15
Mar

ကျန်းမာရှင်သန် ကူညီရေး အသင်း HIV ဝေဒနာရှင် ၆ဝ ဦးအား အာဟာရ ဒါနပြုမည်

ကျန်းမာရှင်သန် ကူညီရေး အသင်းမှ HIV ဝေဒနာရှင် ၆ဝ ဦးအား မတ်လ ၁၈ ရက်၌ အာဟာရ ကျွေးမွေးခြင်း ပြုလုပ် သွားမည်ဟု သိရသည်။ ကစီဓာတ် ပါဝင်သော အစားအစာ၊ ပဲဓာတ် ပါသော အစားအစာနှင့် အဆီဓာတ် ပါသော အစားအစာ စသည့် သုံးမျိုးကို အာဟာရ အဖြစ် ကျွေးမွေး သွားမည်ဟု ၄င်း အသင်းမှ ဒေါက်တာ မြင့်မော်က ပြောသည်။

ယင်းသို့ အာဟာရ ကျွေးမွေးရာတွင် ရုပ်ရှင် မင်းသား၊ မင်းသမီး၊ အဆိုတော် စသော အနုပညာရှင် များကို ဖိတ်ခေါ်၍ စိတ်ဓာတ် မြင့်တက် လာစေရန် နှစ်သိမ့် ဆွေးနွေးပေးခြင်းကိုလည်း ထည့်သွင်း လုပ်ဆောင်သွားမည်ဟု သိရသည်။ ”စိတ်ဓာတ်ကျရင် ဆေးကုလို့ မရဘူး။ ဆေးကုလို့ ရအောင် ဂရုတစိုက် အားပေးရတယ်။ HIV ဝေဒနာရှင်တွေ စိတ်ဓာတ် မကျအောင်လို့ နှစ်သိမ့် ဆွေးနွေးတာကို အနုပညာ ရှင်တွေ ပါဝင်အားပေးတာမျိုးကို လုပ်ပေးတာ” ဟု ၄င်းက ဆိုသည်။

ကျန်းမာရှင်သန် ကူညီရေးအသင်းမှ NGO နှင့် INGO အဖွဲ့များ၏ ကူညီမှုများဖြင့် နယ်လှည့် ဆေးကုသခြင်းကို ပြုလုပ်လျက် ရှိပြီး နှစ်သိမ့်ဆွေးနွေး၊ ပညာပေးခြင်းကို လုပ်ဆောင် ပေးကြောင်း ၄င်းအသင်းမှ သိရသည်။  အာဟာရ ပေးပွဲသို့ တက်ရောက်မည့် အနုပညာရှင် များကိုမူ ရိုက်ရက်များနှင့် ချိန်ညှိပြီး ခေါ်ယူရမည် ဖြစ်သည့် အတွက် အတိအကျ မသိသေးကြောင်း ၄င်းက ပြောသည်။ ယင်းသို့ အာဟာရ ကျွေးမွေးခြင်းကို ၂ဝဝ၄ ခုနှစ်မှ စ၍ လစဉ် တစ်လ တစ်ကြိမ် ပြုလုပ်ပေးလျက်ရှိပြီး ယင်းကို FFH (Friend For Health) မှ လစဉ်ပံ့ ပိုးပေးကြောင်း သိရသည်။

ကျန်းမာ ရှင်သန် ကူညီရေး အသင်းကို ၂ဝဝ၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး HIV ဝေဒနာရှင် ၂ဝဝ ခန့်ကို ကူညီစောင့် ရှောက်ပေးလျက် ရှိကြောင်း သိရသည်။ HIV ပိုးရှိ၊ မရှိ သွေးစစ်လိုသူများ ရှိပါကလည်း ၄င်းအသင်းသို့ အခမဲ့ သွားရောက် စစ်ဆေးနိုင်ပြီး သွေးလာရောက် စစ်သူများကို ခရီးစရိတ် ပြန်ထုတ်ပေးကြောင်း ၄င်းက ပြောသည်။ သွေးစစ် လို၍ ဖြစ်စေ၊ လှူဒါန်းလို၍ ဖြစ်စေ ကျန်းမာရှင်သန် ကူညီရေး မာဃကျောင်းတိုက်၊ (င) ရပ်ကွက်၊ သန္တာ (၁၅) လမ်း၊ မြောက်ဥက္ကလာပ၊ ဖုန်း-ဝ၉-၇၃၂၁၃၃၅ဝ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

မြတ်စုငြိမ်း

Popular - ကျန်းမာရှင်သန် ကူညီရေး အသင်း HIV ဝေဒနာရှင် ၆ဝ ဦးအား အာဟာရ ဒါနပြုမည် 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top