24
May

ကျားအင်္ဂါ ကြီးစေခြင်း (၄)

ယောက်ျားတွေကို အင်္ဂါပိုပြီးကြီးစေချင်သလားမေးရင် အဖြေကသိနေပြီးသား ဖြစ်ပါတယ်။ တကယ် လိုအပ်သူတွေရော လိုတာထက် ပိုချင်သူတွေကပါ နည်းလမ်းတွေကို ရှာဖွေကြ၊ အားကိုးတတ်ကြတယ်။ အမှန်တကယ် အလုပ်ဖြစ်ပါသလား ဆန်းစစ်ပါမယ်။

ဒီလိုနည်းတွေကို ထွင်ခဲ့တာ၊ သုံးနေခဲ့တာ အနှစ် တရာကျော်ပြီလို့ ဆိုနိုင်တယ်။ Pumps စုပ်စက်ကရိယာ၊ Penis pills ဆေးဝါးတွေ၊ Creams (ခရင်မ်)၊ Stretching exercises လေ့ကျင့်ခန်း၊ Horrific-looking devices အကျည်းတန်လှတဲ့ ကရိယာ နဲ့ Surgery ခွဲစိတ်နည်းတွေရှိတယ်။ ခုထိတော့ ဒိထက်မတတ်နိုင်သေးပါ။

ရိုးရိုးသားသား ဝေဖန်သူကနေ ဒါတွေအားလုံးက အလုပ်မဖြစ်ဘူးလို့ ပြောလိုက်ရင် စိတ်ဓါတ်ကျကြပါလိမ့်မယ်။ တချို့ နည်းလမ်းတွေက နည်းနည်းပါးပါး တိုးတက်မှု ရှိနိုင်ပါတယ်။ ဘေးထွက်-ဆိုးကျိုးတွေဆိုတာလဲ ရှိပါသေးတယ်။ ဒီဆိုးကျိုး တွေထဲမှာ အသက် ရှိပါလျက် သေသလိုနေရတဲ့ Erectile dysfunction ပန်းသေ-ပန်းညှိုးရောဂါ ပါဝင်ပါတယ်။

“ကျွန်တော်ပြောတာ ယုံပါ။ စိတ်ချရတဲ့ အကျိုးလဲရှိစေတဲ့နည်းလမ်း တကယ်သိသူဟာ (ဘီလျန်နာ) သူဌေး ဖြစ်မှာ အမှန်ပါ။ အဲလိုလူ၊ အဲလိုနည်း လုပ်ပေးနိုင်တဲ့ ကုမ္ပဏီဆိုတာ မပေါ်ပေါက်သေးပါ။ ဒီလိုပြောပေမဲ့ စမ်းနေကြအုံးမယ် ဆိုတာလည်း သိပါတယ်။ ဒါက လူ့သဘာဝဘဲ မဟုတ်ပါလား” လို့ ပြောသူဟာ Harvard Medical School (ဟာဗတ်) ဆေးကျောင်းက ဆီးလမ်း အတူးကု ဆရာဝန် Michael O'Leary (မိုက်ကယ်လ်-အိုလာရီ) ဖြစ်ပါတယ်။

ယောက်ျားတယောက်ရဲ့ လိင်အင်္ဂါ တကယ်သေးနေတယ်လို့ ယူဆပါသလား။ ဘယ်အရွယ်အစားက ပုံမှန်ပါလဲ။ သန်မာမှု ရှိနေချိန်မှာ ယောက်ျား တယောက်ရဲ့ ပုံမှန် လိင်အင်္ဂါဟာ ၅ လက်မကနေ ၆ လက်မရှည်တယ်။ လုံးပါတ်က ၄ လက်မ ကနေ ၅ လက်မ ရှိတယ်လို့ သတ်မှတ်ပါတယ်။ သန်မာမှု မရှိတဲ့ အခြေအနေမှာတော့ အရွယ်အစားဟာ အတော်ကြီး ကွာခြားပါတယ်။ တယောက်တည်းမှာကို တရက်နဲ့နောက်တရက်၊ တနာရီနဲ့ တနာရီဆိုသလို မတူပါ။ တချို့မှာတော့ မျိုးဗီဇနဲ့ ဟော်မုန်း မတူတာကနေ အလွန်သေးငယ်တာ ရှိနေနိုင်ပါတယ်။ သန်မာနေချိန်မှာ ၃ လက်မသာ ရှိနေတာမျိုး Micropenis ဆိုတာ ရှိပါတယ်။ ရောဂါတခုခုကြောင့် ခွဲစိတ်ကုသမှုခံရလို့ သေးသွားတာလဲ ရှိပါသေးတယ်။

လေ့လာမှုတွေလုပ်တော့ လိင်အင်္ဂါကြီးချင်လှလို့ နည်းလမ်းအမျိုးမျိုး အားကိုးကြသူတွေထဲက အများစုဟာ နရိုကတည်းက ပုံမှန်အရွယ်အစား ရှိကြပြီး သားဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်ကတော့ “ငါ့ဟာသေးနေတယ်” လို့ ထင်ကြတယ်။ ဘာလို့လဲ။ အမြင်သဘောဖြစ်ပါမယ်။ တခုသတိပြုစေချင်ပါတယ်။ ကိုယ့်ကိုယ်ကို ငုံ့ကြည့်တာဟာ တကယ်အခြေအနေကို မသိနိုင်ပါ။

စိတ်ပိုင်းအခြေအနေဟာ အဓိကအချက်တခုဖြစ်ပါတယ်။ ကိုယ့်ဟာကို သေးတယ်လို့ ထင်နေသူမှာ စိတ်အခြေအနေတခု ရှိနေတာ အမှန်ဖြစ်ပါတယ်။ စိတ်အထူးကုဆရာဝန်တွေက ဒီလိုဖြစ်တာကို Penile dysmorphic disorder ရောဂါလို့ ခေါ်တယ်။ ကိုယ့်ကိုယ်ကို ဝလွန်းနေတယ်ထင်သူတွေမှာ ဖြစ်တာမျိုး ပါဘဲ။ လိင်အင်္ဂါပိုကြီးချင်လို့ ခွဲစိတ်ဘို့ လုပ်သူတွေဟာ ကိုယ့်ကိုယ်ကို မကျေနပ်မှု ဖြစ်နေကြတယ်။ ရလဒ်ကလဲ မကျေနပ်တာ ဖြစ်လာနိုင်တာကို ကြိုတင်သိထားဘို့ လိုပါတယ်။ စိတ်ချရတဲ့ နည်းလမ်း ပြောပါဆိုရင် ကိုယ်အလေးချိန်ချပါ။

နာမည်ကြီး Beverly Hills (ဘယ်ဗလီ-ဟေးလ်စ်) က အထူးကုဆရာဝန်မ Jennifer Berman (ဂျနီဖါ-ဘားမင်း) အဆိုအရ ဒီလိုလူနာတွေ အများစုက အဝလွန်နေကြတယ်။ သူမဟာ Secrets of the Sexually Satisfied Woman “လိင်ဆန္ဒ ပြည့်ဝမှု ရနေကြတဲ့ မိန်းမတွေရဲ့ လှို့ဝျက်ချက်များ” ဆိုတဲ့စာအုပ်ကို ပူးတွဲရေးသားခဲ့သူလဲ ဖြစ်ပါတယ်။ "ကိုယ်အလေးချိန် ချလိုက်တော့ ပိုရှည်လာတာတော့ မဟုတ်ပါ၊ ဖုံးကွယ်နေတဲ့ အတိုင်းအတာ သိသာလာပါမယ်။ အစား လျှော့စားတာနဲ့ လိင်အင်္ဂါအနီးအနားက အဆီပိုတွေ စုပ်ထုတ်နည်းလုပ်တာဟာ ခွဲစိတ်နည်းထက် ပိုကောင်းတယ်။ သိထားဘို့က ဒီနည်းလမ်းတွေက ရာသက်ပန် မဟုတ်ဘူး ပြန်ပြီး အစားအသောက် မဆင်ခြင်တာလုပ်ရင် အရင်လိုဘဲ ပြန်ဖြစ်မယ်။"

နည်းတခုချင်း လေ့လာကြည့်ရအောင် -
1. Vacuum pump လေဟာနယ်ကရိယာ
(ဆလင်ဒါ) ထဲကနေ လေကိုစုပ်ထုတ်ထားမယ်။ လိင်အင်္ဂါထဲကို သွေးတွေ ပိုပြီး စီးလျှောက်လာမယ် အဲဒီတော့မှ သွေးတွေပြန်မလျှော့အောင် အရင်းမှာ စီးနှောင်ပေးထားရတယ်။ မဆိုကောင်းစကား ပြောရရင် မြွေကိုက်လို့ ကြိုးစီး ပေးတာမျိုးလို။ ဒီနည်းမှာ ဘာတွေသတိထားရမလဲ။ ကြိုးစီးထားချိန်မှာသာ အလုပ်ဖြစ်မယ်။ အဲလိုလုပ်ထားတာကို မိနစ် ၂ဝ-၃ဝ ထက်ပိုသွားရင် မလိုလားအပ်တာ ဖြစ်လာနိုင်တယ်။

2. Stretching with weights အလေးသုံးပြီး ဆန့်တန်းပေးနည်း
အလေးချိန်နဲ့ဖြစ်ဖြစ် ဆွဲဆန့်နည်းဖြစ်ဖြစ် နည်းနည်းတော့ ရှည်လာစေပါမယ်။ တကယ်တော့ ကျားအင်္ဂါဟာ ကြွက်သား မဟုတ်ပါ။ ဇွဲရှိပြီး အချိန်ပေးလုပ်ရင်တော့ မဆိုးလှပါ။ တနေ့ ၈ နာရီကြာ၊ ၆ လ တာလုပ်ရင် လက်မဝက် ပိုရှည်လာနိုင်တယ်လို့ (မိုက်ကယ်လ်-အိုလာရီ) ကဆိုပါတယ်။ တခြားတစ်ရှူးတွေ စုပ်ပြဲတာနဲ့ သွေးခြေဥတာကိုတော့ သတိထားဘို့ လိုပါမယ်။

3. Pills, supplements, ointments, and creams စားဆေး၊ လိမ်းဆေး၊ စတာတွေ တကယ်အားမကိုးရပါဘူးလို့ Berman ကဆိုပါတယ်။

4. Penis Enlargement Surgery ခွဲစိတ်ကုသနည်း
အကျိုးရှိစေနိုင်တာနဲ့ သတိထားစရာ ရောနေပါတယ်။ ခွဲစိတ်နည်း အခြေခံ ၂ မျိုးရှိတယ်။
(၁) Lengthening the penis ရှည်စေနည်းနဲ့ Widening the penis ကြီးထွားစေနည်း။ အများသုံးနည်းကတော့ Penis လိင်တံ နဲ့ Pelvic bone ဆီးစပ်ရိုးကို ဆက်ထားတဲ့ Suspensory ligament အရွတ်ကို ဖြတ်ပေးနည်း ဖြစ်ပါတယ်။ တလက်မနီးပါး ရှည်လာ (မြင်သာလာ) စေနိုင်တယ်။ အထဲမှာရှိနေတာကို အပြင်ထုတ်ယူနည်းဖြစ်ပါတယ်။ ခွဲစိတ်ကုသမှု ခံယူပြီးတဲ့နောက် ဖြတ်ထားပေးတာကို ပြန်ဆက်မသွားစေအာင် Weights or stretching devices ကရိယာ တခုခုနဲ့ ၆ လ လောက် လေ့ကျင့်ရမယ်။

(၂) Widening the penis လုံးပတ်ပိုစေချင်လို့ ခွဲစိတ်ကုသနည်းက ပိုပြီး အငြင်းပွါးဘွယ်ဖြစ်တယ်။ Fat အဆီ၊ Silicone (စီလီကွန်) နဲ့ Tissue grafts (တစ်ရှူး) အစားထိုးနည်းတွေ ဖြစ်တယ်။ နောက်အသစ်ပေါ်လာပြန်တဲ့ ခွဲစိတ်နည်းဟာ လိင်တံနဲ့ ကပ်ပယ်အိတ်ဆက်နေတဲ့နေရာကို လိင်တံကနေ အဝေးဆီကို ရွေ့ပေးနည်း ဖြစ်တယ်။ အငြင်းပွါးမှု နည်းတဲ့နည်း ဖြစ်တယ်။

ခွဲစိတ်ကုသနည်းတွေ မလုပ်ခင် သတိပေးချင်တာတွေ ရှိပါတယ်။
• ဘယ်နည်းကမှ အရာရာစိတ်ချရတယ်လို့ ခိုင်မာတဲ့ လေ့လာမှု မပြည့်စုံသေးပါ။
• လုပ်ပေးနေတဲ့ နေရာဌာနတွေတော့ ရှိပါတယ်။ အစိုးရအသိအမှတ်ပြု ကျန်းမာရေးဌာနကနေ အသိအမှတ် ပြုထားထာမျိုး ဟုတ်-မဟုတ် လေ့လာပါ။
• ခွဲစိတ်ကုသမှုတိုင်းမှာ ဖြစ်တတ်တဲ့ ပိုးဝင်တာ၊ သွေးယိုတာ၊ အာရုံကြော ထိခိုက်တာတွေ ရှိနိုင်တယ်။ အမာရွတ်ကြောင့် အကြည့်ရ ဆိုးစေနိုင်တယ်။ Widening the penis နည်းကနေ ဆိုရင် Lumpy, Bumpy, Uneven penis ပုံပန်းပြောင်းသွာတာမျိုး ဖြစ်လာစေနိုင်သေးတယ်။ ဒီလိုဖြစ်သွားလို့ ကျွန်တော်ဆီ စာရေး မေးသူတွေ ရှိတယ်။
• ဥရောပ ဆီးလမ်းအထူကု လေ့လာမှုတခုအရ Lengthening the penis လုပ်ထားသူ ၄၂ ဦးကို ဆန်းစစ်တော့ ၃၅% သာ ကျေနပ်မှုရတာ တွေ့ရတယ်။ ၅ဝ% က နောက်ထပ်ခွဲစိတ်မှု ထပ်လုပ်ကြရတယ်။

အချုပ်ပြောရရင် -
• ပြောတိုင်း မယုံပါနဲ့။ ကြော်ညာတိုင်းကို မယုံပါနဲ့။ အပြောကောင်း၊ အဟောကောင်းတွေရဲ့ သားကောင် အဖြစ်မခံပါနဲ့။
• ကြီးချင်လို့ တမင်တကာလုပ်တာဟာ Lumpy အစိုင်အခဲဖြစ်တာ၊ Bruised သွေးခြေဥတည်နေတာ၊ Discolored အရောင်ပြောင်းသွားတာ၊ Thickened ထူထဲနေတာ၊ Painful နာကျင်နေတာ နဲ့ Dysfunctional အလုပ်မဖြစ်တော့တာတွေ ဖြစ်နိုင်တယ်။ ငွေကုန်တာလဲ ချန်မထားနဲ့ပေါ့။ လက်မဝက် ဆိုတာနဲ့ ဒါတွေကို ချိန်ဆပါလေ။
• She Comes First “သူမက အရင်ပြီးတယ်” ဆိုတဲ့ စာအုပ်ရေးသားသူ (နယူးယော့်ခ်) က Kerner (ကာနာ) အဆိုအရ ပုံမှန်အရွယ်အစားဆိုတာ အကောင်းဆုံး ဖြစ်တယ်။ သူများထက် ပိုကြီးသူတွေမှာ သူများထက် သေးတယ် ဆိုသူတွေထက် ပြဿနာပိုရှိတတ်တယ်။
• Size အရွယ်အစားဆိုတာထက် Good and creative lover နည်းလမ်း-နည်းနာကို ပိုသိသူတွေက အရေးသာတယ်။ လိင်အင်္ဂါတခုတည်းကိုသာမက လက်၊ ပါးစပ် စတာတွေကိုပါ အသုံးချပါ။ ပိုအရေးကြီးတာက ဦးနှောက်ကိုလည်း အသုံးချပါ။

Size does matter ယောက်ျား-အင်္ဂါ အတိုင်းအတာ http://dts-medicaleducation-adult.blogspot.in/2012/03/size-does-matter.html

ဒေါက်တာတင့်ဆွေ (၂ဝ-၅-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ - ကျားအင်္ဂါ ကြီးစေခြင်း (၄) 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top