30
Aug

ကျန်းမာရေး အသိပညာ ပေးရာတွင် သတိပြုသင့်သော အချက်များ (Risk Communication)



အမေရိကန်နိုင်ငံမှာ
စက်တင်ဘာ (၁၁)၊ ၂၀၀၁ ခုနှစ်က ဖြစ်သွားခဲ့တဲ့ လေယာဉ် အနုကြမ်းစီးပြီး အကြမ်းဖက် တိုက်ခိုက်မှုကြောင့်
အဲဒီအချိန်တစ်ဝိုက်မှာ အမေရိကန် နိုင်ငံက လူအများစုဟာ လေယာဉ် စီးရမှာကို ကြောက်ရွံ့
သွားခဲ့ကြပါတယ်။ အဲဒီလို ဖြစ်ပြီး သိပ်မကြာခင်လေးမှာ လေယာဉ်စီးပြီး ခရီးသွားနေကျ အမျိုးသမီး
တစ်ဦးက လေယာဉ် မစီးတော့ဘဲ သူသွားရမယ့် ခရီးကို ကားနဲ့ သွားဖို့ ရွေးချယ်ခဲ့ပါတယ်။
အဲဒီ ခရီးလမ်းမှာပဲ ကားတိုက်မှု ဖြစ်ပြီး သူမ သေဆုံး သွားခဲ့ပါတယ်။

ကောက်ယူထားတဲ့
ကိန်းဂဏန်း စာရင်း ဇယားတွေအရ ကြည့်မယ်ဆိုရင် အမေရိကန် နိုင်ငံမှာ လေယာဉ်ကြောင့် သေဆုံးရမှုက
ကားကြောင့် သေဆုံးရမှုထက် ပိုပြီး အန္တရာယ် နည်းပါးတယ်လို့ တွေ့ရပါတယ်။ အဲဒီတော့ ကိုယ့်အသက်
အန္တရာယ်ကို စိုးရိမ်တယ်ဆိုရင် အဲဒီအမျိုးသမီး ဘယ်နည်းလမ်းကို ရွေးချယ် သင့်ပါသလဲ။

ဒါပေမယ့်
လတ်တလော ဖြစ်ထားတဲ့ ကြောက်စရာ ဖြစ်ရပ်ကြီးကို စိတ်ထဲမှာ မထားဘဲ နည်းလမ်းတကျ ရွေးချယ်နိုင်ဖို့ဆိုတာ
ပြောလို့ လွယ်သလောက် လုပ်ရတာ ဘယ်လောက် ခက်မယ်ဆိုတာ သိသာပါတယ်။ အဲဒီ
ကြောက်စိတ်ရဲ့ အခြေအမြစ်တွေကို ကျန်းမာရေး သတင်းအချက်အလက် မျှဝေတဲ့သူတွေ နားလည်ထားမှ
အများပြည်သူကို ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်တွေ ပေးတဲ့အခါ အကြောက်လွန်ပြီး အန္တရာယ်
ပိုများတဲ့ နည်းလမ်းတွေကို မရွေးချယ်မိကြအောင် ကူညီနိုင်ကြမယ်လို့ ထင်ပါတယ်။

ကျန်းမာရေး
အသိပညာပေးရာမှာ စကားလုံး အသုံးအနှုန်းကြောင့် ထိခိုက်ခဲ့ဖူးတာလေးတွေ ရှိပါတယ်။ “အေအိုင်ဒီအက်(စ်)
သည် ကုရာနတ္ထိ ဆေးမရှိ”၊ “အေအိုင်ဒီအက်(စ်) ဖြစ်လျှင် သင် မုချ သေမည်” စတဲ့ စကားလုံးတွေ
သုံးခဲ့ကြတဲ့အတွက် ကြောက်သင့်တာကို မကြောက်ဘဲ၊ မကြောက်သင့်တာတွေကို အကြောက်လွန် ခဲ့တာမျိုးတွေ
ဖြစ်ခဲ့ဖူးပါတယ်။

ကြောက်သင့်တာက
အေအိုင်ဒီအက်(စ်) ရောဂါပိုး ကိုယ့်ထံကို ၀င်ရောက်လာနိုင်မယ့် အပြုအမူတွေ။ မကြောက်သင့်တာက
အိတ်ခ်ျအိုင်ဗွီပိုးနဲ့ နေထိုင်ကြတဲ့သူတွေ၊ အေအိုင်ဒီအက်(စ်) ဝေဒနာရှင်တွေ။ သူတို့က
ကိုယ့်ကို အန္တရာယ် ပေးနိုင်တာမှ မဟုတ်တာ။ ကိုယ့်အပြုအမူ တွေကသာ ကိုယ့်ကို အန္တရာယ် ပေးနိုင်တာ။

ဒါပေမယ့်
“သေကို သေမှာ၊ ကုလို့ မရဘူး” ဆိုတဲ့ စကားက လူတွေရဲ့ တွေးခေါ်စဉ်းစား နိုင်စွမ်းကို ကြောက်စိတ်နဲ့
ဖုံးပစ်လိုက်တဲ့အတွက် ရောဂါရှိသူတွေ၊ ရောဂါပိုးနဲ့ နေထိုင်နေရသူတွေကို အသက်အန္တရာယ်
ပြုတဲ့အထိ အဖြစ်ဆိုးတွေ ကြုံခဲ့ ရဖူးပါတယ်။

အမေရိကန်
နိုင်ငံရဲ့ ၃၂ ယောက်မြောက် သမ္မတဖြစ်တဲ့ ဖရန်ကလင်ရုစဗဲ့က “ကျွန်ုပ်တို့ရဲ့ တစ်ခုတည်းသော
ကြောက်စရာက ကြောက်စိတ်ပါပဲ” လို့ ပြောခဲ့ဖူးပါတယ်။ လူတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့
ကြားသိရချက်တွေ အပေါ်မှာ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို သုတေသန လုပ်ရာက ရလာတဲ့
တွေ့ရှိချက် အချို့ကို ပြောပြချင်ပါတယ်။

(၁)
ဘာတွေ ဖြစ်နိုင်တယ် ဆိုတာကို ပိုသိရင် ပို ကြောက်တယ်။

(၂)
အန္တရာယ်က ဘာတွေဖြစ်မယ် ဆိုတာကို မသေချာရင် ပိုကြောက်တယ်။

(၃)
အဲဒီ အန္တရာယ်က ကိုယ့်ဆီမှာ ဖြစ်နိုင်တယ်လို့ ခံစားရရင် ပိုကြောက်တယ်။

(၄)
အများစုက အန္တရာယ် တစ်ခုအကြောင်း ကြားရင် အဲဒါက တခြားသူတွေမှာပဲ ဖြစ်မှာပါ။ ငါ့မှာတော့
မဖြစ်နိုင်ပါဘူးလို့ တွေးလေ့ရှိကြတယ်။

(၅)
အန္တရာယ်က အရင်က မဖြစ်ဖူး၊ မကြားဖူတဲ့ အန္တရာယ် အသစ်ဆိုရင် ပိုကြောက်တယ်။

(၆)
တစ်နေရာတည်းမှာ အကြီးအကျယ် ဖြစ်တာမျိုးဆိုရင် ပိုကြောက်တယ်။ ဥပမာ - တစ်နိုင်ငံလုံးမှာ
နှလုံးရောဂါနဲ့ သေဆုံးသူ အရေအတွက်က တစ်နေ့ အယောက် (၂၀၀၀) ရှိတယ်။ ဒါပေမယ့် ဗုံးပေါက်ကွဲမှုကြောင့်
သေဆုံးသူ အရေအတွက်က အယောက် (၅၀) ဖြစ်နေမယ်ဆိုရင် လူတွေက ဗုံးပေါက်ကွဲမှုကို ပိုကြောက်ကြပါတယ်။
နှလုံးရောဂါနဲ့ သေဆုံးတာက တစ်နေရာတည်းမှာ စုပြုံပြီး ဖြစ်ကြတာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။

(၇)
အန္တရာယ်က ကိုယ်က လုပ်ယူတာမျိုးဆိုရင် သိပ်မကြောက်ကြဘူး။ ဥပမာ - လိင်မှုကိစ္စ အပျော်အပါး
လိုက်စားရာမှာ ကွန်ဒုံး မသုံးတာမျိုးလို့ ပြောရမယ် ထင်ပါရဲ့။

(၈)
အန္တရာယ်ကို ကိုယ်က ချုပ်ထိန်းနိုင်စွမ်း ရှိတယ်လို့ ယူဆရင် သိပ်မကြောက်ကြဘူး။ ဥပမာ
- မော်တော်ဆိုင်ကယ်ကို ခေါင်းဆောင်း မပါဘဲ စီးတာမျိုးပေါ့။

(၉)
ကိုယ့်ကို အန္တရာယ်ကနေ ကာကွယ်ပေးနိုင်မယ်။ လိုအပ်တဲ့ သတင်းအချက်အလက်တွေ ပေးနိုင်မယ်လို့
ယူဆထားတဲ့ သူတွေကို ယုံကြည်ရင် သိပ်မကြောက်ကြဘူး။ မယုံကြည်ရင် ပိုကြောက် ကြတယ်။ ဥပမာ-
ပြည်သူ့ ကျန်းမာရေးကို အမှန်တကယ် ဆောင်ရွက်တဲ့ အုပ်ချုပ်သူ အစိုးရတွေကြောင့် ပြည်သူတွေရဲ့
ကြောက်ရွံ့ ထိတ်လန့်မှုက အလွန်အကျွံ မဖြစ်ဘူး။ ၂၀၀၀ ခုနှစ်မှာ နွားရူးရောဂါ ဖြစ်ခဲ့တုန်းက
ဂျာမဏီနိုင်ငံက ကိုင်တွယ် ဖြေရှင်းခဲ့ပုံက မှန်ခဲ့တဲ့အတွက် လအနည်းငယ် အတွင်းမှာပဲ ပြည်သူတွေ
ကြောက်စိတ် လျော့ပါးသွားပြီး အမဲသား ဈေးကွက်က ပုံမှန် ပြန်ဖြစ် သွားခဲ့တယ်။ ဒါပေမယ့်
အလားတူ ဖြစ်ရပ်ကို ဂျပန်နိုင်ငံက ကိုယ်တွယ် ဖြေရှင်းပုံ မှားခဲ့တဲ့အတွက် ဂျပန်နိုင်ငံရဲ့
အမဲသား ဈေးကွက်က တော်တော်နဲ့ ပုံမှန် ပြန်ဖြစ် မလာခဲ့ဘူး။

ကျန်းမာရေးဆိုင်ရာ
အန္တရာယ်တွေအကြောင်း ပညာပေး မျှဝေတဲ့အခါမှာ တစ်စုံတစ်ခုကို အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်
သွားအောင် ပြောမယ့်အစား သတင်း အချက်အလက်တွေကို ပြည့်ပြည့်စုံစုံပေးပြီး လူတွေကို မှန်မှန်ကန်ကန်
ရွေးချယ်နိုင်အောင် အကူအညီ ပေးရမှာ ဖြစ်ပါတယ်။

-
အဖြစ်အပျက်တစ်ခုဟာ ဖြစ်နိုင်ခြေ ဘယ်လောက်များသလဲ။

-
ဘယ်လို ကာကွယ်နည်းတွေ ရှိသလဲ။

-
ဘယ်လို ရွေးချယ်စရာတွေ ရှိသလဲ

-
အန္တရာယ် ဘယ်လောက်အထိ ကြီးနိုင်သလဲ

စတာတွေကို
သေသေချာချာ နားလည်အောင် အကူအညီ ပေးနိုင်မယ်ဆိုရင် အများပြည်သူမှာ မိမိဘ၀အတွက် မိမိကိုယ်တိုင်
မှန်ကန်စွာ ရွေးချယ်နိုင်စွမ်းတွေ ပိုမို တိုးမြင့်လာပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့
အပြုအမူတွေကို ပိုမို ဆောင်ရွက်ဖြစ်ဖို့ အခွင့်အလမ်းတွေ ပိုများလာနိုင်ပါတယ်။



Tune

February
27, 2009

Public Health in Myanmar
- ကျန်းမာရေး အသိပညာ ပေးရာတွင် သတိပြုသင့်သော အချက်များ (Risk Communication)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top