I am 39 years old married woman and have 4½ years old son. My husband went abroad and he will come back near future. I do not want to get another child so I have decided to take birth control pills. Before 3 months ago, I took Marvelon one month and Microgynon one month for testing which medicine is good for me. Both of them are not perfect for me as I felt fatigue the whole day and also high blood pressure.
Now, I change the Exluton pill. This is good for me; I felt there is no side effect because of this. So, I choose to take Exluton. I've heard that Exluton is for breast feeding woman. So, I want to know that is it alright to take Exluton even though I am not breastfeeding. And will it give same protection like Marvelon. I took this pill exact time every day, between 7 to 8 PM.
Excluton ကိုယ်ဝန်တားဆေးထဲမှာ Lynoestrenol 0.5 mg ပါတယ်။ Progestin-only birth control pill လို့လဲခေါ်တယ်။ Combination birth control pills ဟော်မုန်း ၂ မျိုးတွဲတားဆေးနဲ့ မတူတာက ဒီထဲမှာ Estrogen (အီစထိုဂျင်) မပါဘူး။ Progestin (ပရိုဂျက်စတင်) ပါတာကလဲ နည်းတယ်။
1. Very-low-dose progestogen-only ဟော်မုန်း အနည်းဆုံးပါတဲ့ အမျိုးအစားက အရေပြားအောက်ထားရတဲ့ Norplant Subdermal implants, Jadelle (Levonorgestrel implants)၊ သားအိမ်ထဲထည့်တားရတဲ့ Intrauterine systems (Progestasert, Mirena) တွေနဲ့ သဘောချင်းတူတယ်။ မ-မျိုးဥ ထွက်တာကို ၅ဝ% သာ တားနိုင်တယ်။ သားအိမ်အဝ အချွဲကို စေးပျစ်တာကိုသာ ဖြစ်စေတယ်။
2. Intermediate-dose progestogen-only (Cerazette) ဟော်မုန်း အသင့်သာပါတဲ့ အမျိုးအစားက အရေပြား အောက်ထားရတဲ့ Nexplanon Subdermal implant နဲ့ သဘောချင်းတူတယ်။ မ-မျိုးဥထွက်တာကို ၉၇-၉၉% တားနိုင်တယ်။ သားအိမ်အဝ အချွဲကို စေးပျစ်စေတာလဲ ဖြစ်စေတယ်။
3. High-dose progestogen-only contraceptives ဟော်မုန်းပါတာများတဲ့ အမျိုးအစားက Depo-Provera, Noristerat တာေးဆး-ထိုးဆေးတွေနဲ့ သဘောချင်းတူတယ်။ သားအိမ်ဝက ချွဲကို စေးပျစ်စေတယ်။ သားအိမ် အတွင်းဆုံးအလွှာကို ပါးလျစေတာ၊ မ-မျိုးဥထွက်မှာကိုတားတာ အလုပ် ၃ မျိုးလုံးပါ ဖြစ်စေတယ်။
ဘယ်လိုသောက်ရမလဲ -
• ရာသီစဆင်းတဲ့ရက်ကနေစပြီး တနေ့ ၁ ပြားသောက်ပါ။
• နေ့တိုင်း သောက်နေကျအချိန်မှာ အချိန်တူသောက်ပါ။
• ဆေးကပ်တခု ကုန်ရင် နောက်ကပ်သစ်တခု စသောက်ပါ။ တချို့မှာ (၃၅) ပြားပါတယ်။ ရာသီက ၂ လမှ တခါသာ လာမယ်။
• ကိုယ်ဝန်ပျက်-ဖျက်သူတွေလဲ သွေးဆင်းတဲ့ ပဌမရက်နေ့မှာ ဆေးပြားစသောက်ပါ။
Benefits အကျိုးရှိတာတွေ -
• ကလေးနို့တိုက်နေချိန်လဲ သောက်နိုင်တယ်။
• ဆေးဖြတ်တာနဲ့ ကလေးပြန်ရဘို့ လွယ်တယ်။
• ရာသီနဲ့ဆက်စပ်နေမဲ့ Sickle cell disease ရောဂါနဲ့ Dermatitis ရောဂါတွေကို ကုသရာမှာ သုံးနိုင်တယ်။
• သွေးဆင်နည်းလို့ သွေးအားနည်းတာ သက်သာမယ်။
• ဆေးလိပ်သောက်သူ၊ အသက် ၃၅ နှစ်ကျော်သူတွေလဲ သောက်နိုင်တယ်။
• နှလုံးရောဂါရှိသူတွေအတွက် စိတ်ချနိုင်တယ်။ သွေးခဲတာ နည်းတယ်။ Sickle-cell disease ရောဂါရှိသူတွေလဲ သောက်နိုင်တယ်။ PID တင်ပါးဆုံတွင်း အင်္ဂါတွေရောင်တဲ့ ရောဂါကို အဖြစ်နည်းစေ တာတော့ ဟော်မုန်း ၂ မျိုးတွဲတားဆေးနဲ့ အတူတူဘဲ။
ဘေးထွက်-ဆိုးကျိုးတွေ -
• ဆေးစသောက်ကာစ အစောပိုင်းလတွေမှာ ရာသီမမှန်တာ ဖြစ်နိုင်တယ်။ တချို့ စွန်းယုံသာလာတာလဲ ဖြစ်နိုင်တယ်။ တချို့တော့ များတယ်။
• ရာသီမလာဘဲနေတာလဲ ဖြစ်နိုင်တယ်။ တလအထိ နောက်ကျသွားရင် ဆရာဝန်ပြပါ။
• အသားဝါဖြစ်လာရင် ဆရာဝန်ပြပါ။
• ဝက်ခြံထွက်မယ်၊ ပျို့ချင်မယ်၊ ခေါင်းကိုက်မယ်၊ ရင်သားတင်း-နာမယ်၊ ဒါတွေကလဲ စောစောပိုင်းလတွေမှာသာ ဖြစ်လေ့ရှိတယ်။
• လူက ဝလာနိုင်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေးလောက် ကိုယ်အလေးချိန် မတက်ဘူး။ နောက်ပိုင်းမှာတော့ ဆက်မတိုးတော့ဘူး။
• ဆီးချိုရှိနေသူတွေ သတိထားပေးရမယ်။ ဆီးချိုကို အထိန်းရခက်နိုင်တယ်။
• ကိုယ်ရောင်တာ ဖြစ်စေနိုင်လို့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါ၊ (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ၊ သွေးတိုး၊ ပန်းနာရောဂါရှိသူတွေက သတိထားသောက်ရမယ်။
• ဆေးသောက်ကာစ ပဌမတနှစ်မှာ ၃ လတကြိမ် ဆေးစစ်သင့်တယ်။ နောက်ပိုင်း ၆ လတခါစစ်သင့်တယ်။
• လိင်စိတ်နည်း၊ စိတ်မူပြောင်း၊ စိတ်ဓါတ်ကျ၊
• ၁ဝဝ မှာ ၁ ကနေ ၁၃ ယောက်အထိ ပဌမ ၁ နှစ်အတွင်းမှာ ကိုယ်ဝန်ရတာတွေ့ရတယ်။ ဟော်မုန်း ၂ မျိုးတွဲထက် ဒီလိုဖြစ်တာ ပိုများတယ်။
• တကယ်လို့ ကိုယ်ဝန်ရလာရင် သိဘို့ခက်တတ်တယ်။ ကံမကောင်းရင် သားအိမ်ပြင်ပမှာ သန္ဓေတည်နိုင်တယ်။
• Functional ovarian cysts မျိုးဥအိမ် အကျိတ် ဖြစ်နိုင်တယ်။ မခွဲဘဲလဲ ပျောက်နိုင်တယ်။
• STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်နိုင်ဘူး။
Efficacy and effectiveness ဘယ်လောက်ထိရောက်သလဲ -
• (သီအိုရီ) အရပြောရရင် ဟော်မုန်း ၂ မျိုးတွဲနဲ့ အတူတူထိရောက်တယ်။
• အချိန်တူသောက်ဘို့၊ ရက်မပျက်ဘို့ ပိုလိုတယ်။
• ကလေး နို့တိုက်နေသူတွေမှာ ၆ လအတွင်းသောက်ရင် ၁ဝဝ% ကိုယ်ဝန်မရဘူး။
• ကလေး နို့မတိုက်နေသူတွေမှာ ၉၉့၅% ကိုယ်ဝန်မရဘူး။ ဆေး ၂ မျိုးတွဲ ၉၉့၇-၉၉့၉% မရစေဘူး။
• တရက်ပျက်လို့ ကိုယ်ဝန်ရလမ်းက ၂ မျိုးတွဲထက်ပိုမယ်။
• ကလေးမွေးထားပြီး ကလေးကိုလဲ နို့အပြည့်အဝတိုက်နေမယ် ရာသီလဲ ပြန်မပေါ်သေးရင် ၆ လအထိ၊ ကလေး မွေးထားပြီး ကလေးကို နို့မတိုက်ရင် ၂၁ ရက်အထိ ကိုယ်ဝန်ရလမ်း အလွန်နည်းတယ်။
သတိထားစရာတွေ -
• ရာသီတလ သွေးစဆင်းတဲ့ရက်ကနေ စသောက်တာ အကောင်းဆုံးဖြစ်တယ်။
• ဆေးသောက်အပြီး ၄-၂၂ နာရီအတွင်းမှာ သားအိမ်အဝအချွဲ စေးပျစ်တာက အများဆုံးအချိန် ဖြစ်လို့ မနက်ခင်း ဆေးသောက်ပြီး ညမှာအတူနေတာ အကောင်းဆုံး အစီအစဉ်ဖြစ်တယ်။
• ရာသီစလာတဲ့ရက်မှာ စသောက်ပေမဲ့ ရာနှုန်းပြည့် သေခြာအောင် ဆေးစသောက်ပြီးနောက် ၄၈ နာရီအတွင်း အတူနေရင် (ကွန်ဒွမ်) သုံးပါ။
• ဆေးသောက်ချိန်ထက် ၃ နာရီ နောက်ကျသွားရင် ၄၈ နာရီအတွင်း အတူမနေပါနဲ့။ နေဖြစ်ရင် Emergency pills အရေးပေါ်တားဆေး သောက်ပါ။
• တရက်နောက်ကျသွားရင် နောက်ရက်မှာ ဆေး ၂ လုံးတခါတည်းသောက်ပါ။ ၄၈ နာရီ အတူမနေပါနဲ့။ ဒါမှမဟုတ် (ကွန်ဒွမ်) သုံးပါ။
• ဆေးတကပ်ကုန်တာနဲ့ ရာသီ လာလာ-မလာလာ၊ နောက်ဆေးတကပ် ဆက်သောက်ပါ။ အတူမနေဖြစ်သေးလဲ ဆက်သောက်ပါ။
• ၁-၇ ရက်အထိ ဆေးသောက်တာ နောက်ကျသွားရင် (ကွန်ဒွမ်) သုံးပါ။
• ဆေးသောက်ပြီး ၂ နာရီအတွင်း အန်ရင် နောက် ၁ လုံးသောက်ပါ။
• ဟော်မုန်း ၂ မျိးတွဲဆေးကနေ ဒီအမျိုးအစားကို ပြောင်းချင်ရင် (ဟော်မုန်းပါ) အရင်သောက်ရတဲ့ဆေးပြား သောက်နေတုံးမှာ ချက်ချင်း ပြောင်းသောက်ပါ။
• St. John's Wort တိုင်းရင်းဆေး၊ Rifampin တီဘီဆေး၊ Griseofulvin ပွေး-မှိုဆေး၊ Phenobarbitone, Phenytoin, Primidone, Carbamazepine, Dichloralphenazone အတက်သက်သာဆေး၊ HIV ဆေးတချို့၊ ပဋ္ဋိဇီဝဆေးတချို့တွေနဲ့ တွဲမသောက်သင့်ပါ။
• ကလေးလိုချင်လို့ ဆေးရပ်ချင်ရင် ဆေးကပ်မကုန်သေးလဲ ရပ်လိုက်နိုင်တယ်။ ၂၄ နာရီအတွင်း ကိုယ်ဝန် ရနိုင်တယ်လို့ ထင်မှတ်ထားရမယ်။
• ရက်လဲမှတ်လို့ လွယ်အောင် ရာသီမှန်စေပြီးမှ ကလေးယူသင့်တယ်။ ဆေးရပ်အပြီး ကြားထဲမှာ (ကွန်ဒွမ်) သုံးပါ။
• ဆေးဖြတ်ပြီး ကိုယ်ဝန်ရချင်ရင် Folic acid ဖေါလစ်-အက်စစ်ဆေးကို တလကြိုသောက်နိုင်ရင် ပိုကောင်းတယ်။
Excluton ဆေးကို ကိုယ်ဝန်တားတာအပြင် တခြားနေရာတွေမှာလဲ သုံးနိုင်တယ်။
1. Polymenorrhoea ရာသီ ခဏခဏဆင်းတာအတွက် တနေ့ 5 mg ကို ၁၄ ရက်မြောက် နဲ့ ၂၅ ရက်မြောက် နေ့တွေမှာ သောက်ပါ။
2. Menorrhagia ရာသီဆင်း များတာအတွက် တနေ့ 10 mg နဲ့ ၁ဝ ရက်၊ ၃ လ ဆက်တိုက်။ ဒါမှမဟုတ် တနေ့ 5 mg နဲ့ ၁၄ ရက်မြောက် နဲ့ ၂၅ ရက်မြောက်နေ့တွေမှာ သောက်ပါ။
3. Endometriosis သားအိမ်ရောဂါအတွက် တနေ့ 5-10 mg နဲ့ ၆ လသောက်ပါ။
4. Dysmenorrhoea ရာသီလာတုံးနာတာအတွက် တနေ့ 5 mg နဲ့ ၁၅ ရက်မြောက်နေ့က စသောက်ပါ။
5. Postponement of menstruation ရာသီမလာဘဲနေအောင် တနေ့ 5 mg နဲ့ ရာသီမလာခင် ၂ ပါတ် ကြိုတင် သောက်။ ဒိနောက်မှာ တနေ့ 10-15 mg သောက်ပါ။
6. Endometrial hyperplasia သားအိမ်ရောဂါအတွက် တနေ့ 2.5-5 mg နဲ့ ၁၂ နဲ့ ၁၅ ရက်မြောက်နေ့တွေမှာ သောက်ပါ။
ဒီလို မိန်းကလေး၊ အမျိုးသမီးတွေမှာ မသောက်သင့်ပါ -
• အပျိုဖြစ်ကာစ ရာသီရက် မမှန်သေးသူတွေ မသောက်သင့်ဘူး။
• Thrombophlebitis, Thromboembolic processes သွေးပြန်ကြောရောဂါရှိသူ၊
• အသဲမကောင်းသူ၊
• မွေးလမ်းကနေ ဘာလို့မှန်းမသိဘဲ သွေးဆင်းနေသူ၊
• Breast cancer ရင်သား-ကင်ဆာရှိနေသူ၊ ရှိဘူးသူ။
ဒေါက်တာတင့်ဆွေ (၄-၇-၂ဝ၁၂)
ဒေါက်တာတင့်ဆွေ - ကိုယ်ဝန်တား အသေးစား ဆေးပြား




