မိမိ၏ ဘ၀သက်တမ်းအား လူ့အဖွဲ့အစည်းအတွက် နှစ်မြှုပ်လျက် အိန္ဒိယရှိ မွတ်စလင် အမျိုးသမီးတစ်ဦးမှာ ကျန်းမာရေး စောင့်ရှောက်မှု စင်တာတစ်ခုဖွင့်ကာ HIV ပိုး ကူးစက်ခံနေရသူ ဟိန္ဒို ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေသည်ဟု သိရသည်။
Snehadeep ဟု အမည်ရသည့် အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုစင်တာကို နိုင်ငံအနောက်တောင်ပိုင်း ဘန်ဂလော ပြည်နယ်တွင် လွန်ခဲ့သည့် ၂ နှစ်မှစတင်ကာ ဖွင့်လှစ်ထားခြင်းဖြစ်ပြီး HIV ရောဂါသည် ကလေးများအား ပြုစုစောင့်ရှောက်ပေးနေသည်။
“ဒီ Snehadeep စင်တာမှာ အသက် ၇ နှစ်ကနေ ၁၂ နှစ်အရွယ် HIV ပိုး ကူးစက်ခံနေရသူ ဟိန္ဒူကလေး ၁၄ ဦးကို ပြုစုစောင့်ရှောက်ပေးနေပါတယ်” ဟု အဆိုပါစင်တာကို တည်ထောင်ခဲ့သည် မွတ်စလင်အမျိုးသမီး တာဘက်ဆမ်က Bangalore Mirror သတင်းစာသို့ အောက်တိုဘာ ၁၅ ရက်နေ့က ပြောကြားခဲ့သည်။
တာဘက်ဆမ်၏ အနီးကပ်ဆုံး မိတ်ဆွေဖြစ်သူမှာ HIV ပိုး ကူးစက်နေကြောင်း တွေ့ရှိရပြီး ၂ ရက်အကြာတွင် သေဆုံးခဲ့ပြီးနောက်ပိုင်းမှစတင်ကာ တာဘက်ဆမ်မှာ HIV ပိုးကူးစက်ခံနေရသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။
“လွန်ခဲ့တဲ့ ၁၄ နှစ်လုံးလုံး ကျွန်မဟာ HIV ပိုးရှိတဲ့ ကလေးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေကို ပြုစုစောင့်ရှောက်ပေခဲ့ပါတယ်။ ဒီအဖြစ်အပျက် (အနီးကပ်ဆုံး မိတ်ဆွေ သေဆုံးသွားပြီးတဲ့) နောက်ပိုင်းမှာ ကျွန်မဲ့ ရှုမြင်ပုံဟာ ပြောင်းလဲသွားခဲ့ပါတယ်” ဟု သူမကဆိုသည်။
ထို့ပြင် ဟိန္ဒူအများစုရှိသည့် အိန္ဒိယတွင် မွတ်စလင်အမျိုးသမီး တစ်ယောက်က NGO တွင် လုပ်ကိုင်မှုအတွက် စိန်ခေါ်မှုများရှိနေပြီး၊ Snehadeep စင်တာအား စတင်ဖွင့်လှစ်စဉ် အခါကလည်း စိန်ခေါ်မှုများ ကြုံတွေ့ခဲ့ရသည်ဟု တာဘက်ဆမ်က ဖွင့်ဟခဲ့သည်။
HIV/AIDS အစီအစဉ်များကို ဆောင်ရွက်နေသည့် ကုလမဂ္ဂ UNAIDS အဖွဲ့၏ စစ်တမ်းများအရ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာပေါ်၌ HIV ပိုးကူးစက်ခံရသူ ၃၄ သန်း ရှိနေသည်ဟု သိရသည်။
HIV ပိုး ကူစက်ခံနေရသူ ကလေးများအား မိဘများ၊ ဆွေမျိုးသားချင်းများက စွန့်ပစ်သွားခဲ့ပြီး ၎င်းတို့မှာ ဆိုးရွားသော အခြေအနေများကို ကြုံတွေ့နေရကာ စိတ်ဒဏ်ရာများလည်း ရရှိကြသည်ဟု တာဘက်ဆမ်က ဆိုသည်။
“မကြခဏဆိုသလို မိဘတွေဟာ သူတို့ကလေးတွေနဲ့ ဝေးရာကို ထွက်သွားကြပါတယ်။ ဒီကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာတွေထက် စိတ်ဒဏ်ရာတွေ ခံစားရပြီး၊ အတွယ်အတာကို လိုချင်ကြပါတယ်” ဟု ဆိုပြီး ထိုကလေးများ၏ နောက်ဆုံးအချိန်အတွက် အကောင်းဆုံးပေးဆပ်ရန် ကြိုးစားနေသည်ဟုလည်း တာဘက်ဆမ်က ထည့်သွင်းပြောကြားခဲ့သည်။
HIV ပိုးရှိသူ ကလေးငယ်များအား ပြုစုစောင့်ရှောက်ပေးနေသည့် Snehadeep စင်တာအတွက် ရန်ပုံငွေရရှိရေးမှာ ကြီးမားသော အခက်အခဲတစ်ခုဖြစ်နေသည်။
“တနင်္ဂနွေလို နေ့မျိုးမှာ ကျွန်မဟာ တစ်အိမ်တက်ဆင်းသွားပြီး အကူအညီတောင်းပါတယ်။ ဘီစကွတ်ထုတ်လေး တစ်ထုတ်ဖြစ်ဖြစ် ရရှိတာဟာ ကလေးတွေအတွက် ထူးခြားမှုကို ဖြစ်စေပါတယ်။ အစားအသောက်အတွက် ရန်ပုံငွေရရှိဖို့ဟာ အမြဲလိုလို ကြီးမားတဲ့ စမ်းသပ်မှုကြီးပါပဲ” ဟု သူမက နိဂုံးချုပ်အနေဖြင့် ပြောကြားခဲ့သည်။




