အသက်ရှူလမ်းကြောင်းမှ တစ်ဆင့် ကူးစက်တတ်သည့် ရောဂါများထဲတွင်
တီဘီရောဂါပိုး သည်လည်း သတိပြုဖွယ် ရောဂါတစ်မျိုးပင်
ဖြစ်သည်။ တီဘီရောဂါသည် လူကြီးများတွင် သာမက ကလေးများ တွင်လည်း ဖြစ်ပွားတတ်သည့် ရောဂါ
ဖြစ်ပြီး ကလေးများတွင် ဖြစ်ပွားပါက အရပ်အခေါ်အားဖြင့် ကလေးတီဘီဟု ခေါ်ဆိုကြသည်။ အဆိုပါ ရောဂါသည် Myco Bacteria ဟူသည့် ဘက်တီးရီးယား
ပိုးကြောင့် ဖြစ်ပွားတတ်ခြင်း ဖြစ်ပြီး လူကြီးတွင် ဖြစ်ပွားသည့် တီဘီနှင့် ကလေး၌ ဖြစ်ပွားသည့်
တီဘီတို့တွင် အဆိုပါ ဘက်တီးရီးယားကြောင့်သာ ဖြစ်ပွားတတ်ခြင်း ဖြစ်ကြောင်း ကလေးအထူးကု
ဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာယုဇနစောမြင့်က ပြောသည်။ လူကြီးများတွင် တီဘီရောဂါ
ကူးစက်ခံရလျှင် တီဘီရောဂါပိုးသည် အဆုတ်ထဲသို့ ဝင်ရောက် သွားသဖြင့် အဆိုပါ ကူးစက်ခံရသူ
ချောင်းဆိုးပါက အဆုတ်ထဲမှ ပိုးများ ပြန်လည် ပျံ့နှံ့ပြီး အခြားသူများသို့လည်းကူးစက်နိုင်သည်။
သို့သော် ကလေးများတွင် တီဘီ ဖြစ်ပွားပါက တီဘီရောဂါပိုးသည်
အဆုတ်ထဲသို့ ဝင်ရောက်သွားခြင်း မဟုတ်ဘဲ အသက်ရှူလမ်းကြောင်း ပတ်ပတ်လည်ရှိ အကျိတ်များထဲသို့
ပျံ့နှံ့ ဝင်ရောက်သွားလေ့ ရှိကြောင်း သိရသည်။ ထို့ကြောင့် ကလေးများတွင် ဖြစ်ပွားသည့်
တီဘီရောဂါသည် ကလေး အချင်းချင်းကူးစက် ပြန့်ပွားခြင်း မရှိနိုင်ကြောင်း ဒေါက်တာ ယုဇနစောမြင့်က
ပြောသည်။ အကယ်၍ ကလေးများတွင် တီဘီ ဖြစ်ပွားပါက ကလေးအချင်းချင်း ကူးစက်ခြင်း မဟုတ်ဘဲ
တီဘီ ဖြစ်ပွားနေ သည့် လူကြီးတစ်ဦးဦးထံမှ ကူးစက်ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ အခြား
ကူးစက်နိုင်သော နည်းလမ်းတစ်ခုမှာ တီဘီ ဖြစ်ပွားနေသည့် မိခင်မှ မွေးကင်းစ ကလေးသို့ ကလေးတီဘီ
တိုက်ရိုက် ကူးစက်နိုင်ခြင်း ဖြစ်သည်။
“ကလေးမှာ တီဘီ ဖြစ်တယ်ဆိုတာ သေချာရင် အဲဒီကလေးဟာ တီဘီဖြစ်နေတဲ့
လူကြီး တစ်ဦးဦး ဆီက ကူးစက်တာပဲ ဖြစ်တယ် အဲဒီအခါကျတော့ ရောဂါဖြစ်နေတဲ့ ကလေးဆီကနေ နောက်ကြောင်း
ပြန်လိုက်ရတယ် အိမ်နားပတ်ဝန်းကျင်မှာ နာတာရှည် ချောင်းဆိုးနေတဲ့သူ ရှိလား၊ ဆေးအကြာကြီး
သောက်နေရတဲ့သူရှိလား ဆိုပြီးတော့ မေးရတယ်။ အဲဒီလို ရှိတယ်ဆိုရင် ကလေးက အဲဒီလူဆီကနေ
ကူးစက်တာ ဖြစ်နိုင်တယ်” ဟု ဒေါက်တာယုဇနစောမြင့်က ပြောသည်။ ကလေးတီဘီ ရောဂါသည် လူကြီးများမှ
တစ်ဆင့် ကူးစက်တတ်သည့် ရောဂါ ဖြစ်သဖြင့် ကလေး၏ ပတ်ဝန်းကျင် ပိုမို ကျယ်ပြန့်လာသော အချိန်တွင်
အဖြစ် များတတ်ကြောင်း သိရသည်။
ကလေးတီဘီ ရောဂါသည် စတင်ဖြစ်ပွားပါက လေပြွန် ပတ်ပတ်လည်ရှိ
အကျိတ်များမှတစ်ဆင့် စတင် ဖြစ်ပွား တတ်ပြီး အဆိုပါ အဆင့်အား Primary Complex ဟု ခေါ်ကြောင်း
သိရသည်။ မိဘများ အနေဖြင့် အဆိုပါ အဆင့်တွင် သတိထားမိ၍ သိရှိပါက တီဘီရော ကုသနည်းများ
အတိုင်း စနစ်တကျ ကုသပါက လုံးဝ ပျောက်ကင်း နိုင်ကြောင်း သိရသည်။ ထိုသို့ မဟုတ်ပါက ကလေးတီဘီ ရောဂါသည် အခြား နေရာများသို့
ပျံ့နှံ့သွားပါက အချိန်မီ မသိရှိနိုင်လျှင် အခြား မလိုလားအပ်သည့် ဆိုးကျိုးများ ဝင်ရောက်လာကာ
ကလေးဘဝ ဆုံးနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားနိုင်ကြောင်း သိရသည်။ ကလေးတီဘီသည် အချိန်မီ
မသိရှိပါက သွေးကြောများမှ တစ်ဆင့် ဦးနှောက် အမြှေးပါး၊ အူလမ်း ကြောင်း၊ အရိုး၊ ကျောက်ကပ်
စသည့် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများသို့ အထိ ပျံ့နှံ့သွား နိုင်ကြောင်း သိရသည်။
အရောက်များသည့် နေရာများမှာ ဦးနှောက်အမြှေးပါးနှင့် အူတို့ ဖြစ်ကြပြီး အူတီဘီနှင့်
ဦးနှောက် အမြှေးပါး တီဘီတို့မှာ အဖြစ်များကြောင်း ဒေါက်တာယုဇနစောမြင့်က ပြောသည်။
အခြား ပျံ့နှံ့နိုင်သည့် နေရာမှာ အရိုးဖြစ်ပြီး အများအားဖြင့်
ကျောရိုးသို့ ပျံ့နှံ့လေ့ ရှိကြကြောင်း သိရ သည်။ ကလေးများတွင် အဆိုပါ နေရာများသို့
ပျံ့နှံ့သွားပါက ဦးနှောက်သို့ ပျံ့နှံ့သွားလျှင် တက်ခြင်း၊ အသိမရှိခြင်း၊ တောင့်တင်းနေခြင်း
စသည်တို့ ဖြစ်ပွာတတ်ပြီး အူအတွင်းသို့ ပျံ့နှံ့သွားပါကလည်း ကာလကြာရှည်စွာ ဝမ်းပျက်ခြင်း၊
အာဟာရချို့တဲ့ခြင်းများ ဖြစ်ပွားတတ်ကြောင်း သိရသည်။ ကလေး တီဘီရောဂါ ဖြစ်ပွားပါက ကလေးများသည်
မှိုင်တွေနေခြင်း၊ လစဉ် ပေါင်ချိန်ကျခြင်း၊ အစာစား ချင်စိတ် နည်းလာခြင်း၊ ညနေပိုင်း
အချိန်များတွင် ခြေဖဝါး လက်ဖဝါးများ နွေးလာခြင်း၊ ဦးခေါင်းချွေး ထွက်ခြင်း စသည့် လက္ခဏာများ
ပြသတတ်ကြောင်း သိရသည်။
အထက်ပါ လက္ခဏာများအပြင် သုံးလဆက်တိုက်ခန့် ပေါင်ချိန်တိုးခြင်း
မရှိဘဲ တန်းနေပါက တီဘီ ရောဂါ သံသယ ရှိနိုင်ကြောင်း ဒေါက်တာယုဇနစောမြင့်က ပြောသည်။ ကလေးတီဘီ
ဖြစ်ပွားလျှင် ကနဦး အဆင့်ဖြစ်သည့် Primary Complex ကို မသိရှိလိုက်သော်လည်း ပျံ့နှံ့တီဘီ
ဖြစ်သည့် အခြား အင်္ဂါအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားချိန်တွင် အချိန်မီ သိရှိပါကလည်း
စနစ်တကျ ကုသမှု ခံယူပါက လုံးဝ ပျောက်ကင်းနိုင်ကြောင်း သိရသည်။ ယခုအခါတွင်လည်း တီဘီရောဂါအား
သက်ဆိုင်ရာ ဒေသန္တရ ကျန်းမာရေးဌာနများက အခမဲ့ ဆေးဝါးများ ပေးကာ ထိရောက်စွာ ကုသမှုပေးလျက်
ရှိသည်။ တီဘီရောဂါသည် မျိုးရိုးလိုက်သည့် ရောဂါတစ်ခု မဟုတ်ဘဲ ကူးစက်တတ်သည့် ရောဂါတစ်မျိုး
ဖြစ်သဖြင့် ကြိုတင်ကာကွယ်နိုင်သော ရောဂါ ဖြစ်သည်။ ကလေးများတွင် ဖြစ်ပွားသည့် ကလေးတီဘီ
ရောဂါ မဖြစ်ပွားရန်အတွက်မှာမူ မွေးပြီးပြီးချင်း (သို့မဟုတ်) ကလေး အသက် တစ်လခွဲခန့်တွင်
BCG ဟုခေါ်သည့် တီဘီကာကွယ်ဆေး ထိုးပေးထားကြရန် လိုအပ်ကြောင်း သိရသည်။ အဆိုပါ တီဘီကာကွယ်ဆေး
ထိုးထားခြင်း အားဖြင့် ကလေးများ၌ ဖြစ်ပွားသည့် တီဘီရောဂါတွင် ကနဦးအဆင့်ကို ကာကွယ်နိုင်မည် ဟုတ်မဟုတ်ကို အတိအကျ
မပြောနိုင်သော်လည်း ပျံ့နှံ့တီဘီ မဖြစ်ပွားနိုင်ရန်ကိုမူ ကာကွယ်နိုင်မည် ဖြစ်ကြောင်း
ဒေါက်တာ ယုဇနစောမြင့်က ပြောသည်။
အခြား ကာကွယ်နိုင်သည့် နည်းလမ်းများလည်း ရှိရာ အဆိုပါ နည်းလမ်းများမှာ
မွေးကင်းစမှ ကလေး အသက်ခြောက်လအထိ မိခင်နို့ တစ်မျိုးတည်းသာ တိုက်ကျွေးခြင်း (မိခင်နို့ရည်တွင်
ကလေးများ အတွက် ရောဂါကာ ကွယ်ပေးနိုင်သည့် ဓာတ်တစ်မျိုး ပါရှိသည်။) အသက်အရွယ်အလိုက်
အဟာရ ပြည့်ဝစွာ ကျွေးမွေးခြင်း၊ ရက်ရှည် ချောင်းဆိုးနေသော လူကြီးများနှင့် နီးနီးကပ်ကပ်
မနေစေခြင်း၊ လူစုလူဝေးရှိသော နေရာများသို့ ကလေးများကို ခေါ်ဆောင်သွားခြင်းမှ ရှောင်ကြဉ်ခြင်း၊
ကလေးများ နှင့် အနီးကပ်ရှိသည့် လူကြီးများ အနေဖြင့် ကလေးရှေ့တွင် ချောင်းဆိုးပါက လက်ကိုင်ပဝါအုပ်၍
ချောင်းဆိုးခြင်း၊ ကလေးများတွင် တီဘီရောဂါ ရှိသည်ဟု သံသယဖြစ်ပါက တတ်ကျွမ်းသူများနှင့်
စနစ်တကျ ပြသ၍ ကုသမှု ခံယူစေခြင်း စသည်တို့ ဖြစ်ကြသည်။
ဟင်းလေးအိုး - ကလေးတီဘီ




