ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရသူများ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ်လည်း ဖြစ်သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရောက်ရန် သြစတြေးလျ နိုင်ငံသို့ နိုဝင်ဘာလ အတွင်း သွားရောက်မည် ဖြစ်ကြောင်း NLD ပါတီထံမှ သိရှိရသည်။
အဆိုပါ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဆစ်ဒနီမြို့တွင် ကျင်းပမည့် ကုလသမဂ္ဂ HIV/AIDS ညီလာခံသို့ တက်ရောက်မည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။
ယင်း ခရီးစဉ်ကို နိုဝင်ဘာ ၂၇ ရက် နေ့တွင် စတင်မည် ဖြစ်ပြီး ကင်ဘာရာ၊ မဲလ်ဘုန်းနှင့် ဆစ်ဒနီမြို့ တို့သို့ သွားရောက်မည် ဖြစ်ကြောင်း၊ ဒီဇင်ဘာလ ၂ ရက်နေ့တွင် မြန်မာနိုင်ငံ ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း NLD ပါတီက ထုတ်ပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ်တွင် ကုလသမဂ္ဂ၏ HIV/AIDS ဝေဒနာ ခံစားနေရ သူများ ခွဲခြား ဆက်ဆံမှု ပပျောက်ရေး ကိုယ်စားလှယ်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၀ ပြည့်နှစ်တွင် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်ပြီး ပထမဆုံး ဥရောပ ခရီးစဉ်အဖြစ် ၂၀၁၂ ခုနှစ်တွင် ဗြိတိန်နိုင်ငံ အပါအဝင် ဥရောပ ငါးနိုင်ငံသို့ သွားရောက် ခဲ့သည်။
ယင်းနောက် ၂၀၁၃ ခုနှစ်အတွင်း ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယားနှင့် ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်အတွင်း ဥရောပနိုင်ငံ သုံးနိုင်ငံနှင့် စင်ကာပူနိုင်ငံသို့ သွားရောက် ခဲ့သည်။ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် သည် အောက်တိုဘာလ အတွင်း အီတလီ၊ ပြင်သစ်၊ ဗြိတိန်၊ လူဇင်ဘတ်နှင့် ဘယ်လ်ဂျီယံနိုင်ငံ တို့သို့ ၁၆ ရက်ကြာ သွားရောက် ခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၅
The Voice Weekly - ကုလသမဂ္ဂ HIV/AIDS ပပျောက်ရေး ညီလာခံ တက်ရန် ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျ သွားမည်




