အင်တာနက်
နည်းပညာများ၊ မိုဘိုင်းဖုန်းများနှင့် ဆင်ဆာမဲ့ရုပ်ရှင် ဗီဒီယိုကားများ
လွယ်လင့်တကူထိတွေ့ အသုံးပြုနိုင်ခြင်းများ ရှိလာသည့် လူနေမှုစနစ်၏ ဘေးထွက်
ဆိုးကျိုးအဖြစ် ကလေးသူငယ်များ၏ စာရိတ္တပိုင်း ဆိုင်ရာတွင် ထိခိုက်မှုများ
ဖြစ်ပေါ်လာနိုင်သည်ဟု ကျွမ်းကျင်သူ ပညာရှင်များက သုံးသပ်ကြပါသည်။
လူမှု
အသုံးအဆောင် ပစ္စည်းများဖြစ်သော တီဗွီ၊ ဂြိုလ်တုစလောင်း၊ အင်တာနက်၊ အမ်ပီဖိုး၊
မိုဘိုင်းဖုန်းနှင့် ဆင်ဆာမဲ့ ရုပ်ရှင်ကားများ အစရှိသော ဖျော်ဖြေရေးနှင့်
ဆက်သွယ်ရေး အသုံးအဆောင်များကို အလွယ်တကူ အသုံးပြု လာနိုင်ကြခြင်းကြောင့် ကလေးသူငယ်များတွင်
မြန်မာ့ယဉ်ကျေးမှုနှင့် မဆီလျော်သော အပြုအမူများ အလွဲအသုံးချမှုများ ဖြစ်ပေါ်လာပြီး
ထိခိုက်နစ်နာမှု ကြီးမားစေနိုင်သော လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များအား စူးစမ်း
ပြုလုပ်သည့် အမူအကျင့်များလည်း ဖြစ်ပွားမှု ရှိနေကြောင်း မကြာသေးမှီ
အချိန်အတောအတွင်း ကျောင်းတစ် ကျောင်းတွင် အသက် ၁၀နှစ်အရွယ် ကျောင်းသားအချင်းချင်း
လိင်တူဆက်ဆံရန် ပြင်ဆင်ခဲ့သော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့သလို အသက် ၁၁နှစ်သာ
ရှိသေးသော ကျောင်းသူတစ်ဦးကို လိင်မှုကိစ္စတွင် အသုံးချခဲ့သည့် ဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ကြောင်း
စုံစမ်း သိရသည်။
“ဒီနေ့ခေတ်မှာ
တီဗွီ၊ ဒီဗွီဒီ၊ အစရှိတဲ့ အိမ်တွင်း ဖျော်ဖြေရေး ပစ္စည်းတွေ အိမ်တိုင်းရှိနေသလို
ကလေးတွေ ကလည်း ဒီပစ္စည်းတွေကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ကြတယ်။ ဒါ့အပြင်
အိမ်မှာ မတပ်ထားတဲ့ အင်တာနက်ကိုတောင် ဆိုင်မှာသွားသုံးတယ်။ တစ်ချို့ကလေးတွေက
မိုဘိုင်းဖုန်းပါ ကိုင်ကြတယ်။ ကျမကလေး တက်တဲ့အတန်းမှာ လူ ၇၀ဝန်းကျင်ရှိတာ
မိုဘိုင်းဖုန်း ကိုင်တဲ့ကလေး ၁၀ယောက် ဝန်းကျင်ရှိတယ်။ လိုင်းမပါပဲ
ဟမ်းဆက်ပဲကိုင်ထားတဲ့ ကလေးတွေနဲ့ အမ်ပီဖိုးလို ဖျော်ဖြေရေးစက် အသုံးပြုတဲ့
ကလေးတွေလည်း ရှိတယ်။ သားပြောတာကတော့ သီချင်းနားထောင်ကြတယ်။ ဓါတ်ပုံရိုက်ကြတယ်။
ဗွီဒီယို ကြည့်ကြတယ်လို့ ပြောတယ်။ သင်ခန်းစာတွေကို ဓါတ်ပုံရိုက်နိုင်တာမျိုး၊
သင်ခန်းစာတွေရှင်းပြတာကို အသံသွင်းနိုင်တာမျိုးတို့လို အကျိုးရှိအောင်
သုံးလို့ရနိုင်ပေမဲ့ ဆိုးကျိုးဖြစ်စေနိုင်တဲ့ အခြေအနေများလို့ သားကို ပေးမကိုင်ဘူး။
တကယ်တမ်းလည်း ဒီလို အခြေခံပညာ သင်နေတဲ့ အရွယ်မှာ မလိုအပ်သေးတဲ့ အရာတွေပါ” ဟု
မိခင်တစ်ဦးက ပြောကြားခဲ့ပါသည်။
အငြိမ်းစား
စိတ်ပညာပါမေက္ခ ဒေါ်ခင်အေးဝင်းကလည်း “ကလေး သူငယ်တွေ ဖြစ်တဲ့အတွက် တစ်ခုခုဆိုရင်
ဖြစ်လာမယ့် အကျိုးဆက်ကို မခန့်မှန်းနိုင်ဘူး။ ဒါကြောင့် ဒီနေ့ နည်းပညာ
အသုံးအဆောင်တွေဖြစ်တဲ့ အင်တာနက် မိုဘိုင်းဖုန်းတွေအပြင် ဆင်ဆာမဲ့ အခွေတွေမှာ
တွေ့ရတဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ တွေ့ရမြင်ရ တာတွေကို ကလေး သဘာဝ
စူးစမ်းချင်စိတ်နဲ့ အလွဲသုံးမှုတွေ ရှိလာတယ်။ တချို့ကလေးတွေဆိုရင် သာမန်ကစားတာနဲ့
အတူတူလို့တောင် ထင်မြင်ကြတာဖြစ်တဲ့အတွက် အသက်အရွယ်အလိုက် ပညာပေး ဖို့အပ်ပါတယ်။”
ဟုရှင်းပြခဲ့သည်။
မိဘအုပ်ထိန်းသူများအနေဖြင့်
ယင်းတို့၏ သားသမီးများကို နေအိပ်ပြင်ပထွက်ပြီးတော့ ဆော့ကစားခြင်းထက်
အိမ်တွင်းမှာပင် နေထိုင်ဆော့ကစားခြင်းကို ပိုမိုနှစ်သက်ကြခြင်းကြောင့်
ကလေးသူငယ်အများစုမှာ တီဗီံရှေ့တွင် အချိန်အများဆုံး ကုန်ဆုံးနေကြရကြောင်း၊ မိဘ၊
ညီအစ်ကို မောင်နှမ သားချင်းနှင့် ဆွေမျိုးသားချင်းများ ကျောင်းပြင်ပရှိ
ဆင်ဆာမဲ့အခွေ အရောင်းဆိုင်များနှင့် ကျောင်းနေဖက် သူငယ်ချင်းများကဲ့သို့
အသိုင်းအဝိုင်းများအကြား ဆင်ဆာမဲ့ အခွေများ အလွယ်တကူ တွေ့ရှိနိုင်ခြင်းကြောင့်
ကလေး သူငယ်များ အနေဖြင့် မိမိတို့ အသက်အရွယ်နှင့် သင့်တော်မမှုရှိသော ဗွီဒီယို
ရုပ်ရှင်များကို ကြည့်ရှူ့နိုင်သည့် အခွင့်အလန်း ပိုမိုများပြားလာကြောင်းသိရသည်။
“ကလေးဆိုတာကတော့
ဘာသာစကားကို နားလည်လို့မဟုတ်ပဲ အခွေပေါ်မှာပါတဲ့ အရုပ်တွေကို ကြည့်ပြီး ဝယ်ကြတာများပါတယ်။
အိမ်က လူကြီးတွေကလည်း အခွေကာဗာ လောက်ကိုပဲကြည့်ပြီး စစ်ဆေးနိုင်ပါတယ်။
အတွင်းမှာပါတဲ့ ဇာတ်လမ်းထဲမှာပါတဲ့ ကလေးတွေအတွက် မသင့်တော်တဲ့ ပြကွက်တွေ ပါကောင်း
ပါနိုင်ပါတယ်။ ဒီပြကွက်တွေကိုကြည့်ပြီး အတုမြင်အတတ်သင် ဆိုတဲ့စကားလို လက်တဲ့စမ်းမိသွားရင် ကလေးတွေရဲ့ အနာဂတ်ကို
အများကြီး ထိခိုက်စေနိုင်ပါတယ်။” ဟုကျောင်းဆရာ တစ်ဦးက ဆိုပါသည်။
မြန်မာယဉ်ကျေးမှု
ဓလေ့စရိုက်များတွင် အဆိုပါ လိင်မှုကိစ္စများကို အချို့သော မိသားစုများတွင်သာ မိခင်မှ
သမီးဖြစ်သူကို သွန်သင် ဆုံးမလေ့ရှိသလို ဖခင်ဖြစ်သူက သားအားပညာပေးသော အစဉ်အလာရှိသော်လည်း
မိသားစု အများစုမှာ လိင်မှုကိစ္စများ၏ ဆောင်ရန်၊ ရှောင်ရန် အသိပညာများကို
ဖြန့်ဝေအသိပေးမှု နည်းပါးခဲ့ကြောင်း ယနေ့ခေတ်ကာလတွင် မိဘများအနေဖြင့် စီးပွားရေး၊
လူမှုရေး၊ ကိစ္စများကြောင့် သားသမီးများ အတါက် အချိန်ပေးနိုင်မှု ပိုမို
လျော့နည်းလာပြီး ခေတ်ပေါ် ရုပ်ဝတ္ထုပစ္စည်းများဖြင့်သာ သားသမီးများအား
ဂရုတစိုက်ရှိကြောင်း ပြဆိုနေရသည့် အခြေအနေဖြစ်ကြောင်း အဆိုပါ
ခေတ်ပေါ်ပစ္စည်းများဖြစ်သည့် တီဗွီ၊ ဒီဗွီဒီနှင့် ကွန်ပျူတာ အင်တာနက်များနှင့်
ဆက်စပ်ပစ္စည်းများမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ အပြုအမူများ လွှမ်းမိုး ရာမှာစတင်ပြီး
ကျောင်းတွင်း ကျောင်းပြင် လူမှုရေးပြဿနာများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း လေ့လာသိရှိ
ရပါသည်။
“မိဘတွေက
ကိုယ့်သားသမီးအကြောင်းကို တတ်နိုင်သမျှ သိထားဖို့လိုတယ်။ ကိုယ့်သားသမီးနဲ့
နွေးနွေးထွေးထွေး ဆက်ဆံနိုင်ရမယ်။ ဘာတွေ ကြည့်နေလဲ၊ ဘာတွေလုပ်နေလဲ၊ ဘာတွေစိတ်ဝင်စားနေလဲ
သိလဖို့လိုတယ်။ ကိုယ့်သားသမီး အရွယ်မရောက်သေးတဲ့အတွက် နွေးနွေးထွေးထွေး ဆက်ဆံပြီး
သူတို့ရဲ့ အီးမေး passward တို့ ဖုန်း SMS တို့ကို စစ်ဆေးသင့်တယ်။ သိထားသင့်တယ်
ဒါမှ လမ်းလွဲနေတာ ရှိ၊မရှိ သိနိုင်မယ်။ လမ်းလွဲနေတဲ့ တစ်ခုခုကို သိသွားရင်
အလန့်တကြားဖြစ်တာမျိုး ရိုက်နက်ဆုံးမတာမျိုး၊ ကလေးက နိုင်ထက်စီးနင်း လုပ်တယ်လို့
ယူဆသွားနိုင်တာမျိုး မလုပ်သင့်ဘူး။ အသက် ၁၀နှစ်ကျော်အရွယ် ပျိုဖေါ်ဝင်ချိန် ကစပြီး
ကလေးတွေက လိင်ကိစ္စကို စူးစမ်းချင်စိတ်ဖြစ်လာနိုင်တယ်။ ဒါကြောင့်
ကောင်းကျိုးဆိုးကျိုးတွေ ထိခိုက်နစ်နာစေနိုင်တဲ့ ကိစ္စရပ်တွေ ရှောင်ကြဉ်ရမယ့်
ကိစ္စရပ်တွေကို ကလေးရဲ့ အသက်အရွယ်အလိုက် ပြောပြ ရှင်းပြထားရမယ်။ နည်းပညာတွေရဲ့
ကောင်းကျိုးကလည်း များတဲ့အတွက် ပိတ်ပင်တာမြစ်တာမျိုး မလုပ်ပဲ ကလေးရဲ့ အသက်အရွယ်နဲ့
လိုက်ဖက်တဲ့ ရင့်ကျက်မှုရှိစေမယ့် အသိပညာရှိနေဖို့ ဆရာ မိဘ အသိုင်းအဝိုင်းက
ဆောင်ရွက်ထားသင့်ပါတယ်။” ဟု ဒေါ်ခင်အေးဝင်းက သုံးသပ်ပါသည်။
တီဗွီ တို့
အင်တာနက်တို့ကနေ ကလေးတွေဟာ ဆန့်ကျင်ဘက် လိင်ရဲ့အကြောင်းတွေကို ပိုသိလာမယ်။
ဒီကနေတစ်ဆင့် စမ်းသပ်ကြည့်ဖို့ စိတ်ကူးလာမယ်။ ရွယ်တူ အပေါင်းအသင်းတွေထဲမှာ
ဒီလိုဖြစ်နေတဲ့ သူနဲ့ တွေ့မယ်ဆိုရင် အကောင်အထည် ပေါ်သွားမယ်။ ဒါကြောင့်
မိဘတွေအနေနဲ့ ကလေးတွေကို နွေးနွေးထွေးထွေး ဆက်ဆံသင့်ပြီး အလွန်အကျွံ
အလိုမလိုက်သင့်ပါဘူး။ အခွေကြည့်တာကအစ သူတို့ အသက်အရွယ်နဲ့ လိုက်ဖက်မယ့် ဇာတ်ကားကို
ကိုယ်တိုင် ဝယ်ပေးသင့်ပါတယ်။ အိမ်မှာ ဂြိုလ်တုစလောင်းတို့ အင်တာနက်တို့
ရှိမယ်ဆိုရင်လည်း ကလေးတွေ အလွယ်တကူ အသုံးမပြုနိုင်အောင် အကာအကွယ်တွေ
ထားရှိသင့်ပါတယ်။” ဟု ကလေးသူငယ် ပြုစုပျိုးထောင်မှုဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက
အကြံပြုပါသည်။
ကလေးသူငယ်များ
အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်းရှင်းပါ ကလေးသူငယ်များ၏ အခွင့်အရေးများကို
အကောင်အထည်ဖေါ် ဆောင်ရွက်ရန် ကလေးသူငယ်များ၏ အခွင့်အရေးများကို အကောင်အထည်ဖေါ်
ဆောင်ရွက်ရန် ရည်ရွယ်ချက်ဖြင့် ကလေးသူငယ် ဥပဒေကို ၁၉၉၃ခု ဇူလိုင်လ ၁၄ရက်နေ့တွင်
ဥပဒေအမှတ် ၉/၉၃ဖြင့် ပြဌာန်းခဲ့သည်။ ကလေးသူငယ် ဥပဒေအရ ကလေးသူငယ်ဆိုသည်မှာ ၁၆နှစ်
မပြည့်သေးသော သူများကို ဆိုလိုကြောင်း သိရသည်။
ကလေးသူငယ်များအား
လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချခြင်းမှတဆင့် ကလေးသူငယ်မှုခင်းများ ဖြစ်ပေါ်
လာနိုင်ကြောင်း ထို့ကြောင့် မိမိတို့၏ ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ
အလွဲအသုံးမချစေရန် အုပ်ထိန်းသူများက ကာကွယ်စောင့်ရှောက်ရမည် ဖြစ်ကြောင်း
ဥပဒေပညာရှင်များက အကြံပေး ပြောကြားခဲ့သည်။
ကလေးသူငယ်
ဥပဒေအရ ဖွဲ့စည်းထားသော ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ အမျိုးသား ကော်မတီ၏
တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင်လည်း ကလေးသူငယ်မှုခင်းများ မဖြစ်ပွားစေရန်
ကြိုတင်ကာကွယ်နိုင်ရေး အတွက် လုပ်ငန်း အစီအစဉ်များ ချမှတ် ဆောင်ရွက်ခြင်းဟူသည့်
အချက်ပါဝင်နေသည်ကို ကလေးသူငယ် ဥပဒေပုဒ်မ ၅(စ) အရ သိရသည်။
ကလေးသူငယ်(မိန်းကလေး)
များအား ပြည့်တန်ဆာအဖြစ် အသက်မွေးဝမ်းကြောင်း ပြုခိုင်းခြင်းမှာလည်း ကလေးသူငယ်
လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချခြင်းပင်ဖြစ်ကြောင်း မိမိအုပ်ထိန်းမှုအောက်ရှိ အသက်
၁၆နှစ်မပြည့်သေးသော မိန်းကလေးသည် ပြည့်တနဆာအဖြစ် အသက်မွေးဝမ်းကျောင်း ပြုနေသည်ကို
သိလျက်နှင့် လျစ်လျူရှူ့ထားခြင်း၊ မိမိ အုပ်ထိန်းမှုအောက်ရှိ ကလေးသူငယ်အား
ပြည့်တဆာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူနှင့် အတူနေထိုင်စေရန် သို့မဟုတ်
ပေါင်းသင်းသွားလာစေရန် ခွင့်ပြုခြင်းကို ကျူုးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင်
ထိုသူအား ထောင်ဒဏ်နှစ်နှစ် အထိဖြစ်စေ၊ ငွေဒဏ် ၁၀၀၀၀ အထိဖြစ်စေ
ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ကလေးသူငယ် ဥပဒေပုဒ်မ ၆၆(က) (ခ) တွင်ပြဌာန်း
ထားကြောင်း အထက်တန်း ရှေ့နေတစ်ဦးက ဆိုပါသည်။
ကလေးသူငယ်များကို
လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချမှု တစ်ခုပင်ဖြစ်သော ကလေးသူငယ်များအား ညစ်ညမ်းသော
ရုပ်ရှင်၊ ဗွီဒီယို၊ ရုပ်မြင်သံကြား သို့မဟုတ် ဓါတ်ပုံရိုက်ကူး ပါကလည်း
ပြစ်မှုထင်ရှားလျှင် ထောင်ဒဏ်နှစ်နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်ကြောင်း ယင်းကပင်
ဆက်လက်ပြောကြားသည်။
ကလေးသူငယ်
မိန်းကလေးက ခွင့်ပြုသည်ဖြစ်စေ ခွင့်မပြုသည်ဖြစ်စေ ထိုမိန်းကလေးသည် ၁၄နှစ်အောက်
အရွယ်ရှိသည်ဖြစ်ပါက ကာမစပ်ယှက်လျှင် မုဒိမ်းမှုမြောက်ကြောင်း
မုဒိမ်းမှုကျူးလွန်သူကို တစ်သက်တစ်ကျွန်း ဖြစ်စေ ဆယ်နှစ်ထိ ထောင်ဒဏ်မျိုးဖြစ်စေ
ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၇၅၊
၃၇၆အရ သိရသည်။
ထို့အပြင်
အရွယ်ရောက်ပြီး ယေက်ျားလေးများအနေဖြင့် ကလေးသူငယ် မိန်းကလေးများကိုသာမက ကလေးသူငယ်
ယေက်ျားလေးများကို လိင်တူဆက်ဆံပါကလည်း ပြစ်မှုမြောက်ကြောင်း ဥပဒေ ပညာရှင် တစ်ဦးက
ပြောကြားခဲ့သည်။
ပြစ်မှုဆိုင်ရာ
ဥပဒေပုဒ်မ ၃၇၇တွင် ယေက်ျားနှင့်ဖြစ်စေ မိန်းမနှင့်ဖြစ်စေ တိရိစ္ဆာန်နှင့်ဖြစ်စေ
မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို တစ်သက်တစ်ကျွန်း ဒါဏ်ဖြစ်စေ ၁၀နှစ်အထိ
ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း
ပြဌာန်းထားသည်ကို သိရသည်။
မည်သူမဆို
ညစ်ညမ်းသောစာအုပ် စာအုပ်ငယ် စာရွက်စာတမ်း ရေးဆွဲထားသောပုံ၊ ပန်းချီကား၊ ပုံသဏ္ဍာန် ရုပ်ပုံအမျိုးမျိုးကို
သို့တည်းမဟုတ် ညစ်ညမ်းသော အရာဝတ္ထုကို ရောင်းခြင်း၊ ထုတ်ငှားခြင်း ဝေငှခြင်း၊
အများပြည်သူတို့ မြင်သာအောင်ပြခြင်း၊ တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ်
ထုတ်လုပ်လျှင် သို့တည်းမဟုတ် လက်ရှိထားလျှင် ထိုသူကို သုံးလအထိ
ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၂အရ
သိရသည်။
ထို့အပြင်
မည်သူမဆို ညစ်ညမ်းသော အရာဝတ္ထုတစ်ခုခုကို အသက်၂၀ မပြည့်သေးသောသူ တစ်ဦးတစ်ယောက်ကို
ရောင်းခြင်း၊ ထုတ်ငှားခြင်း၊ ဝေငှခြင်း၊ ပြခြင်း၊ ဖြန့်ချီခြင်း
တစ်ခုခုကိုပြုလျှင် သို့တည်းမဟုတ် ထိုသို့ပြုရန် ကမ်းလှမ်းခြင်း၊ အားထုတ်ခြင်း
တစ်ခုခုကိုပြုလျှင် ထိုသူကို ခြောက်လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ
ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၃တွင်
ပြဌာန်းထားချက်အရသိရသည်။
www.first-11.com/bodet.php?id=4




