စထော) များ၊ သွေးတိုး၊ ဆီးချို ရှိနေသူတွေ၊
- Migraine (မိုင်ဂရင်း) ရောဂါရှိနေသူ၊

Side effects ဘေးထွက်-ဆိုးကျိုးတွေ -
Irregular bleeding ရာသီလာ မမှန်ဖြစ်မယ်။ ကြားရက်မှာ Spotting နဲနဲလေးသွေးစွန်းမယ်၊ Heavy အများကြီးဆင်းမယ်၊ Prolonged bleeding ရက်ရှည်ဆင်းမယ်၊ လုံးဝမလာဘဲ နေမယ်။ နဂိုကတည်းက သွေးအားနည်းနေသူတွေက သတိထားရမယ်။

တခြားဖြစ်နိုင်တာတွေကတော့ ရင်ပြည့်၊ ရင်သားတင်း-နာ၊ ခေါင်းကိုက်၊ ခေါင်းမူး၊ ပျို့၊ စိတ်ဓါတ်ကျ၊ ဆေးထိုးတဲ့နေရာ နာ၊ ကိုယ်အလေးချိန် တက်တာတွေ ဖြစ်တယ်။

- Selegiline, Tacrolimus နဲ့ Tizanidine ဆေးတွေကို အတူပေးရင် ဘေးထွက်ဆိုးကျိုး ပိုများစေနိုင်တယ်။
- Noriday နဲ့ Micronor တားဆေး-စားဆေးတွေမှာ Norethisterone ပါနေတယ်။
- ဟော်မုန်းအစားထိုးဆေးဖြစ်တဲ့ Micronor HRT ဆေးမှာလဲ Norethisterone ပါနေတယ်။
- ရာသီ မမှန်တာအတွက်သုံးတဲ့ Primolut N နဲ့ Utovlan စားဆေးတွေမှာလဲ Norethisterone ပါနေတယ်။
- အရေးပေါ်တားဆေး Ulipristal (Ellaone) နဲ့ Medicines for diabetes ဆီးချိုဆေးတွေကို ဒီထိုးဆေးနဲ့ အတူတူပေးရင် ဆေးအစွမ်း နည်းစေနိုင်တယ်။

ဒေါက်တာတင့်ဆွေ (၄-၁-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ - ကိုယ်ဝန်တား ထိုးဆေး တမျိုး

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top