ဆွစ်ဇာလန်နိုင်ငံ
အခြေစိုက် Global Fund အဖွဲ့ကြီးက မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာကို ကူညီထောက်ပံရေး
အစီအစဉ်အတွက် လာမယ့် ၂ဝ၁ဝခုနှစ်မှာ အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်ထောင်ကျော် လျာထားတယ်လို့
ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။ အဲဒီအစီအစဉ်မှာ မြန်မာနိုင်ငံက ကူးစက်ရောဂါသုံးမျိုး
တိုက်ဖျက်ဖို့အတွက် ပါဝင်တယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး
Marcela Rojo ကပြောပါတယ်။
ဒီသီတင်းပတ်ထဲမှာ
Global Fund ရဲ့ အမှုဆောင်ဘုတ်အဖွဲ့ကနေ မြန်မာနိုင်ငံက အေအိုင်ဒီအက်စ်၊ တီဘီနဲ့ ငှက်ဖျားစတဲ့
ရောဂါသုံးမျိုးတိုက်ဖျက်ရေး အစီအစဉ်အတွက် လာမယ့် ၂ နှစ်တာ ကာလအတွင်း ငွေကြေးအကူအညီ
ထောက်ပံ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် ၂ဝ၁ဝ ခုနှစ် အကုန်မှာတော့ နောက်ဆက်တွဲ အကူအညီတွေ
ရရှိရေးအတွက် Global Fund အဖွဲ့နဲ့ ဆက်လက် ညှိနှိုင်းဆွေးနွေးရမှာ ဖြစ်ပါတယ်လို့ ပြောသွားပါတယ်။
မြန်မာစစ်အစိုးရရဲ့
ကန့်သတ်မှုတွေကြောင့် Global Fund အဖွဲ့ဟာ မြန်မာနိုင်ငံကို အကူအညီ ပေးနေတာတွေကို ၂ဝဝ၅
ခုနှစ်မှာ ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဘက်က လူသားချင်းစာနာမှုဆိုင်ရာ
အကူအညီတွေ လိုအပ်နေတဲ့အပေါ် တင်ပြ တောင်းခံလာတဲ့အတွက် သူတို့အနေနဲ့ ပြန်လည်ကူညီထောက်ပံဖို့
ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ Ms Rojo က ပြောပါတယ်။
မြန်မာအစိုးရ
အပါအဝင် လူမှုအဖွဲ့အစည်းတွေနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ရောဂါသုံးမျိုး
တိုက်ဖျက်ရေး အစီအစဉ်အတွက် လိုအပ်နေတဲ့ အကူအညီကို အဆိုပြုတောင်းခံ လာတာပါ။ ဒီနေရာမှာ
အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ ဘယ်လို ညှိနှိုင်းဆောင်ရွက်မလဲဆိုတာကို တင်ပြလာတဲ့အပေါ်မှာ
ကြည့်ပြီး အခုလို အကူအညီပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောပါတယ်။
Global
Fund အဖွဲ့အနေနဲ့ မြန်မာပြည်ကို ငွေကြေး အကူအညီပေးတဲ့နေရာမှာ အဓိက လိုအပ်နေသူတွေဆီကို
တိုက်ရိုက်ရောက်နိုင်ဖို့ နိုင်ငံတွင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်တဲ့ အစီအစဉ်ကတဆင့်
လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။
ကူးစက်ရောဂါသုံးမျိုး
တိုက်ဖျက်ရေးအကူအညီ မြန်မာနိုင်ငံကို ပြန်ပေးမည်




