ဇန်နဝါရီလကုန်မှာ
ကျနော်တို့ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က ကမ္ဘောဒီယားနိုင်ငံ
မူးယစ်ဆေးစွဲ သူများ ပြန်လည်ပြုစုပျိုးထောင်ရေးဌာနတွေမှာ နှိပ်စက်ညှဉ်းပန်းမှုတွေ
ရှိကြောင်း အစီရင်ခံစာတစ်စောင် ထုတ်ပြန် ခဲ့ပါတယ်။ ကျနော်တို့ အစီရင်ခံစာမှာ
ဆိုးဝါးတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ ရှိကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် မှုတွေ
ရှိကြောင်းကို အသေးစိပ် ရေးသားတင်ပြ ထားပါတယ်။ ကျနော်တို့ အင်တာဗျူးလုပ်ခဲ့တဲ့
ကလေးတွေ၊ အရွယ်ရောက်ပြီးသား ကလေးငယ်တွေက သူတို့ဟာ ကန်ကျောက်ခံရတယ်၊ ကြာပွတ်နဲ့ အရိုက်ခံရတယ်၊ လျှပ်စစ် ကျင်စက်နဲ့
တို့ခံရကြောင်းကို ဖွင့်ဟ ပြောဆိုခဲ့ပါတယ်။
အဲဒီ
ပြုစုပျိုးထောင်ရေးစခန်းတွေ ထဲက တစ်ခုကို ယူနီဆပ်ဖ် (ကမ္ဘာကလေးငယ်များရန်ပုံငွေ
အဖွဲ့) က အထောက် အပံ့နဲ့ ဖွင့်လှစ်ထားပြီး၊ ယင်းစခန်းတွေမှာ မူးယစ်ဆေးစွဲသူတွေ၊ ကလေးငယ်တွေ၊ အချို့ လမ်းပေါ်မှ ခေါ်ယူ မွေးမြူ ထားတဲ့ ကလေးငယ်တွေဆို အသက် ၄ နှစ် လောက်အထိ
ပါဝင်ပါတယ်။ အခုအစီရင်ခံစာ မထုတ်ပြန်ခင် လေးလကတည်းက ယူနီဆပ်ဖ် အဖွဲ့နဲ့ ကျနော်တို့
တွေ့ဆုံပြီး တွေ့ရှိချက်တွေကို တင်ပြဆွေးနွေးခဲ့ရာမှာ သူတို့ကို အားလုံး
အံ့အားသင့် တုန်လှုပ်သွားစေခဲ့တယ်။ ဒီကိစ္စတွေကို စုံစမ်းဖော်ထုတ်မယ်လို့
ဆိုခဲ့ပါတယ်။ ယင်း ယူနီဆပ်ဖ် အထောက်အပံ့ခံ ဌာနက ထိန်းသိမ်းခံထားရတဲ့ ကလေးငယ်တွေကပဲ
သူတို့ အခုလို နှိပ်စက်ခံရကြောင်း ကျနော် တို့ကို ပြောခဲ့တာပါ။ သူတို့တွေကို
စစ်ရေးလေ့ကျင့်ခန်း တွေကို ခြေကုန် လက်ပန်းမကျတဲ့ လုပ်ခိုင်းကြောင်း၊ ဆောက်လုပ်ရေး
အလုပ်တွေမှာ ခိုင်းစေ ခဲ့ကြောင်း၊ လုံခြုံရေးအစောင့်တွေက သူတို့ကို ကိုယ်လုံးတီးချွတ်ပြီး
အကခိုင်းကြောင်း ပြောဆို ခဲ့ပါတယ်။
ယူနီဆပ်ဖ်
အနေနဲ့ အခုလို မတော်မတရား ပြုမှုတွေကို လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ
လုပ်ဆောင်နိုင်အောင်၊ ပြုကျင့်ခဲ့သူတွေကိုလည်း ဖော်ထုတ်အရေးယူနိုင်အောင် ဖိအားပေး လုပ်ဆောင်နိုင်မယ်လို့
ကျနော်တို့ ယူဆခဲ့ကြ ပါတယ်။ အဲဒီလိုပဲ သူတို့ ရန်ပုံငွေပေးနေတာတွေ၊ လုပ်ဆောင်နေတဲ့
စီမံချက်တွေ၊ လုပ်ဆောင်ချက်တွေကို ပြန်လည် သုံးသပ်ကြလိမ့်မယ်လို့ လည်း မျှော်လင့်ချက်
ထားခဲ့တယ်။ ကမ္ဘောဒီးယား အစိုးရကိုလည်း ကလေးတွေကို အရွယ် ရောက်ပြီးသား သူတွေနဲ့
ရောနှောထားမှုကို ဒီထက်ပိုပြီး ဖိအားပေးနိုင်လိမ့်မယ်လို့ ထင်မြင်ခဲ့တယ်။
တကယ်တမ်း
ဘာတွေ ထပ်ဖြစ်ခဲ့ပါသလဲ။ ဘာမှ မပြောင်းလဲခဲ့ပါ။ ကျနော်တို့ အစီရင်ခံစာ ထုတ်ပြန်တဲ့
အချိန်မှာ ယူနီဆပ်ဖ်က အခု ဌာနတွေကို ကိုင်တွယ်ရတဲ့ လူမှုရေးရာဝန်ကြီး ဌာနရဲ့ ယခင်
စစ်ဆေးသုံးသပ်ချက်တွေ အရ "ကြီးကြီးမားမား ချိုးဖောက်မှုတွေ"
မရှိခဲ့ကြောင်း ဆိုတဲ့အချက် ပါဝင်တဲ့ ထုတ်ပြန်ချက် တစ်စောင်နဲ့ ပြန်လည်
တုန့်ပြန်ခဲ့တာပါ။ နောက် သုံးလေးပတ် ကြာတဲ့ အချိန်မှာ သူတို့ ထောက်ပံ့နေတဲ့ ဌာနကို
အကာအကွယ်ပေးဖို့ ယင်း ဌာနမှာ ဖြစ်ပျက်နေတဲ့ အခြေအနေ အားလုံးကို
"အချိန်တိုင်းလိုလို" စောင့်ကြပ်ကြည့်ရှု နေကြောင်း ယူနီဆပ်ဖ် အရာရှိတွေက
ပြောဆိုခဲ့ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ ယူနီဆပ်ဖ် ဒါရိုက်တာ
ရစ်ချက်ဘရစ်ဒယ်ကလည်း "သူတို့အနေနဲ့ အကောင်းဖက်ကိုသာ ရှေ့ရှုနေကြောင်း"
ပြောဆိုခဲ့တယ်။ အကယ်၍ အခု သူတို့ ထောက်ပံ့ပေးနေတဲ့ ဌာနမှာ နိုင်ထက်စီးနင်း
လုပ်ဆောင်မှုတွေ တကယ် ဖြစ်ပျက်ခဲ့ရင်တောင် သူ့အနေနဲ့ "တအံ့တသြ မဖြစ်မိကြောင်း၊"
အခုလို နေရာဌာနတွေမှာ ယင်းကဲ့သို့ အဖြစ်တွေဟာ "ဖြစ်ရိုးဖြစ်စဉ်ပင်
ဖြစ်ကြောင်း" ဘရစ်ဒယ်က ဆိုခဲ့ပါတယ်။
လွန်ခဲ့တဲ့အပတ်က ယူနီဆပ်ဖ် အရာရှိတွေ ဖနွမ်ပင် အပြင်ဖက်မှာ ရှိတဲ့ ချုန်ချောင် လူငယ်
ပြုပြင်ထိန်းသိမ်းရေး စင်တာကို သွားရောက် ကြည့်ရှုခဲ့ပြီး၊
လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့က အမှားအယွင်း တစ်ရပ် လုပ်ဆောင်ခဲ့ကြောင်း
သတင်းထောက်တွေကို ပြောဆိုခဲ့ ပါတယ်။ မစ္စတာဘရစ်ဒယ်က အဲဒီခရီးမှာ သူတို့ ယူနီ ဆပ်ဖ်
ဝန်ထမ်းဟာ ကလေးတွေနဲ့ အတူ နောက်နောက်ပြောင်ပြောင် ရှိနေကြပြီး၊ နွေးနွေးထွေးထွေး
ပုံစံပါပဲလို့ ပြောဆိုတယ်။ ဘရစ်ဒယ်က "အဲဒီစခန်းမှာ ဘယ်လို အကြမ်းဖက်မှု
ဖြစ်စဉ်မှ မရှိဘူး" လို့ ဖနွမ်ပင်ပို့စ် သတင်းစာကို ပြောဆိုခဲ့ပါတယ်။ လူမှုရေးရာဝန်ကြီးဌာနဲ့ရဲ့
တရားဝင် ထုတ်ပြန်ခြင်း မရှိသေး တဲ့ လုပ်ငန်း စစ်ဆေးသုံးသပ်ချက်နဲ့ ယင်းစခန်းမှာ
တာဝန်ယူ ဝန်ဆောင်မှု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့ (ယူနီဆပ်ဖ်မှ
ငွေကြေးထောက်ပံ့ထားသည့်) အန်ဂျီအိုအဖွဲ့ တစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေပေါ် အခြေခံပြီး
ကျနော်တို့ဟာ အချက်အလက် အမှားတွေကို ထုတ်ပြန် တယ်လို့ ဘရစ်ဒယ်က စွပ်စွဲပါတယ်။
နာရီပိုင်းလောက်
ခဏတဖြုတ် သွားရောက် စစ်ဆေးမှု၊ ဌာနတွင်း စစ်ဆေးစုံစမ်းမှုတွေပေါ် အခြေခံတဲ့ အမှား မကျူးလွန်ကြောင်း
ထုတ်ပြန်ချက်က ဖိနှိပ်ချုပ်ချယ်တဲ့ အစိုးရတွေထက်ကို ယူနီဆပ်ဖ် အရာရှိတွေဆီမှာ
ပိုပိုကဲကဲ တွေ့လိုက်ရတယ်ဆိုတဲ့ အချက်ပါပဲ။
ယူနီဆပ်ဖ်ရဲ့
ပြီးစလွယ် သုံးသပ်ချက်နဲ့ ကျနော်တို့ရဲ့ လွတ်လပ်ပြီး၊ အသေအချာ စစ်ဆေးတွေ့ရှိချက်ကို
နှိုင်းယှဉ် မယ်ဆိုရင် လုံးလုံး ဆန့်ကျင်နေပါတယ်။ ကျနော်တို့ဟာ လွန်ခဲ့တဲ့ ၃ နှစ်
အတွင်း ယင်းစခန်းတွေမှာ နေထိုင်ခဲ့တဲ့ သူ ၅၃ ဦးကို အသေးစိပ်နဲ့ တိတိကျကျ
အချက်တွေကို အင်တာဗျူးပြုလုပ်ခဲ့ပါတယ်။ အဲဒီထဲက ၁၇ ဦးဟာ ယူနီဆပ်ဖ် အထောက် အပံ့ခံ
စခန်းမှ သူတွေပါ။ အဲဒီကလေးတွေကို အင်တာဗျူးလုပ်ဆောင်ရာမှာ သူတို့ကို အနှောက်အယှက်
တစုံတရာမရှိပဲ၊ လုံလုံခြုံခြုံ ပြောပြနိုင်ဖို့ စခန်းတွေရဲ့ အပြင်မှာ လုပ်ဆောင် ခဲ့ပါတယ်။
ယူနီဆပ်ဖ်က
ချုန်ချောင်စင်တာဟာ "ပိတ်လှောင်ထားမှု မရှိ" "ကိုယ်တိုင်ရဲ့ သဘောတူညီချက်
ရှိမှ" လို့ ဆိုခဲ့ ပါတယ်။ အခု အဲဒီ စင်တာမှာ ထိန်းသိမ်းခံထားရတဲ့
ကလေးတချို့ရဲ့ ပြောဆိုချက်တွေက-
"ကျနော်
အဲဒီကနေ လွတ်အောင် ပြေးတာမှာ ကျနော့် ခြေထောက်က သံဆူးကြိုးနဲ့ ငြိပြီး
ပြန်အဖမ်းခံရပါတယ်။ သူတို့ ကျနော့်ကို ကြိမ်လုံးနဲ့ မေ့မျောသွားအောင် ရိုက်တယ်၊
မေ့မျော သွားတော့ မျက်နှာပေါ်ကို ရေနဲ့ လောင်းချ တယ်။ အဲဒီလို သူတို့ လုပ်တိုင်း
နောက်တစ်ခါ မင်း ပြေးရဲပြေးကြည့် လို့ ကျနော်ကို ဆိုပါတယ်။" တိ (၁၄ နှစ်)
"ကျနော်
အဲဒီကို ရောက်တာနဲ့ လူမူရေးရာဝန်ထမ်းက ကျနော့်ကို ကန်လည်းကန်၊ ရိုက်လည်း ရိုက်တယ်။
သူအဲဒီလို လုပ်တာကို ကျနော် နားမလည်နိုင်ဘူး။ အဲဒီသူက မင်း ဒီမှာနေရမယ်။ ဒီမှာ
ခြံစည်းရိုး အမြင့်ကြီးပဲ မင်း ပြေးလို့ မရဘူး။ မင်း နောက်တစ်ခေါက်
ထပ်အဖမ်းခံရလို့ ခြေထောက်ချိုးပစ်မယ်။ အဲဒီအခါမှ ငါ့အဆိုးလို့ မဆိုနဲ့။"
ချန်ဘွတ် (၁၇ နှစ်)
"ထွက်ပြေးဖို့
ကြိုးစားတဲ့ လူကောင်ကြီးကြီး သူတွေကို လျှပ်စစ်ကျင်စက်နဲ့ တို့တယ်။ သူတို့
ထွက်ပြေးတာကို ကျနော်မြင်တယ်၊ နောက် သူတို့ကို ကျင်စက်နဲ့ တို့တာကိုလည်း တွေ့ဖူး တယ်။
သူတို့ ကျင်စက်နဲ့ အကြိမ်ကြိမ် အတို့ခံရတယ်။" ချမ်နု (၁၅ နှစ်)
"ထွက်ပြေးဖို့
ကြိုးစားတဲ့သူတိုင်း အပစ်ပေးခံရတယ်။ တချို့တွေ လွတ်သွားတယ်။ တချို့တွေ မလွတ်ဘူး။
အဲဒီလို ထွက်ပြေးတဲ့သူ မှန်သမျှ သေလုမြောပါး အရိုက်ခံကြရတယ်။ အရိုက်ခံ ရတဲ့သူတွေ
နေ့တိုင်းလိုလို ရှိတယ်။" အမ်နို (၁၆ နှစ်)
အဲဒီ
ကလေးအားလုံးဟာ ယူနီဆပ်ဖ်မှ ယင်းစင်တာကို စတင် ထောက်ပံ့မှုရပြီး နောက်ပိုင်းမှ ထိန်းသိမ်းခံထားကြရ သူများ
ဖြစ်ပါတယ်။
အခုလို
အဓမ္မ အဖြစ်အပျက်တွေကို ကျနော်တို့ တစ်ဦးတည်းကတင် တင်ပြခဲ့တာ မဟုတ်ပါဘူး။
ရစ်ချက် ဘရစ်ဒယ်က "ဒီကလေးတွေ ကြမ်းကြမ်းတမ်းတမ်း အဆက်ဆံ မခံကြရပါဘူး" လို့
ဆိုထားတဲ့ ဖနွမ်ပင်ပို့စ်က သတင်း ထောက်ရဲ့ ဆောင်းပါးမှာပဲ အဲဒီ ယူနီဆပ်ဖ်စင်တာမှာ
လွန်ခဲ့တဲ့ တစ်နှစ်က နေခဲ့ရဘူးတဲ့ မူးယစ်ဆေးစွဲနေသူ တစ်ဦးက "သူတို့ တုတ်တွေ
ကိုင်လာတယ်။ သူတို့ တံခါးဖွင့် ဝင်လာကြပြီး ကျနော်ကို စပြီးရိုက်တော့တာပဲ။
ကျနော့်မျက်နှာကို လက်သီးတွေနဲ့ ထိုးတယ်။ ခေါင်းကို ဆွဲပြီး နံရံနဲ့ ရိုက်တယ်။
သူတို့ ဝါယာကြိုးနဲ့ တနေရာ တည်းကို သုံးချက်တိတိ ဆက်ရိုက်တယ်။ အဲဒီလို ရိုက်တာ
အသားတွေ အစိမ်းလိုက် လန်လန် ထွက်ကုန်တယ်။ အဲဒီ နေရာက ငါးကို မွှမ်းထားသလိုပဲ။"
သူ့အမာရွတ်တွေကို သတင်းထောက် ကို ပြပါတယ်။
အစီရင်ခံစာ
မထွက်ခင်ကော၊ ထွက်ပြီးနောက်ကော ကျနော်တို့ လေးကြိမ်တိုင်တိုင် ယူနီဆပ်ဖ် ကို
တင်ပြဆွေးနွေး ခဲ့ပါတယ်။ ၂ ကြိမ်က ကမ္ဘောဒီးယားမှာ ၂ ကြိမ်က နယူးယောက် မှာပါ။
ကျနော်တို့ရဲ့ တွေ့ရှိချက်တွေ၊ နည်းလမ်း တွေ၊ လုပ်ဆောင်သင့်တဲ့ အကြံပြုချက်တွေကို
တင်ပြခဲ့တာ အခုဆို ၆ လကြာပြီ ဖြစ်ပါတယ်။ ယူနီဆပ်ဖ် အရာရှိကြီး တွေက လူမှုရေးရာ ဝန်ကြီးဌာနက
သူတို့ အပေါင်းအသင်းတွေကို ကာကွယ်ပေးနေတဲ့ အချိန်မှာ၊ ယူနီဆပ်ဖ် အထောက်အပံ့နဲ့
ဖွင့်လှစ်ထားတဲ့ စင်တာက ကလေးတွေနဲ့၊ နိုင်ငံတဝှမ်းက မူးယစ်ဆေးစွဲ သူများ ပြန်လည်ပြုစုပျိုးထောင်ရေးစခန်းက
ကလေးတွေကို ဘယ်သူတွေက အကာအကွယ် ပေးပေးကြမှာတုန်း။ ယူနီဆပ်ဖ် အဖွဲ့ကြီးက
အရိုက်အနှက်၊ အညှဉ်းပန်းခံနေကြရတဲ့ ကလေး တွေရဲ့ အသံကို ဘယ်အချိန်ကြမှ နားထောင်ဖို့
ဆုံးဖြတ်ကြမှလဲ။ ကျနော်တို့ တောင်းဆိုတဲ့ လွတ်လပ်ပွင့်လင်းပြီး၊ ဘက်လိုက်မှုကင်းတဲ့
စုံစမ်းစစ်ဆေးချက်တွေကို သူတို့ ဘယ်တော့ လုပ်ဆောင်ကြမှာပါလဲ။
ဘာသာပြန်
- မိုးယံ
March 31, 2010
လူအခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့မှ
ကျန်းမာရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ ဂျိုအမွန်၏ (ကမ္ဘောဒီးယား
မူးယစ်ဆေးစွဲပြုစုပျိုးထောင်ရေးစခန်းမှ ကလေးငယ်များကို မည်သို့ ကာကွယ်ပါမည်နည်း)
ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Human Rights Watch: Who Will Defend the
Children in Cambodian Drug Rehab Centres?




