12
Jul

ကျပ် ၂၀၁၇၇ သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရှမ်းပြည်နယ်မြောက်ပိုင်း၌ဖမ်းဆီးရမိ



မူးယစ်ဆေးဝါး ပပျောက်ရေး (၁၅) နှစ်စီမံကိန်းအရ ယခုနှစ်သည်
တတိယ ငါးနှစ်စီမံကိန်း အတွင်းသို့ ရောက်ရှိနေပြီး ၂၀၀၈-၂၀၀၉ ခုနှစ် အတွင်း မြန်မာကျပ်ငွေ
၂၀၁၇၇ သန်း ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ရှမ်းပြည်နယ်
မြောက်ပိုင်း၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရပါသည်။

 

အဆိုပါ စီမံကိန်းကို ၁၉၉၉-၂၀၀၀ ပြည့်နှစ်မှစတင် အကောင်အထည် ဖော်ခဲ့ရာမှ
၂၀၁၄-၂၀၁၅ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ အကောင်အထည်ဖော်
ဆောင်ရွက်မည့် အစီအစဉ်အရ မူးယစ်ဆေး စွဲသူများအား ရွှေပြည်သာ၊ ရွှေပြည်အေး၊
ရွှေပြည်သစ် လူငယ်ပြုစု ပျိုးထောင်ရေး စခန်းသုံးခုတွင် ဆေးကုသပေးခြင်းဖြင့်
ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရှိရသည်။

 

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း မြန်မာကျပ်ငွေ သန်းပေါင်း ၂၀၁၇၇
သန်းကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများကို ရှမ်းပြည် နယ်မြောက်ပိုင်း၌
ဖမ်းဆီးရမိခဲ့ရာတွင် ဘိန်းဖြူ ၉၆ ဒသမ ၆၁ ကီလို၊ ဘိန်းညိုမှုန့် ၂၀ ဒသမ ၁၂ ကီလို၊
ဘိန်းရည် ၄၀ ဒသမ ၃၂ လီတာ၊ ဘိန်းဆီခဲ ၈ ဒသမ ၂၃ ကီလို၊ စိတ်ကြွရူးသွပ် ဆေးပြား ၈၂
ဒသမ ၇၉ လီတာ၊ စိတ်ကြွရူးသွပ် ဆေးမှုန့် ၄၇ ဒသမ ၂၈ကီလို၊ မက်အဖက် တမင်း (
ICE) ၁ ဒသမ ၅၀ ကီလို၊ အက်ဖီဒရင်းဆေးပြား ၁၅၈၈ ဒသမ ၁၀ ကီလို၊
အက်ဖီဒရင်းဆေး မှုန့် ၅၆၆ ဒသမ ၇၂ကီလို၊ ဆူဒိုအက်ဖီ ဒရင်းဆေးတောင့် ၃၀၉၄၀၀ တောင့်၊
ကဖင်း ၅ ဒသမ ၉၂ကီလို၊ ဓာတု ဆေးရည် ၁၂၈၃၉ ဒသမ ၇၉ လီတာ၊ ဓာတုဆေးမှုန့် ၁၂၇ ဒသမ ၈၃
ကီလို၊ ဆေးပြားရိုက်စက်နှစ်လုံး၊ ဘိန်းမျိုးစေ့ ၅၄ ပြည်နှင့် ဆက်စပ်
ပစ္စည်းမျိုးစုံ ၂၂ မျိုးတို့ အပါအ၀င် မူးယစ်ဆေးဝါး၊ ဓာတုပစ္စည်းနှင့်
ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၆၉ မျိုးတို့ ပါဝင်ကြောင်းသိရသည်။

 

 

ဖမ်းဆီးရရှိခဲ့သည့် ပစ္စည်းများအား ဇွန်လ ၂၆ ရက်နေ့က
ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ ပြည်ထောင်စု အားကစားကွင်းတွင်
မီးရှို့ဖျက်ဆီးမှု ပြုလုပ်ခဲ့ပြီး ထိုကဲ့သို့ပြုလုပ်ခဲ့မှုမှာ ၂၀၀၂ ခုနှစ်၌
သုံးကြိမ်၊ ၂၀၀၃ ခုနှစ်၌ တစ်ကြိမ်၊ ၂၀၀၅ ခုနှစ်၌ တစ်ကြိမ်၊ ၂၀၀၇ ခုနှစ်၌
တစ်ကြိမ်နှင့် ယခုအကြိမ်အပါအ၀င် စုစုပေါင်း ခုနစ်ကြိမ် ဖျက်ဆီးဆောင်ရွက်နိုင်ခဲ့ပြီး
ဖြစ်ကြောင်းသိရသည်။

 

အပြည်ပြည်ဆိုင်ရာ မူးယစ် ဆေးဝါးအလွဲသုံးမှုနဲ့ တရားမ၀င်
ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်း အနားကို မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ခဲ့တာ
ခုဆိုရင် (၂၂)ကြိမ်ရှိပါပြီ။ မူးယစ် ဆေးဝါးအန္တရာယ်ဟာ အများအားဖြင့်
ငယ်ရွယ်တဲ့ကျောင်းသား လူငယ်တွေမှာ အဓိက ထိုးဖောက် ၀င်ရောက်နေပြီး နောက်ဆက်တွဲ အန္တရာယ်အနေနဲ့
HIV/ AIDS
ရောဂါဆိုးကူးစက်ဖြစ် ပွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီ အန္တရာယ်ဆိုးကြီး ၀င်ရောက်မလာနိုင်စေဖို့
တစ်နိုင်ငံလုံးက ထုတ်လုပ်ဖြန့် ဖြူးရောင်းဝယ်မှုကို တားဆီးနှိမ်နင်း ဆောင်ရွက်ရာမှာ
ပါဝင်ကူညီသင့် ပါတယ်ဟု ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့သည့် အပြည်ပြည်ဆိုင်ရာ
မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်
အခမ်းအနား၌ ရှမ်းပြည်နယ် မြောက်ပိုင်း တိုင်းမှူး ဗိုလ်ချုပ်အောင်သန်းထွဋ်က ပြော
ကြားခဲ့ကြောင်းသိရှိရသည်။

 

ပြည်နယ်နှင့် တိုင်းများအလိုက် မူးယစ်ဆေးဝါး သုံးစွဲသူများ အခြေခံ
စာရင်းကောက်ယူရေး လုပ်ငန်းအရ ၂၀၀၅ ခုနှစ်တွင် မူးယစ်ဆေးသုံးစွဲသူ ၆၁၄၅၅ ဦးရှိရာမှ
၂၀၀၉ ခုနှစ် ဇန်န ၀ါရီလထိ စာရင်းများအရ ၅၂၆၈၇ ဦး သာရှိကြောင်း သိရသည်။

 

မူးယစ်ဆေးဝါးများ နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို အရေးယူ
ဆောင်ရွက်ရန်အတွက် ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကို
ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို လည်းကောင်း၊ ၁၉၉၅ ခုနှစ် ဇူလိုင်လ ၁၇
ရက်နေ့တွင် နည်းဥပဒေကို လည်းကောင်း၊ ၂၀၀၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် တရားမ၀င်သော
နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေး
ဥပဒေများကိုလည်းကောင်း၊ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် ထိန်း ချုပ်ထားသည့် ပစ္စည်းကြီးကြပ်ရေး
ဆိုင်ရာနည်းဥပဒေ များကို ပြဋ္ဌာန်းခဲ့ ကြောင်းသိရသည်။ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် မှုခင်းဆိုင်ရာရုံးကလည်း
မူးယစ်ဆေး လွှမ်းမိုးနေရင် မင်းဘ၀၊ မင်းမိသားစု၊ မင်းပတ်ဝန်း ကျင်မလုံခြုံပါ (
No
individual, family or community is safe where illicit drugs take control)
ဟူသောဆောင်ပုဒ်ကို ၂၀၀၉ ခုနှစ်
အတွက်ချမှတ်ခဲ့ကြောင်းသိရသည်။

 

၂၀၀၈-၂၀၀၉ ခုနှစ်အတွင်း ကျပ် ၂၀၁၇၇ သန်းကျော်တန်ဖိုးရှိ
မူးယစ်ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ရှမ်းပြည်နယ် မြောက်ပိုင်း၌ဖမ်းဆီးရမိ
( ၀ီကလီး
အီလဲဗင်း)

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top