တော်တော်များများက ကိုယ့်လိင်ဆက်ဆံဖက်မှာ HIV ပိုးရှိ၊ မရှိကို စိတ်မှန်းနဲ့ ဆုံးဖြတ်တတ်ကြတယ်။ တချို့ကျတော့လည်း ကိုယ့်ဆက်ဆံဖက်ကို ပွင့်ပွင့်လင်းလင်း မေးမြန်းတတ် ကြပါတယ်။ သူ့မှာ ပိုးရှိရင် ကွန်ဒုံးသုံးမယ်၊ ပိုးမရှိရင်တော့ မသုံးဘူးဆိုပြီး မှန်းကြည့်၊ မေးကြည့်ကြတာ ဖြစ်ပါတယ်။
လူတယောက်မှာ HIV ပိုး ရှိ၊ မရှိကို မှန်းဆကြည့်၊ မေးမြန်းကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ သူနဲ့ တွေ့တဲ့ နေရာ၊ သူ့ပုံစံ၊ သူကွန်ဒုံး သုံးဖို့ ဆန္ဒရှိ မရှိ ပေါ်မူတည်ပြီး သူ့မှာ HIV ပိုး ရှိမရှိ ဆုံးဖြတ်လို့ မရပါဘူး။
တခါတလေမှ တွေ့ပြီး လိင်ဆက်ဆံဖြစ်တဲ့ သူမျိုးဆိုရင် သူ့မှာ HIV ပိုးမရှိပါဘူးလို့ ပြောစေဦးတော့ တကယ်ရှိ၊ မရှိကို ကျိန်းသေသိရဖို့ ပိုပြီးတော့တောင် ခက်ခဲပါသေးတယ်။ ဥပမာ - သူက သွေးစစ်ဆေးထားတယ်၊ သွေးအဖြေမှာ HIV ပိုးမရှိဘူးလို့ပြောတယ်။ ဒါဆိုရင် စဉ်းစားဖို့ လိုတာက သူသွေးစစ်ထားတာ ဘယ်တုန်းကလဲ၊ သွေးစစ်ဆေးပြီးတော့ရော သူ HIV ပိုး ကူးစက်နိုင်တဲ့ အပြေုအမူတွေကို လုံးဝ မလုပ်ထားဘူးလား၊ HIV ပိုး ကူးစက်မှု အကြောင်းကိုရော သူဘယ်လောက်သိသလဲ.... စသဖြင့် အများကြီး စဉ်းစားရမယ့် အချက်တွေ ရှိပါတယ်။
ကိုယ့်မှာ HIV ပိုး မရှိတဲ့ သူတွေက ကိုယ့်လိင်ဆက်ဆံ ဖက်မှာ HIV ပိုးရှိ မရှိဆိုတာကို လိင်မဆက်ဆံခင် ကြိုပြောပြစေချင်ကြပါတယ်။ တချို့ကလည်း သူတို့မှာ HIV ပိုးရှိရင် ရှိတယ်ဆိုတာ ကြိုပြောပြတတ်ပေမယ့် တချို့ကတော့ လုံးဝမပြောကြပါဘူး။ သေသေချာချာ တွေးကြည့်ပါ တကယ်လို့များ ကိုယ့်မှာ HIV ပိုးရှိတယ်ဆိုပါစို့။ ကိုယ်နဲ့ အခုမှ တွေ့တဲ့ သူစိမ်းတယောက်ယောက်ကို ကိုယ့်မှာတော့ HIV ပိုးရှိတယ်လို့ ပြောမလား။ ပြောခဲ့ဦးတော့ သူကရော ကိုယ့်ရဲ့ လျှို့ဝှက်ချက်ကို လေးလေးစားစားနဲ့ တခြားသူတွေ မသိအောင် ဖုံးကွယ်ထား ပေးပါ့မလား။ ကိုယ့်မှာ HIV ပိုးရှိတာကို ပြောပြလိုက်တဲ့ အတွက်ကြောင့် ကိုယ်နဲ့ လိင်ဆက်ဆံမယ့် သူဆီကနေ ဆိုးဆိုးဝါးဝါး တုန့်ပြန်တာတွေ ရရှိနိုင်ပါတယ်။
လိင်ဆက်ဆံဖို့ အခွင့်အရေးကြုံလာတဲ့ အခါ စိတ်အချရဆုံး နည်းကတော့ ကိုယ့်နဲ့လိင်ဆက်ဆံမယ့်သူ အားလုံးမှာ HIV ပိုးရှိတယ်လို့ ယူဆထားပြီး ကွန်ဒုံးနဲ့ ဂျယ်ကို အမြဲတမ်း သုံးခြင်း ပါပဲ။ ကိုယ်နဲ့ လိင်ဆက်ဆံမယ့် သူမှာ HIV ပိုးရှိရှိ မရှိရှိ အမြဲတမ်း ကွန်ဒုံးနဲ့ ဂျယ်ကို သုံးပြီး ဆက်ဆံမယ်ဆိုရင် သူ့ကို တကူးတက HIV ပိုးရှိ မရှိလည်း မေးနေစရာ မလိုပါဘူး။
တကယ်လို့ ကိုယ်နဲ့ လိင်ဆက်ဆံမယ့် သူတစ်ယောက်က သူ့မှာ HIV ပိုးရှိတယ်ဆိုတာ ကိုယ့်ကို ဖွင့်ပြောတယ်၊ ကိုယ်ကတော့ သူနဲ့ လိင်ဆက်ဆံဖို့ကို ကွန်ဒုံးပါတာတောင်မှ စိတ်မသက်မသာ ဖြစ်နေတဲ့ အချိန်မျိုးမှာ သူ့ခံစားချက်ကို ကိုယ်ချင်းစာ နားလည်ပြီး လေးလေးစားစား ရှိဖို့ လိုအပ်ပါတယ်။ သူ့ကို နာကျင်စေမယ့် စကားမျိုးပြောတာ၊ ဘာမှမပြော တော့ပဲ ပစ်ထားခဲ့တာမျိုး မလုပ်ပဲနဲ့ ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်း လေးလေးစားစားနဲ့ ပြောပြသင့်ပါတယ်။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးနဲ့ ဂျယ်ကို သုံးခြင်း၊ HIV ပိုးနဲ့ တခြား ကာလသားပိုး ရှိ မရှိကို ပုံမှန်စစ်ဆေးမှု ခံယူခြင်းဖြင့်သာ HIV ပိုး ကူးစက်ခံရခြင်းမှ ကိုယ့်ကိုကို ကာကွယ်နိုင်ပါတယ်။
မောင်တို့ရွာ - ကိုယ့်ရဲ့ လိင်ဆက်ဆံဖက်မှာ HIV ပိုး ရှိ၊မရှိ ဘယ်လိုသိနိုင်သလဲ မှ ပြန်လည် ရေးသား ဖော်ပြထားပါတယ်........




