Toul
Sambo ဆိုတဲ့နေရာဟာ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြိုရဲ့ ၂၅ ကီလို မီတာ (၁၅မိုင်)ခန့်အကွာ
မြို့ပြင်မှာ တည်ရှိပြီး အိပ်ခ်ျအိုင်ဗီဝေဒနာရှင်တွေ သီးသန့် နေထိုင်တဲ့နေရာတစ်ခုလို့
အများက သိကြပါတယ်။
လက်ရှိ
Toul Sambo မှာ နေထိုင်သူတွေအတွက် သန့်ရှင်းတဲ့အိမ်ရာ၊ ရေ၊ မီးနဲ့ ဆေးဝါးထောက်ပံ့မှုတွေကို
UNAIDS ၊ WHO အပါအ၀င် အိပ်ခ်ျ အိုင်ဗီဝေဒနာရှင်များ စောင့်ရှောက်ရေး အဖွဲ့အစည်းတွေက
တိုးမြှင့်ပေးနေတယ်လို့ ကမ္ဘောဒီးယား လူ့အခွင့် အရေးဆိုင်ရာအဖွဲ့အစည်း Licadho က ဥပဒေ
အကြံပေး မစ္စတာမန်ဖရပ်ဟောနောင် က အီးမေးလ်ကနေ ပြောပါတယ်။
"အရင်ကဆို
သူတို့မှာ ဖနွမ်းပင် မြူနီစပယ်က ဆောက်ပေးထားတဲ့ ရွက်ဖျင်တဲတွေထဲမှာ နေရတာ။ နွေဆို မခံမရပ်နိုင်အောင်ကို
ပူတယ်။ ပတ်ဝန်းကျင်ကလည်း သန့်ရှင်းမှုမရှိတော့ သူတို့ ကျန်းမာရေးအတွက်လည်း မကောင်းဘူး။
နောက် သူတို့အသက်မွေးဝမ်း ကျောင်းအတွက် အလုပ်တွေကိုပါ စီစဉ်ပေးနေတယ်"လို့ သူက
ပြောတယ်။
Toul
Sambo မှာ ဝေဒနာရှင်တွေ နေထိုင်နိုင်ဖို့ ကွန်ကရစ်တန်းလျား တစ်ခုဆောက်လုပ်ပြီးစီးသွားပြီးနောက်ထပ်
အလားတူ တန်းလျားတစ်ခုလည်း ထပ်မံဆောက်လုပ် နေပါတယ်။
Licadho
ရဲ့စာတမ်းအရ မြို့တော် ဖနွမ်းပင်ရဲ့ အချက်အချာကျတဲ့ Borei Keila မြို့နယ်မှာ မိသားစုဝင်
၁၇,၀၀၀ ကျော်နေထိုင်ကြပြီး သူတို့အထဲက မိသားစုဝင် ၃၁ စုက အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်မိသားစုတွေလို့
သိရတယ်။
၂၀၀၃
ခုနှစ်မှာ ကမ္ဘောဒီးယား အာဏာပိုင်အစိုးရက ခေတ်မီအိမ်ရာ ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို
စတင်ခဲ့ပြီး Borei Keila မှာ နေထိုင်တဲ့ မိသားစုဝင်တွေကို အိမ်ရာဆောက်လုပ်ရေးအတွက်
ပြောင်းရွေ့ခိုင်းပါတယ်။
စီမံကိန်းပြီးရင်
သူတို့ကို တိုက်ခန်းပြန်ပေးမယ်ဆိုပေမယ့် နေထိုင်တဲ့နှစ်ကာလတိုတဲ့ မိသားစုနဲ့ အိပ်ခ်ျအိုင်ဗီ
ဝေဒနာရှင်မိသားစု တွေတော့ မပါဝင်ဘူးလို့ စာတမ်းက ဖော်ပြထားတယ်။
Borei
Keila က အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင် မိသားစုဝင် ၂၀ ဟာ ၂၀၀၉ ဇွန်လမှာ အစိုးရအမိန့်နဲ့
မြို့ပြင်ကို ပြောင်းရွေ့ခဲ့ရပြီး နောက် သုံးရက်အကြာမှာ ကျန်မိသားစု ၁၁ စု ပြောင်း
ရွေ့ပေးခဲ့ရတယ်။
ဖနွမ်းပင်မြူနီစပယ်က
မိသားစုတွေအတွက် လက်ရှိနေထိုင်နေတဲ့ Toul Sambo မှာပဲ ရွက်ဖျင်တဲ ထိုးပေးခဲ့တယ်။
UNAIDS
နဲ့ WHO အပါအ၀င် အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်စောင့်ရှောက်ရေး ပြည်တွင်းပြည်ပလူမူရေးအဖွဲ့အစည်း
၁၀၀ ကျော်က ၂၀၀၉ ဇူလိုင်မှာ ကမ္ဘောဒီးယားဝန်ကြီးချူပ်နဲ့ ကျန်းမာရေးဝန်ကြီးထံ Toul
Sambo က မိသားစုဝင်တွေအတွက် လူသားချင်း စာနာ ထောက် ထားဖို့ တောင်းဆိုစာများ ပေးပို့ခဲ့ကြတယ်လို့
မစ္စတာမန်ဖရပ် ဟောနောင်က ပြောတယ်။
"
Toul Sambo နဲ့ အလုပ်တွဲလုပ်တာ တစ်နှစ်မပြည့်သေးပါဘူး။ ဒါပေမယ့် စစချင်း၊ သူတို့ကို
သိုးမွေးထိုးသင်တန်း ပေးချိန်မှာတော့ ကျွန်မအတော် စိတ်ပျက်တယ်။ အလုပ်လုပ်ဖူးတဲ့ လူတွေကတော့
စိတ်ဝင်တစား သင်တန်းတက်ကြပေမယ့် တချို့ကတော့ အလုပ် လုပ်ဖို့ ထက် ထောက်ပံ့ရေးကိုပါ စောင့်နေကြတယ်။
ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေကလည်း သူတို့အတွက် ဆောင်ရွက်ပေး နေတာတွေ ရှိတယ်ဆိုပြီး
ထောက်ပံ့ပစ္စည်းတွေကိုပဲ စောင့်ယူနေလို့ ဘယ်ဖြစ်မလဲ။ သူတို့လည်း သာမန်လူတွေလို အလုပ်လုပ်
ရမယ်။ အလုပ်ဟာ သူတို့အတွက် စိတ်ခွန်အား ပေးတယ်ဆိုတာ ပညာပေးရမယ်"လို့ Cambodia
Knit သိုးမွေးထည်ထုတ် လုပ်ရေး အဖွဲ့က မစ္စမိုနီကာနောဝါ စကီးက ပြောပါတယ်။
အဖွဲ့က
တစ်လကိုနှစ်ကြိမ် Toul Sambo သို့ သိုးမွေးချည်တွေ ဖြန့်ဝေ ခြင်း၊ အထည်တွေပြန်သိမ်းခြင်းကို
လုပ်ပေးပြီး ဈေးကွက်ကို တင်ပို့ရောင်းချပြီး မိသားစုဝင်တွေအတွက် ပုံမှန်ဝင်ငွေရ ရှိရေးကို
ဆောင်ရွက်ပေးနေပါတယ်။
တီဘီ၊
အနာကြီးရောဂါ၊ အိပ်ခ်ျအိုင်ဗီစသော ကူးစက်တတ်သောရောဂါတွေဟာ အိပ်ခ်ျအိုင်ဗီက အလွယ်တကူ
မကူးစက်နိုင်တဲ့ရောဂါ ဖြစ်တယ်လို့ မြန်မာနိုင်ငံက လူမှုအဖွဲ့အစည်းတစ်ခု ဖြစ်တဲ့ ရတနာ့မေတ္တာအဖွဲ့က
ဥက္ကဌ ဦးမြင့်ဆွေက ပြောပါတယ်။
"အိပ်ခ်ျအိုင်ဗီလူနာကသူ့မှာ
အိပ်ခ်ျ အိုင်ဗီရှိတယ်ပြောမှ တစ်ခြားသူတွေ သိမှာလေ။ ဒီတော့ သူ့အသိစိတ်ထဲမှာ လူသားဆန်တဲ့စိတ်၊
ကိုယ်ချင်းစာစိတ်နဲ့သူများတွေဆီမကူးအောင် ပြုမူနေထိုင်ဖို့လိုတယ်။ သူလည်းသာမန်လူတွေလိုပဲ
အလုပ်လုပ်နိုင်တယ်။ ပိုးရှိ တယ် ဆိုတဲ့အသိပဲ ကွာသွားတာ။ သူတို့မှာ ကိုယ်ခံအားကနည်းလာတော့
နှာစေးချောင်းဆိုးကအစ အလွယ်တကူ ကူးစက်နိုင်တယ်။ ဒီတော့ သူတို့က သာမန်လူတွေကိုပြန်ကြောက်ရမှာ။
ခွဲထားမယ်ဆိုရင်တောင် နောက်ဆုံးအခြေအနေမှပဲ ဖြစ်သင့်တယ်"လို့ သူက ပြော ပါတယ်။
အိပ်ခ်ျအိုင်ဗီ
ဝေဒနာရှင်တစ်ဦးကတော့ မိမိမှာ အကြောင်းကြောင်းကြောင့် ပိုးရှိလာတဲ့အချိန်နဲ့ မရှိခင်
အချိန်ဘယ်လိုမှမကွာခြားဘဲ ပိုးရှိတယ် ဆိုတဲ့ အသိကြောင့် ကျန်းမာရေးကို ယခင်ကထက် ပိုမိုဂရုစိုက်မိတယ်လို့
ပြောပါတယ်။
"ကိုယ့်မှာပိုးရှိတယ်ဆိုရင်
လူသားချင်းစာနာတဲ့စိတ်နဲ့ ပိုပြီးဆင်ဆင်ခြင်ခြင်နေဖို့ပါပဲ။ လူတိုင်းကိုလည်း လိုက်ပြောနေစရာ
မလိုပါဘူး။ တကယ့်ကို လိုအပ်မှသာ ပြောသင့်တယ်။ ပိုးရှိတယ်ဆိုပြီး ဘာမှ မလုပ်နိုင်မကိုင်နိုင်နဲ့
စိတ်ဓာတ်ကျနေစရာ မလိုဘူးလေ။ ကိုယ် လုပ် နိုင်တဲ့အလုပ်တွေ ရှိသေးတယ်။ ကိုယ့်ရဲ့ ကျန်တဲ့အချိန်လေးတွေမှာ
ဒါတွေကိုလုပ်နေရင်း အသက်ဆက်ရှင်ရမှာပဲလေ"လို့ သူက ပြောပါတယ်။
ဘယ်လိုပဲ
ရုပ်ဝတ္တုဆိုင်ရာထောက်ပံ့ပေးမူတွေရှိနေပါစေ။ အားပေးနှစ်သိမ့်မှုတွေရှိနေပါစေ။ မိသားစုကခွဲခြားထားခြင်း၊
ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းက ခွဲခြားထားခြင်းတွေက အဲဒီဝေဒနာရှင်တွေကို စိတ်ခွန်အား
မြှင့်တင်ပေးရာ မရောက်ဘဲ စိတ်ဓာတ်ကျဆင်းစေတဲ့ အခြေအနေကို တွန်းပို့ပေးရာ ရောက်နိုင်ပါတယ်။
ဒါ့ပြင်
ကူးစက်မှုကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အိပ်ခ်ျအိုင်ဗီ ဝေဒနာရှင်တွေကို ပတ်ဝန်းကျင်က
ဘေးဖယ်ထားမယ်ဆိုရင် မလိုလားအပ်တဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်တဲ့အပြင်၊ ဝေဒနာရှင်တွေကို
အားပေးတာထက် ချိုးနှိမ်၊ နှိပ်ကွပ်ရာရောက်တယ် လို့ သူတို့က ဆက်ပြောပါတယ်။
မြန်မာတိုင်းမ်
- အတွဲအမှတ် (၂၄ ၊ အမှတ် ၄၆၇)




