6
Jun

ကုသမှု (အမေးအဖြေ)

မေး။    ။ မြန်မာပြည်မှာ အေအိုင်ဒီအက်စ်ရောဂါသည်တွေကို ပြုစုကုသပေးတဲ့ ဆေးရုံရှိနေပါပြီလား။

ဖြေ။    ။ ရှိနေပါပြီ။ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ရှိတဲ့ ပြည်နယ်နှင့် တိုင်းဆေးရုံကြီးများနဲ့ မြို့နယ်ဆေးရုံတွေမှာ ခုခံအားကျဆင်းလို့ ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ ရောဂါဝေဒနာ အမျိုးမျိုး (ဥပမာ - တီဘီ အဆုတ်ရောဂါ၊ အူရောင်ရောဂါ၊ ဦးနှောက်ရောင်ရောဂါ) ကို ပျောက်ကင်း သက်သာအောင် ကုသပေးလျက် ရှိပါတယ်။ ရန်ကုန်မှာ ရှိတဲ့ ဆေးရုံတိုင်းမှာ အေအိုင်ဒီအက်စ် ရောဂါသည်တွေကို ပြုစု ကုသပေးပါတယ်။ မြောက်ဥက္ကလာပမြို့နယ်  ဝေဘာဂီ အထူးကု ဆေးရုံကြီးမှာလည်း အေအိုင်ဒီအက်စ်ရောဂါ အပြင် အခြားကူးစက်ရောဂါများကို ကုသပေးလျက် ရှိပါတယ်။

မေး။    ။ ဒီရောဂါကုသဖို့အတွက် ဘာဖြစ်လို့ ဆေးမရှိသေးတာပါလဲ။

ဖြေ။    ။ အိတ်အိုင်ဗွီ ရောဂါပိုးကို သေအောင်သတ်နိုင်တဲ့ ဆေးမတွေ့သေးလို့ အပျောက်ကုသနိုင်တဲ့ ဆေးမရှိသေးဘူးလို့ ပြောတာပါ။ ဒါပေမယ့် ခုခံအားကျသွားလို့ ပေါ်လာတဲ့ ရောဂါဝေဒနာ အမျိုးမျိုးကို ပျောက်ကင်းသက်သာအောင် ကုသပေးနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ ဥပမာ - တီဘီရောဂါ၊ ဝမ်းလျှောရောဂါ၊ ဦးနှောက်ရောင် ရောဂါ၊ မက်ခရု စတဲ့ ရောဂါတွေကို ကုသနိုင်တဲ့ ဆေးတွေ ရှိပါတယ်။ အဲဒီဆေးတွေအပြင် အိတ်ခ်ျအိုင်ဗွီပိုးတွေ ခန္ဓာကိုယ်အတွင်းမှာ မပျံ့ပွားအောင် ထိန်းထားနိုင်တဲ့ ဆေးတွေလည်း ရှိပါတယ်။ ရောဂါပိုးတွေ ထပ်မပွားတော့ လူနာရဲ့ အခြေအနေကို သက်သာစေတယ်။ ရောဂါလက္ခဏာတွေ ပေါ်လာတာ နှောင့်နှေးသွားမယ်။ တခြားရောဂါပိုးတွေ ဝင်လာမယ့် အန္တရာယ်ကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် အေအိုင်ဒီအက်စ် ဖြစ်တာနဲ့ ဘဝဆုံးပြီလို့ မဆိုနိုင်ပါဘူး။ ကျန်းမာရေး ဝန်ထမ်းတွေက အတိုင်းအတာ တစ်ခုအထိ ကူညီနိုင်ပါတယ်။

မေး။    ။ အေအိုင်ဒီအက်စ် ရောဂါဖြစ်ပြီး ဘယ်လောက်အသက်ရှည်ရှည် နေနိုင်ပါသလဲ။

ဖြေ။    ။ ရောဂါရဲ့ သဘာဝ ဖြစ်စဉ်ကို ကြည့်မယ်ဆိုရင် အိတ်ခ်ျအိုင်ဗွီပိုး ခန္ဓာကိုယ်ထဲ ရောက်ပြီး ၅ နှစ်ကျော် ၁၀ နှစ် အထိရောဂါလက္ခဏာ မပြသေးပါဘူး။ အဲဒီအချိန်မှာ လူကောင်းအတိုင်း ရှိနေပါမယ်။ အဲဒီနောက်ပိုင်း ရောဂါလက္ခဏာ ပေါ်လာပါမယ်။ အေအိုင်ဒီအက်စ် ရောဂါ လက္ခဏာပေါ်ပြီးရင် ၆ လမှ ၂ နှစ်အတွင်း သေဆုံးနိုင်ပါတယ်။ ရောဂါပိုးရှိမှန်း သိသိချင်း စနစ်တကျ ဆေးကုသမှု ခံယူမယ်၊ အနေအထိုင် ဆင်ခြင်မယ်၊ ကိုယ်ရောစိတ်ပါ ကျန်းမာအောင် ကြိုးစားမယ်ဆိုရင် အသက်ပိုရှည် တတ်ပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top