6
Jul

ကိုကြီးရဲ့ ညီမလေး မိပန်



ဝမ်းနည်း
အားငယ်ရမှုတွေ၊ စိတ်ရဲ့ အလိုမကျမှုတွေ၊ နှလုံးသားကို တတိတိ ကိုက်ဖြတ် တိုက်စား
နေမှုတွေနဲ့ ဟောဒီကမ္ဘာ လောကကြီးထဲမှာ ညီမလေး တစ်ယောက်တည်း ရင်ဆိုင် ဖြတ်သန်း နေရတာ
မဟုတ်ဘူး ဆိုတဲ့ စကားကို နောက်ဆုံး အနေနဲ့ ပြောခွင့်ပြုပါတော့ ညီမလေး မိပန်။

လူတစ်ယောက်ရဲ့
စိတ်နှလုံးကို ထိခိုက်အလွယ်ဆုံးနဲ့ အပြင်းထန်ဆုံး ဒဏ်ရာ ဒဏ်ချက်တွေကို
ဖြစ်ပေါ်စေနိုင်တဲ့ အရာဟာ “အချစ်ပဲ” ဆိုတာကိုတော့ ညီမလေးလည်း ခံစား နားလည်ပြီးသား
ဖြစ်ပါလိမ့်မယ်။ ညီမလေးရဲ့ ဘဝကို ထိခိုက်ပျက်စီးစေဖို့ “ကိုကြီး” ဆိုတဲ့
လူတစ်ယောက် ဖြစ်တည်ခဲ့တာ မဟုတ်သလို “ကိုကြီး” ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘဝကို
ချေမွဖျက်ဆီး ပစ်လိုက်ဖို့ အတွက်လည်း “မိပန်” ဆိုတဲ့ ကောင်မလေး တစ်ယောက်
ဒီရေဒီမြေပေါ်ကို သက်ဆင်း ကြွေကျခဲ့တာ မဟုတ်တန်ကောင်း ဘူးရယ်လို့ အကြိမ်ကြိမ်
အဖန်ဖန် တွေးတော နေမိပါရဲ့ကွယ်။ တကယ်တော့ ကိုကြီးနဲ့ မိပန်တို့နှစ်ယောက်ရဲ့
ဆုံစည်းမှုဟာ အတော့်ကို ရိုးစင်းခဲ့ပါရဲ့။ စာဖတ် ဝါသနာပါတဲ့ ညီမလေးနဲ့ အိမ်မှာ
စာအုပ်အငှားဆိုင်လေး ဖွင့်လှစ်ထားခဲ့တဲ့ ကိုကြီးတို့အပေါ် ကံကြမ္မာဟာ ပြုစား ရက်ခဲ့တယ်နော်။
ကိုကြီးရဲ့ စာအုပ်ဆိုင်လေး ရှိရာဆီ ညနေတိုင်း အချိန်မှန် ရောက်လာတတ်တဲ့ ညီမလေးကို
ခုတော့ ကိုကြီးဆိုတဲ့ လူတစ်ယောက်က မျှော်နေတတ်ခဲ့ပြီပေါ့။

အဲဒီ
“ကိုကြီး” ဆိုတဲ့ နာမည်ကို စပြီးပေးခဲ့တာ ဘယ်သူလဲ ဆိုတာကိုလည်း ညီမလေးတစ်ယောက်
သတိမှ ရပါလေစ။ အဲဒီနေ့ကပေါ့ ရုတ်တရက် ဆိုင်ထဲဝင်လာတဲ့ အရိပ်တစ်ခုကြောင့် စာအုပ်
စာရင်းရေး နေရာက မော့ကြည့်မိတော့ “ကိုကြီး ဒီလထုတ် “.....”မဂ္ဂဇင်း ရပြီလား။ မိပန် မှာထားတာ
နှစ်ရက် တောင်ရှိပြီ။ ခုထိ မဖတ်ရ သေးဘူး” တဲ့။

တကယ်တော့
စောစော ကလေးကတင် ပြန်ပြီးလာ အပ်သွားတဲ့ “....”မဂ္ဂဇင်းက ကိုကြီးရဲ့
စားပွဲအံဆွဲထဲမှာ ရှိနေခဲ့ပါတယ်။ ဒီနေ့အတွက် ဘယ်သူ့ကိုမှ မငှားတော့ဘဲ အေးအေးဆေးဆေး
ဖတ်မယ် ဆိုတဲ့ စိတ်ကူးတွေနဲ့ပေါ့။ ဒါပေမယ့် ကိုကြီးရဲ့လက်တွေက အံဆွဲကိုအလိုလို
ဖွင့်မိရက်သား ဖြစ်သွားခဲ့ပြီ။ ခါတိုင်းတော့ အမှုမဲ့ အမှတ်မဲ့မို့ ညီမလေးကို
သတိမထားခဲ့ မိပေမယ့် ဒီနေ့ အဖို့ရာမှာတော့ ညီမလေးက ကိုကြီးရဲ့ ရင်ထဲကို သံယောဇဉ်
မြားတစ်စင်းနဲ့ စတင်ပစ်ခွင်းလို့ သွားခဲ့ပြီလေ။ အဲဒီ အချိန်ကတည်းက ညီမလေး
ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းဟာ ကိုကြီးရဲ့ ရင်ထဲ အချစ်ရဲ့ မြစ်တစ်စင်း အနေနဲ့
ညင်ညင်သာသာ စီးဝင်လို့ သွားခဲ့ရပါပြီ။

အရပ်အမောင်း
အသင့် အတင့်နဲ့ ညီမလေးရဲ့ ခန္ဓာကိုယ် ခပ်သွယ်သွယ်မှာ စပြီး သတိ ထားလိုက်မိတာက ညီမလေး
ရဲ့မျက်နှာပေါ်မှာ ထင်ထင်ရှားရှား ဖြစ်တည်နေတဲ့ ဖြောင့်စင်း ပေါ်လွင်တဲ့ နှာတံကလေးနဲ့
သေသပ်လှပတဲ့ နှုတ်ခမ်းပါးပါး လေးတွေကိုပါပဲ။ အဲဒီ နှုတ်ခမ်းပါး တွေထဲက ထွက်ကျလာတဲ့
ခပ်စာစာ၊ ခပ်စွာစွာနဲ့ အသံကလေး ကလည်း နားထောင်လို့ ကောင်းနေခဲ့ပါရဲ့ ညီမလေး မိပန်။
အသက် ၁၈ နှစ်၊ ၁၉ နှစ် အရွယ် ကောင်မလေး တစ်ယောက်က ဆယ်စုနှစ် သုံးစုလောက်
ဖြတ်သန်းပြီးသား လူတစ်ယောက်ကို ခေါ်ဝေါ် သုံးစွဲလိုက်တဲ့ အဲဒီ ပထမဆုံး ဗျည်းအက္ခရာ
စကားလုံးလေး နှစ်လုံးအတွက်တော့ ထာဝရ ကျေးဇူးတင်မိပါရဲ့ ကိုကြီးရဲ့ မိပန်ရေ။

ဒီလိုနဲ့
ညနေတိုင်း စာအုပ် ဆိုင်ကလေးထဲမှာ ဆုံတွေ့ ဖြစ်ကြတဲ့ ကိုကြီးနဲ့ ညီမလေးတို့ လူချင်း
ပိုမိုခင်မင် ရင်းနှီး လာခဲ့ရသလို သံယောဇဉ်ကြိုး ကလည်း တစ်ကြိုးပြီး တစ်ကြိုး
ထပ်တိုး ရစ်ချည်လို့ နေခဲ့ကြပြီပေါ့။ ညီမလေး ပြောပြလို့ ကိုကြီး သိခဲ့ရတာတွေလေ။

“မိပန်
ဆိုတဲ့ ကောင်မလေး တစ်ယောက်ဟာ နယ်က တက္ကသိုလ် တစ်ခုမှာ ပညာ သင်ကြားနေတဲ့ ပထမနှစ်
ကျောင်းသူ တစ်ဦးဖြစ်တဲ့ အကြောင်း၊ ကျောင်းပိတ်တုန်း ရန်ကုန်က အဒေါ်တွေဆီကို ခဏ လာလည်တဲ့
အကြောင်း၊ ပြီးတော့ စာဖတ် ဝါသနာပါတဲ့ အကြောင်း၊ သင်္ကြန်ပြီးရင် ပြန်မယ်ဆိုတဲ့
အကြောင်းတွေနဲ့ အတူ ခုချိန်အထိ ချစ်ရမယ့်သူ (ရည်းစား) လည်း မရှိသေးတဲ့ အကြောင်း၊
ကိုကြီးကိုလည်း တကယ် ခင်မင်ပါကြောင်း” တို့ပေါ့။ မိပန်က သွက်လက် ချက်ချာတဲ့
ကလေးတစ်ယောက် ဆိုတော့ အဲသလိုကိုကြီးသိချင် တာတွေက မိပန်ကို မမေးရဘဲ အလိုလို သိခဲ့ရပေမယ့်
ကိုကြီးရဲ့ ကိုယ်ရေးကိုယ်တာ တွေနဲ့ ပတ်သက်ပြီးတော့ ညီမလေး အလိုမကျ ခဲ့ရဘူးနော်။

“ကိုကြီး
အကြောင်း တွေကျတော့ မိပန်ကို မပြောပြဘူး။ တော်ပြီ ကိုကြီးရဲ့ ဆိုင်ကို နောက်နေ့
မလာတော့ဘူး” ဆိုတဲ့ စူစူအောင့်အောင့်နဲ့ စိတ်ကောက်တဲ့ ဟန်ကလေးက တကယ့်ကို
ချစ်စရာကောင်းပါရဲ့ ညီမလေး မိပန်။ တကယ်တော့ အခြေအနေတွေက ပုံမှန်အတိုင်း ဆိုရင်
ကိုကြီးနဲ့ မိပန်တို့ နှစ်ယောက် ဒီလောက်အထိ မြန်မြန် ဆန်ဆန်ကြီး ခင်မင် ရင်းနှီးသွားစရာ
အကြောင်း မရှိပါဘူး။ တစ်ရက် ကိုကြီးရဲ့ဆိုင်ထဲမှာ မိပန် ရောက်နေတုန်း ကိုကြီးရဲ့
စာပေမိတ်ဆွေ တစ်ယောက်ဝင် လာပြီး ကိုကြီးကိုတွေ့တာနဲ့ တစ်ပြိုင်နက် “ပြီးခဲ့တဲ့ လက
“......”မဂ္ဂဇင်းမှာ ပါခဲ့တဲ့ ခင်ဗျားရဲ့ ဝတ္ထုလေးကို “.....” ဂျာနယ်မှာ ချီးကျူး
ထားတာ ကျွန်တော် ဖတ်ခဲ့ရတယ်” ဆိုပြီး ကိုကြီးကို သတင်းစကား ဝင်ပေး သွားခဲ့တာလေ။

ကိုကြီးရဲ့
မိတ်ဆွေ စာအုပ်ဆိုင်လေးထဲက ပြန်လည် ထွက်ခွာ သွားချိန်မှာ ပျော်ရွှင် ဝမ်းမြောက်စွာနဲ့
ကိုကြီးရဲ့ ဘေးနားကို ရောက်လာတာ ညီမလေးမိပန်က လွဲလို့ ဘယ်သူများ ဖြစ်နိုင်
ပါဦးမလဲ။ ကျေနပ် ပျော်ရွှင်တဲ့စိတ်က တစ်ဝက်၊ မကျေမနပ် စိတ်ကောက်တဲ့ ဟန်ပန်က တစ်ဝက်နဲ့
“ဟွန်း ကိုကြီးက စာရေးဆရာ “.....” ဆိုတာ ဘာလို့ မိပန်ကို ပြောမပြရ တာလဲ။
မိပန်ကတော့ ကိုကြီးရဲ့ ဝတ္ထုတွေကို စောင့်ပြီး ဖတ်လိုက်ရတာ။ အားပေး လိုက်ရတာ။
ကိုကြီး မိပန်ကို တကယ် မခင်ပါဘူး” ဆိုပြီး နှုတ်ခမ်း မစူတတ်ဘဲစူ၊ စိတ် မကောက်တတ်ဘဲ
ကိုကြီးကို စိတ်ကောက် ပြနေခဲ့တာလေ။ နောက်ဆုံး ကိုကြီးက ချော့ လိုက်တော့လည်း ညီမလေး
ကျေနပ်သွားရတာပဲ မဟုတ်လား မိပန်။

ကိုကြီးဟာ
ညီမလေး နှစ်သက် သဘောကျတဲ့ စာရေး ဆရာတစ်ယောက်မှန်းလည်း သိပြီးရော အဲဒီနေ့ကစပြီး
ညီမလေးရဲ့ သံယောဇဉ်နဲ့ ချစ်ခြင်း တရားတို့ဟာ ကိုကြီး အပေါ်ကို အကုန်ပြိုဆင်းလာ
တော့တာပဲ။ ဒါပေမယ့် ညီမလေးက ကလေး၊ ကိုကြီးက လူကြီးလေ မိပန်ရဲ့။ မကွယ်မဝှက် ဝန်ခံကြ
စတမ်းဆိုရင် ကိုကြီးကလည်း ညီမလေးကို ချစ်ပါတယ်ကွယ်။ ကိုကြီးလေ မိပန်ကို ချစ်လွန်းလို့ကို
မိပန်အပေါ် မရက်စက်ချင်ဘဲ ရက်စက်ခဲ့ရတယ်ဆိုတာ အဲဒီတုန်းကတော့ ညီမလေး ဘယ်နားလည် နိုင်ပါဦးမလဲ။

“ကိုကြီး
မိပန်ကို ဆိုင်လာတိုင်း အပျော်ဖတ်တွေချည်း သိပ်ဖတ်မနေနဲ့။ ဘဝအတွက် အကျိုးရှိမယ့်
စာတွေလည်း ဖတ်ဦးဆိုပြီး ဆရာ လုပ်နေကတည်းက ကိုကြီးကို စာရေးဆရာမှန်း မိပန်သိခဲ့ဖို့
ကောင်းတယ်နော်။ ဟင်း ခုတော့ ကိုကြီးဟာ စာရေး ဆရာမှန်း သူများပြောမှ သိရတဲ့ ဘဝ”
လို့ သတိရတိုင်း မိပန်က ကိုကြီးကို စကားနာ ထိုးထိုး နေတတ်သေးတာလေ။

ခုဆို
ကိုကြီးနဲ့ မိပန်တို့ တွေ့ဆုံရင်းနှီးခဲ့ကြတာ နှစ်လတင်းတင်း ပြည့်ပြီပေါ့။ အဲဒီနေ့
ညနေက မိပန်ပြောခဲ့တဲ့ စကားလေးကို ကိုကြီးရဲ့နားထဲ မှာ ခုအချိန်ထိကြားယောင်နေ
ဆဲပါဆိုတာ ယုံပါ မိပန်ရယ်။

“ကိုကြီးနဲ့
မိပန်တို့ ခင်ခဲ့ကြတာ နှစ်လ ပြည့်ပြီနော်တဲ့။ ဒါပေမယ့် မိပန်ရင်ထဲမှာ ကိုကြီးကို
လွန်ခဲ့တဲ့ ဆယ်နှစ် လောက်ကတည်းက ခင်မင် ရင်းနှီးခဲ့ကြတဲ့ လူတစ်ယောက်လို ဖြစ်နေတယ်
ကိုကြီးရဲ့” လို့ မိပန်က ကိုကြီးကို ပြောခဲ့တာလေ။ အဲဒီညက ကိုကြီး တစ်ညလုံး
အိပ်မပျော်နိုင်ခဲ့ပါဘူး ညီမလေး မိပန်။

လွတ်လပ်
ပွင့်လင်းပြီး ရိုးသားတဲ့ မိပန်ရဲ့ ရယ်သံ လွင်လွင်ကလေးတွေ အောက်မှာ ကိုကြီးရဲ့
ဒဏ်ရာရ နှလုံးသားဟာ တစ်စထက်တစ်စ အရည် ပျော်ကျနေခဲ့ရပြီ ဆိုတာကို ကိုကြီးက လွဲလို့
ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူးကွယ်။

အမြဲတမ်းလိုလို
လွမ်းရိပ်၊ ဆွေးရိပ်တွေနဲ့ ယှက်သန်း နေတတ်တဲ့ ကိုကြီးရဲ့ မျက်ဝန်းတွေကို တစ်ညနေ
ခင်းမှာတော့ ညီမလေးက ဖွင့်ဖောက်ပြီး အကုန်အစင် ဖတ်ရှုပစ်လိုက်ဖို့ ကြိုးစားခဲ့သေး
တယ်နော်။ မသိမသာနဲ့ လွှဲ ရှောင်သွားခဲ့တဲ့ ကိုကြီးရဲ့ အဖြေစကားတွေအပေါ် မိပန်
မကျေနပ်ခဲ့ဘူး ဆိုတာကိုလည်း ကိုကြီး သိနေခဲ့ပါတယ်။ ကိုကြီးဟာ တစ်ဦးတည်းသောသား
ဖြစ်တယ်ဆိုတဲ့ အကြောင်းရယ်။ မိခင်မုဆိုး မကြီးနဲ့ အတူနေပြီး စာရေး၊ စာဖတ် အလုပ်နဲ့
ကိုကြီးမြတ်နိုးတဲ့ ဟောဒီ စာအုပ်အငှား ဆိုင်ကလေးကို ဖွင့်လှစ်ထားတယ် ဆိုတဲ့
အကြောင်းရယ်၊ တက္ကသိုလ်က ဘွဲ့တစ်ခု ရခဲ့တယ် ဆိုတာရယ်။ တစ်ချိန်က (ကျောင်းသား ဘဝတုန်းက)
ဆံပင် အရှည်ကြီး ထားခဲ့ဖူးတယ် ဆိုတဲ့ အကြောင်း တွေကလွဲပြီး ညီမလေးက ဘာတွေကို
ထပ်ပြီး သိချင်နေ သေးတာလဲ။

“ကိုကြီးကို
ကြည့်ရတာ ရည်းစားဦးနဲ့ လွဲလို့ စိတ်ညစ် နေတဲ့ မုဆိုးဖိုကြီး တစ်ယောက် နဲ့တူတယ်” လို့
ကိုကြီးကို မိပန်စတဲ့ နေ့တုန်းက ကိုကြီးမှာ ရယ်လိုက်ရတာ။ ကိုကြီး ဘဝမှာ အဲသလို
ဟက်ဟက် ပက်ပက် မရယ်တတ်တော့တာ အတော်ကို ကြာခဲ့ပါပြီ ညီမလေးရယ်။ ပြောလည်း
ပြောတတ်ပါပေရဲ့။ ကိုကြီးက ရည်စားဦးနဲ့ ကွဲတဲ့အပြင် မုဆိုးဖိုပါ ထပ်ဖြစ်ရဦးမယ့်
ညီမလေးရဲ့ဟာသကို တွေးမိတိုင်း ကိုကြီး ပြုံးနေမိပါ တယ်။

တည်ငြိမ်ချင်
ယောင်ဆောင်ထားတဲ့ ရေပြင်ကိုမှ ဘာလို့ မွှေနှောက် ပစ်ချင်ရတာလဲ ညီမလေးရယ်။
ကိုကြီးနဲ့ မင်းနဲ့ကြားက ပေါက်ကွဲလုလု ဖြစ်နေတဲ့ “သံယောဇဉ်ဗုံး” ကို ဘာလို့ စနက်တံ
ဖြုတ်ပစ် ချင်ရတာလဲ မိပန်။ တို့နှစ်ယောက်ရဲ့ အချစ်က အပျက်အစီး အဆုံး
အရှုံးများလွန်း လှချည်လား ညီမလေး မိပန်။

“မိပန်တို့
သင်္ကြန် လျှောက်လည်မှာ။ ကိုကြီးရော လိုက်ခဲ့မလား” လို့ မေးလာတဲ့ အချိန်မှာတော့ ခေါင်းကို
ဖြည်းညင်းစွာ ခါယမ်းပြရုံက လွဲလို့ ကိုကြီးဘက်က ဘာများ ပြောစရာ ရှိနေမှာလဲ။

“ရေး၊
ရေး အဲဒီအလွမ်း အဆွေးစာတွေပဲ ရေးဖို့ ကြိုးစားနေ။ ကိုယ့်ညီမလေးကို အလိုလိုက်ဖို့
မစဉ်းစားနဲ့။ ကိုကြီး လိုက်လိုက်၊ မလိုက်လိုက် မိပန်ကတော့ လည်မှာပဲ။ သင်္ကြန်ပြီးရင်
မိပန်ပြန် တော့မှာ ဆိုတာကိုတော့ ကိုကြီး မမေ့ပါနဲ့” ဆိုတဲ့ မိပန်ရဲ့ နှလုံးသား ခံစားချက် အပြည့်နဲ့
ထုတ်လွှင့်လိုက်တဲ့ သံယောဇဉ်လှိုင်းတွေကို ကိုကြီးရဲ့ နှလုံးသားကလည်း အပြည့်အဝ

ဖမ်းယူခံစား နားလည် နိုင်ခဲ့ ပါတယ်ကွယ်။

ဒီလို
သင်္ကြန်အကြိုနေ့ ညနေခင်းမှာတော့ ကိုကြီးဆီကို မိပန် ရောက်လာခဲ့သေး တာပဲ မဟုတ်လား။
စာအုပ် ဆိုင်ပိတ်ထားပြီး ဆိုင်ကလေးရဲ့ ရှေ့မှာ ခုံကလေးတစ်လုံးနဲ့ လမ်းမကို
ထိုင်ငေးနေတဲ့ ကိုကြီးဆီကို ညီမလေး ရောက်လာ ခဲ့တာလေ။ တကယ်တော့ ကိုကြီး ထိုင်နေတာ
မဟုတ်ပါဘူး။ မျှော်နေ မိတာပါ။ မိပန်ဆိုတဲ့ ညီမလေး တစ်ယောက်ကို မျှော်နေမိတာပါ
ညီမလေး မိပန်။

“ဟေ့
ကိုကြီး ဆိုင်ရှေ့ ထွက်ပြီး ဘယ်သူ့ကို မျှော်နေတာလဲ။ မိပန်ကိုလား။ ဟား ဟား မိပန်ကိုတော့
မျှော်မှာ မဟုတ်ပါဘူး။ ဟိုဘက်လမ်းက အပျိုကြီး မမခိုင်ကို မျှော်နေတာ မဟုတ်လား”
ဆိုပြီး နောက်နေသေးရဲ့။ ကိုကြီးကတော့ ဘာမှ ပြန်မပြောဘဲ မိပန်ကိုပဲ ငေးပြီးကြည့်နေ
မိတယ်။

“ကဲ
ကိုကြီးထ၊ မိပန် ကိုကြီးကို ရေလောင်းဖို့ လာတာ။ နောက်နေ့တွေ မိပန်က လျှောက်လည်မှာ
ဆိုတော့ ကိုကြီးကို ရေလာလောင်းဖို့ အချိန်ရမှာ မဟုတ်ဘူး” လို့ ပြောပြောဆိုဆိုနဲ့
ခုံကလေးပေါ် ထိုင်နေတဲ့ ကိုကြီးကို မိပန်က အတင်းဆွဲထူတော့ တာပဲ။ အိမ်ရှေ့ ရေစည်ပိုင်း
ထဲကနေ ရေခွက်နဲ့ ရေအပြည့်ခပ်ပြီး မိပန်က ကိုကြီးကို ရေလောင်းဖို့ ပြင်နေတယ်။
ပြီးတော့လည်း ပြောသေးတယ်။

“ကိုကြီးကို
ရေလောင်း ဖို့ သက်သက် လာခဲ့တာ မဟုတ်ဘူးနော်။ စကားလည်း ပြောစရာရှိတယ်။ မိပန်ကို
ကိုကြီး ထင်ချင်သလို ထင်နိုင်တယ်။ အထင်သေးချင်လည်း သေးနိုင်တယ်။ ပြောစရာ ရှိတာတော့
ပြောရမှာပဲ” ဆိုပြီး မိပန်က ကိုကြီးကို ချစ်တဲ့ အကြောင်း၊ အရင်က ကိုကြီး ဘယ်သူနဲ့ တွဲခဲ့တွဲခဲ့၊
ဘယ်သူနဲ့ပဲ ကွဲခဲ့ကွဲခဲ့ ဂရု မစိုက်ဘူး ဆိုတဲ့ အကြောင်းတွေ အပြင် မိပန် အတွက်တော့
ကိုကြီးက အချစ်ဦးနဲ့ နောက်ဆုံး ချစ်သူဖြစ်တာ သေချာကြောင်း၊ မိပန်ရဲ့ အသက် ၁၉ နှစ်
ပြည့်ပြီးပြီမို့ ကလေးလည်း မဟုတ်တော့ကြောင်း၊ အထူးသဖြင့် စိတ်ကစားပြီး ထင်ရာမြင်ရာ
လျှောက်ပြော နေတာလည်း မဟုတ်ကြောင်း ကိုကြီးကို ရေတစ်ခွက်ပြီး တစ်ခွက် လောင်းရင်း
အားပါးတရ ပြောသွား ခဲ့တာတွေလေ။

အဲသလို
တစ်ယောက်တည်း ပြောချင်တာတွေ ပြောပြီး အချိန်တန်တော့ အိမ်ပြန်သွားတာလည်း ညီမလေးပဲ
မဟုတ်လား မိပန်။ အဲဒီညက ကိုကြီး ဖျားသွားတယ် မိပန်ရဲ့။ နှာစေး၊ ချောင်းဆိုး၊
အအေးမိပြီး တစ်ကိုယ်လုံး ချစ်ချစ်တောက်ပူအောင် ဖျားတဲ့ အဖျားတော့ မဟုတ်ဘူး။
နှလုံးသား တစ်ခုတည်းကို ကွက်ပြီး ရာနှုန်းပြည့် ရွာသွန်းသွားတဲ့ အချစ်မိုးတွေကြောင့်
နာဖျားရတဲ့ နှလုံးသား အဖျားပါ ညီမလေး မိပန်။ နှစ်ဆန်းတစ်ရက်နေ့ မနက်မှာ ဘုရားကို
သွားမယ်။ ပြီးရင် ကိုကြီးရဲ့ ပါးစပ်က ဖွင့်ဟဝန်ခံတဲ့ “မိပန်ကို ချစ်တယ်”
ဆိုတဲ့စကားကိုလည်း ကြားချင်တယ် ဆိုတဲ့ ညီမလေး မိပန်ရေ။ အနာဂတ်တွေကို ကြောက်တဲ့
ကိုကြီးကိုမှ ဘာဖြစ်လို့များ အနာဂတ်တွေနဲ့ လာပြီး ခြိမ်းခြောက် နေရတာ လဲကွယ်။

အဲဒီနေ့က
စပြီး စာအုပ် ဆိုင်ကလေးကနေ ရုတ်တရက် ပျောက်သွားတဲ့ ကိုကြီးကို မိပန် နားလည် နိုင်ပါ့မလား။
ခွင့်မလွှတ်နိုင်ရင်လည်း ရှိပါစေတော့။ အမေပြန်ပြောလို့ ကိုကြီး သိခဲ့ရပါတယ်။ နှစ်
ဆန်းတစ်ရက်နေ့ မနက်မှာ ကိုကြီးဆီကို ညီမလေး ရောက်လာတဲ့ အကြောင်း၊ နယ်ကို ပြန်ခါနီး
တစ်ခေါက် ထပ်လာပြီး နှုတ်ဆက်သွားတဲ့ အကြောင်းနဲ့ အမေ့ကိုလည်း မိပန်က “မိပန်
ကိုကြီးကို မြတ်နိုး တန်ဖိုးထား သလောက် ကိုကြီးက မိပန်ကို အလေး မထားဘူး” ဆိုပြီး
ရင်ဖွင့် သွားတဲ့ အကြောင်း၊ အမေကလည်း ဘာမှ သိမထားခဲ့တဲ့ အတွက် ဘာမှပြန်မပြော
လိုက်နိုင်တဲ့ အကြောင်းတွေ အကုန်လုံး ကိုကြီး ကြားသိနေ ခဲ့ရပါတယ် ညီမလေး မိပန်။

ကိုကြီးရဲ့
အကြောင်းတွေကို မိပန်မေးတိုင်း ဘာကိုမှ ရေရေရာရာ အဖြေမပေး နိုင်ခဲ့တာကို မိပန်
မကျေနပ်ခဲ့ဘူး မဟုတ်လား။ တကယ်တော့ ကိုကြီးဟာ လောကကြီးထဲမှာ အချိန်ကာလ အကန့်အသတ်
တစ်ခုနဲ့သာ ရှင်သန်လှုပ်ရှား ရတော့မယ့် ကျိန်စာသင့် လူသားတစ် ယောက်ပါ ညီမလေးရယ်။
အဲဒီကျိန်စာဟာ ကိုကြီး မလိုချင်ဘဲနဲ့ ရခဲ့တဲ့ ကံကြမ္မာဆိုး တစ်ခုသာ ဖြစ်တယ်
ဆိုတာကိုတော့ ယုံကြည်ထားလိုက်ပါ ညီမလေး မိပန်။ လိုချင်လို့ ကြိုးစားခဲ့တဲ့
ဆုလာဘ်တစ်ခု မဟုတ်ခဲ့တာတော့ တကယ့်ကို သေချာ နေခဲ့ပါရဲ့ကွယ်။

လွန်ခဲ့တဲ့
၅ နှစ် ကိုကြီးရဲ့ အသက်အစိတ်လောက် တုန်းကပေါ့။ ကိုကြီးဘဝမှာ အမြတ်တနိုး တန်ဖိုး ထားခဲ့ရတဲ့
ကိုကြီးရဲ့ ချစ်ဦးသူဟာ ရုတ်တရက်ကား မတော်တဆ ဖြစ်မှုနဲ့ ဆုံးပါး သွားခဲ့ရတယ်။
အဲဒီအဖြစ်အပျက်ကို အဲဒီအချိန်မှာ ကိုကြီးရဲ့ နုနယ်တဲ့ နှလုံးသားက ဘယ်လိုမှ လက်ခံနိုင်စွမ်း
မရှိခဲ့ဘူး။ ဒီကြမ္မာ ဆိုးကြီးက ကိုကြီးကို အမြဲတမ်း အရိပ်လိုလိုက်ပြီး ခြောက်လှန့်
နှောင့်ယှက်နေခဲ့ တယ်လေ။

ဘယ်တုန်းကမှ
အရက် မသောက်ခဲ့တဲ့ ကိုကြီးဟာ အဲဒီကာလမှာတော့ အရက်ကို နေ့ရောညပါ သောက်ပြီး မူးရူးနေတဲ့
အချစ်ရူးကြီး တစ်ယောက်ပေါ့။ အဲသလို နေ့ည ဆက်ပြီး မူးရူးနေတဲ့ ကိုကြီးဟာ
တစ်ညမှာတော့ “ရှော့” ရသွားခဲ့တယ်။ တစ်လ လောက်နီးပါး နေ့ညမပြတ် ဆက်တိုက် သောက်လာခဲ့တဲ့
အရှိန်ရယ်၊ အဲဒီနေ့က အရက်ဆိုင်မှာ ကိုကြီးရဲ့ ဘေးကဟို ဘက်ဝိုင်းနဲ့ ဒီဘက်ဝိုင်း စကားများ
ရန်ဖြစ်ကြရာကနေ သူတို့ထဲက တစ်ယောက်က လူမှားပြီး ကိုကြီးရဲ့ ခေါင်းကို ခုံစောင်းနဲ့
အားပါးတရ ရိုက်နှက်သွားခဲ့တဲ့ ဒဏ်ရာ ဒဏ်ချက်တွေရယ် ပေါင်းပြီး ခေါင်းမှာ
သွေးစက်လက်နဲ့ ဆေးရုံပေါ် ကိုကြီးရောက်ခဲ့ ရတယ်။ အဲဒီအချိန်မှာ ကိုကြီးဘာကိုမှ
မသိမမြင်နိုင်တော့ ပါဘူး။ သတိလစ် မေ့မျောလို့ သွားခဲ့ ရပြီလေ။

အဲဒီကတည်းက
တစ်ခါတည်း သေသွားလည်း ကောင်းသားပဲ ညီမလေး မိပန်။ အဲဒါဆို အမေလည်း ကိုကြီးအတွက်
အခုလောက် စိတ်ဆင်းရဲနေရမှာ မဟုတ်ဘူး။ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ တစ်ဘဝစာ ရိုးရိုးလေး
ဇာတ်သိမ်း သွားရုံပဲပေါ့။ အဲဒီညက ကိုကြီးရဲ့ ဘေးနားမှာ တစ်ချိန်လုံး ရှိပြီး
ကိုကြီးရဲ့ အသက်ကို ကယ်ခဲ့သူက ကိုကြီးရဲ့ အချစ်ဆုံး သူငယ်ချင်း “စိုးအောင်” ပေါ့။
ကိုကြီးရဲ့ ခေါင်းဒဏ်ရာက သွေးမတိတ် နိုင်တဲ့အတွက် သွေးသွင်းဖို့ လိုလာခဲ့ပြီလေ။

ကိုကြီးရဲ့
သွေးက “အို” သွေး ညီမလေးရဲ့။ တိုက်တိုက်ဆိုင်ဆိုင် “စိုးအောင်” ရဲ့ သွေးကလည်း
“အို” သွေးပဲမို့ အဲဒီညကတော့ ကိုကြီးရဲ့အသက် ချမ်းသာရာ ရခဲ့ပါရဲ့ ညီမလေးရယ်။
ကိုကြီးရဲ့ သူငယ်ချင်း “စိုးအောင်” ဟာ ကိုကြီးရဲ့ “အသက်သခင် ကျေးဇူးရှင်” ဆိုတာ
တကယ် အစစ်အမှန်ပါ ညီမလေး မိပန်။ ဘာလို့လဲ ဆိုတော့ ကိုကြီးမှာက “စိုးအောင်ပေးတဲ့
အသက်” ပဲ ရှိတော့တာ မဟုတ်လား။

ဒါပေမယ့်
သူငယ်ချင်း စိုးအောင်က ကိုကြီးကို သက်တမ်းစေ့ ရှင်သန်ခွင့်ကိုတော့ မပေးအပ်
နိုင်ခဲ့ ပြန်ဘူးလေ။ လွန်ခဲ့တဲ့ သုံးနှစ်လောက် ကတည်းက ကိုကြီးရဲ့ သူငယ်ချင်း
စိုးအောင်က ဆုံးပါး ကွယ်လွန် သွားခဲ့ရပါပြီ။ သူငယ်ချင်း ဆုံးသွားလို့ ဝမ်းနည်း
ကြေကွဲရသလို ကိုကြီး ရဲ့ဘဝအတွက်လည်း ကြေကွဲဝမ်းနည်း စရာတွေက အဲဒီအချိန်ကစပြီး
ဖြစ်တည်လာခဲ့ တော့တာ ပါပဲ။

စိုးအောင်
အသက်နှစ်ဆယ် အရွယ် လောက်တုန်းက မူးယစ်ဆေးဝါး သုံးစွဲဖူးတဲ့ လူတစ်ယောက် ဖြစ်ခဲ့ဖူး
တယ်လေ။ အခုတော့ ဆေးထိုးအပ်ကနေ တစ်ဆင့် ကူးစက်ရရှိ ခဲ့တဲ့ HIV Positive (+) ဗိုင်း
ရပ်စ်ပိုး တွေက စိုးအောင်ရဲ့ ခန္ဓာတစ်ခုလုံးကို မွှေနှောက် ဖျက်ဆီးသွားခဲ့သလို
စိုးအောင်ရဲ့ သွေးနဲ့ အသက်ဆက်ပြီး ရှင်သန်ခဲ့ရတဲ့ ကိုကြီးရဲ့ ခန္ဓာကိုယ်ကိုလည်း အဲဒီမိစ္ဆာ
ဗိုင်းရပ်စ်ပိုး တွေက ဆက်လက် ပြီး တိုက်ခိုက် ဖျက်ဆီးပစ်ဖို့ အားယူနေကြပြီ ညီမလေး
မိပန်ရယ်။

ဘဝမှာ
တတ်စွမ်းသမျှ ဖြူဖြူစင်စင် နေထိုင်ရှင်သန် ခဲ့ပေမယ့် ကံကြမ္မာက ကိုကြီးတို့ကို
လှည့်စား သွားခဲ့ပြီမို့ နားလည် ခွင့်လွှတ်ပေးနိုင် အောင်ပဲ ကြိုးစားပါတော့ ညီမလေးရယ်။
ဘဝရဲ့ နေရသခိုက် လက်ကျန်အချိန် ကာလ အခိုက်အတန့် ကလေးအတွင်းမှာ ကိုကြီးချစ်တဲ့
စာပေအနုပညာနဲ့ နှလုံးသား ခံစားမှုတွေကို တတ်နိုင်သမျှ ရေးဖွဲ့ပြီး ကိုကြီးလျှောက်ရမယ့်
လမ်းကို ကိုကြီး ရဲရဲရင့်ရင့် ရင်ဆိုင် ဖြတ်သန်း သွားပါ့မယ်ဆိုတဲ့ အကြောင်းကိုလည်း
ကိုကြီးကို စိတ်ဓာတ် ပျော့ညံ့ တယ်လို့ထင်ထားတဲ့ ညီမလေး သိအောင် ကိုကြီး ပြောခဲ့ပါရ
စေ။

ဝမ်းနည်း
အားငယ်ရမှုတွေ၊ စိတ်ရဲ့ အလိုမကျမှုတွေ၊ နှလုံးသားကို တတိတိကိုက်ဖြတ် တိုက်စား
နေမှုတွေနဲ့ ဟောဒီ ကမ္ဘာ လောကကြီးထဲမှာ ညီမလေး တစ်ယောက်တည်း ရင်ဆိုင်ဖြတ်သန်း နေရတာ
မဟုတ်ဘူး ဆိုတဲ့ စကားကို နောက်ဆုံး အနေနဲ့ ပြောခွင့်ပြုပါတော့ ညီမလေး မိပန်။

ညီမင်းညို

Saturday, 27 February
2010 09:48

ရွှေအမြုတေ - ကိုကြီးရဲ့ ညီမလေး
မိပန်

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top