လူတွေမဆင်ခြင်လို့ ဒီရောဂါတွေ ဖြစ်ရတယ်လို့ ပြောကြတာ များပါတယ်။ ဒါပေမယ့် ခြွင်းချက်တော့ ရှိတာပေါ့။ ဆင်ခြင်ရက်သားနဲ့ ရောဂါ ရကြသူတွေလည်း ရှိတယ်။ တကယ့် အဖြစ်အပျက်တွေ ရှိနေပါတယ်။ မဆီမဆိုင် ရောဂါတွေ ရသလို၊ သိက္ခာလည်း ကျရတာပေါ့။
HIV ပိုး ဆိုပြီး ဆေးစစ်ချက်ထွက်လာတော့ တုန်လှုပ်ကြတာပေါ့။ မကြောက်တဲ့ သူကတော့ ကိုယ့်အပြစ်နဲ့ ကိုယ်ပေါ့။ မဆင်ခြင်လို့၊ မစောင့်စည်းလို့၊ အပျော်လွန်လို့ ဖြစ်ကြရတာ။ ကမ္ဘာပေါ်မှာ ခုခါအား ကျဆင်း တဲ့ လေးလုံးရောဂါ AIDS ကို ပျောက်အောင် ကုသနိုင်တဲ့ ဆေးက မပေါ်သေးဘူး။ ကြိုးပမ်း ဖော်စပ်ကြတုန်းပဲ ရှိပါသေးတယ်။ သေသေချာချာ လေ့လာကြည့်ရင် တကယ် ကြောက်စရာ ကောင်းတဲ့ ရောဂါပါ။
ဒါပေမယ့် ရှေ့က ဆိုခဲ့သလို ဆင်ခြင်ရက်သားနဲ့ ကင်းရှင်းရက်သားနဲ့ ကံဆိုးမိုးမှောင် ကျပြီး ရောဂါ ကူးစက်ခံရ သူတွေလည်း ရှိနေတယ်။ ထူးဆန်းတာက သိက္ခာရှိ ကျောင်းထိုင် ဆရာတော် တပါး ကူးစက် ခံရ တာပဲ။ ဖြစ်စဉ်ကို မသိတုန်းကတော့ ဆရာတော်ကို အထင်လွဲတာပေါ့။ သိက္ခာဆိုတာ အဖတ်ဆယ် မရတော့ဘူး။ အဲဒီ ဖြစ်ရပ်က ရန်ုကုန်မြို့ ကမာရွတ်မြို့နယ်မှာ ဖြစ်ခဲ့တာပါ။ ဆရာတော်၇ဲ့ ဘွဲ့နဲ့ ကျောင်းတိုက် နာမည်ကို မပြောသင့်တာမို့ မပြောတော့ပါဘူး။ ဆရာတော်လည်း ဒီရောဂါနဲ့ ပျံလွန်တော်မူ သွားပါပြီ။ အဲဒီ ဖြစ်ရပ်ကို မကျေနပ်နိုင်တဲ့ ဆရာဝန် တစ်ဦးက သေသေချာချာ လေ့လာခဲ့လို့ အဖြစ်မှန်ကို သိရတာပါ။
ဖြစ်စဉ် အမှန်က ကြေကွဲစရာ ကောင်းတယ်လို့ ပြောရမလား၊ ထူးဆန်းတယ်လို့ ပြောရမလား၊ ကံဆိုးတယ်လို့ ပြောရမလားပေါ့။ ပြဿနာ အစကတော့ မောင်မောင်ဆိုတဲ့ သင်္ဘောသားက စတာပေါ့။ မောင်မောင်က သင်္ဘောသား ပီပီ နိုင်ငံခြားမှာ ပွေခဲ့၊ ရှုပ်ခဲ့တာပေါ့။ နောက်ဆုံးတော့ ကပ္ပလီမ တစ်ယောက်ဆီက ကူးစက်လာခဲ့တယ်။ မြန်မာပြည်ကို ပြန်ရောက်တော့ ရောဂါက ရင့်နေပြီ။ သင်္ဘော ကုမ္မဏီက သိလို့ ပြန်လွတ်လိုက်တာ။
အဲဒီ သင်္ဘောသား မောင်မောင်ခင်က မြန်မာပြည် ရောက်တော့ ရောဂါရင့်နေတဲ့ အတွက် သေဖို့ များနေပြီ။ ဒီလို HIV ပိုးရှိသူ ရောဂါ တခုခုဖြစ်ရင် ခံနိုင်ရည် မရှိတော့ဘူး။ ချောင်းဆိုးရင်လည်း မပျောက်တော့ဘူး။ ဖျားရင်လည်း အဖျားက မကျတော့ဘူး။ ဝမ်းသွားရင်လည်း မရပ်တော့ ဘူး။ မောင်မောင်ခင်က သေခါနီးမှာ နောင်တတွေ ၇လာတယ်။ ဘဝကူး ကောင်းအောင် အလှူဒါနတွေ လုပ်တယ်။ ရဟန်းဝတ်ပြီး သာသနာ့ဘောင်မှာ နေဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါကြောင့် သူနေတဲ့ ကမာရွတ်မြို့နယ်က ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ရဟန်းဝတ်ဖို့ စီစဉ်တယ်။ ဆရာတော်နဲ့ မရင်းနှီးပေမယ့် လှူမယ့် အစီအစဉ်တွေကိုတော့ ဆရာတော်က ခွင့်ပြုခဲ့တယ်။ ဘာကြောင့် သင်္ကန်းဝတ် ရတယ်ဆိုတာလည်း မစပ်စုခဲ့ဘူး။
ဒီလိုနဲ့ မောင်မောင်ခင် ရဟန်းဝတ်ဖို့ ဆံချကတုံး ရိတ်တာပေါ့။ မောင်မောင်ခင့် မိန်းမကတော့ အတွင်းသိ ဖြစ်နေတော့ မျက်ရည် ထိန်းလို့ မရဘူး။ ဒီခုခံအား ကျဆင်းတဲ့ ရောဂါနဲ့ သူယောက်ျား လူ့ပြည်မှာ ကြာကြာ မနေရတော့ဘူးဆိုတာ သိတယ်။ ခုလို ကုသိုလ်ကောင်းမှု လုပ်နေတာကို ကြည်နူးပီတိ ဖြစ်ပေမယ့် ဝမ်းနည်းမှုကို ဖုံးကွယ်လို့ မရတောတော့ အမှန်ပါ။ အဲဒီ HIV ပိုး ရှိတဲ့ မောင်မောင်ခင် ကတုံးရိတ်နေတုန်းမှာပဲ ဆရာတော်က ပြောတယ်။ သူ့ကို ရိတ်ပေးတဲ့။ ပြဿနာက အဲဒီမှာ စတာပေါ့။ HIV ပိုး၊ ခုခံအားကျဆင်းတဲ့ ရောဂါရှင် မောင်မောင်ခင်ရဲ့ ခေါင်းကို ကတုံးရိတ်ပြီးတော့ ဆရာတော်ခေါင်းကို ကတုံးရိတ်ပေးတာပေါ့။ အဲဒီမှာ ကတုံးရိတ်တဲ့ ဓားက တဆင့် ရောဂါတွေ ကူးတော့တာပါပဲ။
ဆရာတော်ဆီကို သင်္ဘောသားက တဆင့် ကူးစက်သွားတာ ရောဂါတစ်ခုတည်း မဟုတ်ဘူး။ ဒကာ၊ ဒကာမတွေ့ရဲ့ လေးစားကြည်ညိုမှုတွေ ပျက်ဆီးသွားတာလည်း တစ်ဦးက တစ်ဦး ကူးစက်ကြတော့ တာပဲ။ နောက် ဆုံးတော့ ဆရာတော်ကို အထင်မှား၊ အမြင်မှားပြီး စိတ်နဲ့ ပြစ်မှား မိတော့တာပေါ့။ အားလုံးလိုလိုက သိထားတာ ခုခံအား ကျဆင်းတဲ့ ရောဂါဆိုတာ အပျော်အပါး ကျူးတာက တဆင့် ကူးစက်တာမျိုးဆိုတော့ ဆရာတော်ကြီးကို အထင်ငေး ကြတာပေါ့။ သိက္ခာ ဆိုတာလည်း ပြန်ကောက်လို့ မရတော့ဘူး။ ဘုန်ကြီးဖြစ်ပြီး ဒီလိုရောဂါ ရတယ်ဆိုတော့လည်း ပြောစရာ ဖြစ်ရတာပေါ့။ ဆရာတော်ကြီးက ဝဋ်ကြွေးပဲလို့ သဘော ထားလိုက်တယ်။
ဆရာတော်ရဲ့ ဒကာတစ်ဦး ဖြစ်တဲ့ ဆရာဝန် တစ်ဦးက ရောဂါ ဇာစ်မြစ်ကို လိုက်ပြီး လေ့လာစုံစမ်းလိုက်တော့ သင်္ဘောသား မောင်မောင်ခင်ရဲ့ အတွင်းရေးတွေ သိလာရတယ်။ ဒါနဲ့ သင်္ဘောသား မောင်မောင်ခင်ကို သွားပြီး မေးမြန်တော့ ဝန်ခံလိုက်တယ်။ သူခေါင်း ရိတ်ပြီးပြီးချင်း ဆရာတော်ခေါင်းကို ရိတ်တာက တဆင့် ကူးမှန် မသိလို့ မစားမိတာတဲ့။ မောင်မောင်ခင် ကိုယ်တိုင် ရှင်းတော့ အဖြစ်မှန်တွေ သိကြတာပေါ့။
ဒါပေမယ့် နောက်ကျသွားပါပြီ။ မောင်မောင်ခင်နဲ့ ဆရာတော်တို့ဟာ ရှေ့ဆင့်နောက်ဆင့်ပဲ အဲဒီ ရောဂါနဲ့ လူ့လောကကို စွန့်ခွာ သွားကြတယ်။ မောင်မောင်ခင်လည်း မသေခင် အဖြစ်မှန်တွေ ဝန်ခံသွားတာကြောင့် ဆရာတော်ကြီးကို အထင်မှား၊ အမြင်မှားပြီး ပြစ်မှားခဲ့ကြတဲ့ ဒကာ၊ ဒကာမတွေ အတော်စိတ်မကောင်း ဖြစ်ကြရတယ်။
ခေါင်းရိတ်ရာက တဆင့် ကူးစက်ခြင်း ဖြစ်ရတဲ့ အဖြစ်ဆိုးကတော့ အတော်လေး ကြေကွဲ စရာပါ။ ခုခံအား ကျဆင်းတဲ့ HIV ပိုး ဆိုတာ ရောဂါရှိတဲ့ သူနဲ့ အသားချင်း ထိရုံနဲ့ မကူးဘူး။ နီးနီး ကပ်ကပ် နေရုံနဲ့ မကူးဘူး။ အေ၇ပြား ပဲ့ပြီး၊ အရေပြား ပေါက်ပြဲသွားတာ၊ ထိမိရှမိပြီး သွေးထွက်၊ သွေးစို့တာမျိုးက ကူးစက်တက်တာပေါ့။ ဒါကြောင့် ဆရာဝန်တွေက စိတ်ချရအောင် တခါသုံး ဆေးထိုးအပ်တွေ သုံးကြသလို၊ ဆံပင်ညှပ်ဆိုင်တွေ ကလည်း သင်တုန်းဓား မသုံးပဲ တခါသုံးဓားတွေ သုံးလာကြတယ်။ ဒီရောဂါက ကူးစက်မြန်တဲ့ အထဲ ပါနေတယ်။
သင်္ဘောပေါ်မှာ သင်္ဘောသား အချင်းချင်း မုတ်ဆိတ်ရိတ်ဓားကို ပူးတွဲသုံးမိလို့ HIV ပိုး ကူးစက်သွားတာမျိုးလည်း ရှိခဲ့ပါတယ်။ အပျော်လွန်၊ အပျော်ကျူးလို့ မရတဲ့ ထောင်ထဲမှာလည်း ဆေးထိုးအပ်၊ ဆေးမှင်ကြောင် ထိုးတဲ့ စုတ်က ကူးတာမျိုးလည်း ရှိနေပါတယ်။
ခုခံအား ကျဆင်းတဲ့ HIV/AIDS ရောဂါက မိန်းမနဲ့ ယောက်ျား လိင်ဆက်ဆံရာက တဆင့် အဓိက ကူးစက်တတ်သလို လိင်တူ ယောက်ျားချင်း လိင်ဆက်ဆံမှု မျိုးက ကူးစက်တာလည်း ရှိပါတယ်။ ဇနီး၊ ခင်ပွန်းအပေါ် သစ္စာရှိပြီး ဖောက်ပြန်ခြင်း ကင်းတဲ့ အိမ်ထောင်စုမှာ ဒီရောဂါမျိုး မရှိပေမယ့် ယောက်ျားနဲ့ မိန်းမက သစ္စာမဲ့ရာက တဆင့် ရောဂါ ကူးစက်တာမို့ အစစ ဆင်ခြင် သတိထားနိုင်မျ တန်ကာကျမယ်လို့ပဲ ပြောပါရစေ။
ဝေဒနာရှင်တွေဟာ အာဟာရဓာတ် ပြည့်ပြည့်ဝဝ မစားသုံးရတဲ့ အပြင် သောက်ရေတွေလည်း မသန့်တဲ့ အတွက် ခုခံအားကျဆင်းတဲ့ ဒဏ်ကို ကြာရှည် မခံနိုင်ကြပါဘူး။ ရောဂါရပြီး မကြာခင်မှာပဲ သေဆုံး သွားတတ်ကြပါတယ်။ တခြားနိုင်ငံတွေ မှာတော့ အာဟာရ ပြည့်ဝစွာ စားသောက်နေနိုင်ကြ ရသေး တာကို လေ့လာတွေ့ ရှိရပါတယ်။ ကြောက်စရာ ကောင်းတဲ့ ရောဂါဆိုးကြီး ဖြစ်တာမို့ အသိတရားနဲ့ သတိထား ဆင်ခြင်းကြဖို့ တိုက်တွန်း လိုက်ချင်ပါတယ်။
သောင်းဝင်းဗိုလ်
နိုက်တင်ဂေး ဂျာနယ် (အမှတ်-၃၅၊ မေလ၊ ၂၀၁၃ ခုနှစ်)




