ကျွန်တော့်မိန်းမ ကွယ်လွန်ပြီး
ရှစ်လကြာမှ ဒီအကြောင်းကို ကျွန်တော်ရေးဖြစ်ပါတယ်။ သူ ဆုံးပါးတော့ သိပ်ငယ်ပါသေးတယ်။
အသက် (၂၉) နှစ်ရယ်။ ကံဆိုးမလေး တစ်ယောက်ပေါ့ဗျာ။
၁၉၉၃
ခုနှစ်မှာ ကျွန်တော်တို့ အိမ်ထောင်ပြုကြပါတယ်။ အဲဒီတုန်းက ကျွန်တော်က “မုဆိုးဖို” သူကလည်း
“မုဆိုးမ”။ အဲဒီတော့ နှစ်ယောက်သား အလွန်နားလည်မှုရှိကြတာပေါ့။
ချစ်ခင်နှစ်သက်ကြတာပေါ့။ ဘ၀ရှေ့ရေးအတွက်လည်း မျှော်လင့်ချက် ကိုယ်စီနဲ့ပေါ့။
ကျွန်တော်တို့
ဘတ်တစ်သိန်းခွဲလောက် ပိုက်မိကြတော့ ဘဏ်ကလည်း ငွေထပ်ချေးပြီး အိမ်တစ်ဆောင်
မီးတစ်ပြောင်နဲ့နေကြဖို့၊ သားသမီးယူကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အလွန်သာယာတဲ့
အိမ်ထောင်ရေး ဆိုပါတော့ဗျာ။ မိတ်ဆွေသင်္ဂဟ တွေလည်း ပေါများခဲ့ပါတယ်။ ဒီလိုနဲ့
တစ်နေ့တော့ မိတ်ဆွေတစ်ဦးရဲ့ အိမ်ကို သွားလည်ရာမှာ သူက သရက်သီးခွဲကျွေးပါတယ်။
သရက်သီးစိတ်ပေးမှာ သွေးစတွေနဲ့။ မိတ်ဆွေက သရက်သီးခွဲရင်း ဓားရှသွားတာ ထင်ပါရဲ့။
ဒါပေမဲ့ အဲဒီအတွက် ကျွန်တော့်စိတ်ထဲ ဘယ်လိုမှ မသတီမရှိခဲ့ပါဘူး။ အရက်ကလည်း
သောက်ထားဆိုတော့ သွေးဆူနေတယ်ပေါ့လေ။
ဘာမှ
မကြာပါဘူး။ အဲဒီမိတ်ဆွေဟာ AIDS ရောဂါနဲ့ ဆုံးပါလေရော။ ဒီတော့မှ ကျွန်တော်
ထိတ်ထိတ်ပျာပျာ ဖြစ်ရပါတော့တယ်။ ဇနီးသည်က သွေးစစ်ကြည့်ဖို့ ပြောပေမယ် ကျွန်တော်
ခေါင်းခါခဲ့တယ်။ ကြောက်တာကိုး။
အဲဒါနဲ့
ကျွန်တော်တို့ဟာ တောင်ဘက်ပိုင်းကို ရွှေ့ပြီး ရာဘာခြံလုပ်ငန်းလုပ်ပါတယ်။
အလုပ်တော့မဖြစ်ဘူး။ ကျွန်တော့မိန်းမက ဗိုက်နာပြီး နေမကောင်း ခဏခဏ ဖြစ်တော့တာပါပဲ။
ဆရာဝန်သွားပြတော့ ဆရာဝန်က ကျွန်တော်ဟာ တခြား မိန်းမ (ပြည့်တန်ဆာ)တွေနဲ့
အိပ်စက်ဖူးလား မေးပါသတဲ့။ ကျွန်တော့်မိန်းမကလည်း “ဟင့်အင်း” ပေါ့။ ကျွန်တော် ကလည်း
ဒါမျိုး ကင်းရှင်းတာကိုး။
ဆေးရုံကပြန်လာကတည်းက
ကျွန်တော့်မိန်းမဟာ ဆောက်တည်ရာမရဖြစ်ခဲ့ရပါတယ်။ ရှေ့ရေး နောင်ရေးတွေကို
တွေးမဆုံးပါဘူး။ နေရေး သေရေး အပြင် လူမှုဆက်ဆံရေး အတွက်ပါ ပူပင်နေပါတော့တယ်။
ဒါကြောင့် ကျွန်တော်တို့ဟာ အဲဒီအဖြစ်အပျက်ဆိုးကြီးကို ဘယ်သူမှ မသိအောင်
ဖုံးထားဖို့ ဆုံးဖြတ်ကြပါတယ်။
နောင်နှစ်မှာတော့
ကျွန်တော့်ဇနီးဟာ အကြီးအကျယ် နာဖျားမကျန်းဖြစ်လာပါရော။ ၀မ်းလျှောတာ၊ ချောင်းဆိုးတာ
တွေလည်း တအားပါပဲ။ ဒါပေမဲ့ ထူးခြားတာက ကျွန်တော်ကတော့ ဘာကြောင့် ကျန်းမာနေပါသလဲ။
ကျွန်တော်ဟာ သူ့ကို “လန်ပန်း” ဆေးရုံတင်လိုက်ပါတော့တယ်။
၁၉၉၉
ခုနှစ် မတ်လ ၁၁ ရက်ကတော့ ကျွန်တော့် အတွက် အိပ်မက်ဆိုးကြီးပါပဲ။ ဆေးရုံမှာ သူ့ကို
သွားတွေ့တော့ ကျွန်တော့်ဇနီးက သူ့မှာ AIDS ဖြစ်နေပါပြီတဲ့ဗျာ။ ကျွန်တော့်မှာ
အကြီးအကျယ် ထိတ်လန့်ကြောက်ရွံ့ သွားပါတော့တယ်။ သူ့မှာ ဖြစ်နေပြီဆိုရင်
ကျွန်တော့်မှာလည်း ဖြစ်နေပြီပေါ့။ ဘယ်လောက်ထိ ကျွန်တော် တုန်လှုပ်သွားသလဲဆိုရင်
ကျွန်တော့်ကိုယ် ကျွန်တော် သတ်သေဖို့အထိ ကြံစည်တော့တာပါပဲ။ ဒါပေမဲ့ ဆရာဝန်တွေက
ကျွန်တော့်ကို တတ်ကျွမ်းသူတွေ နဲ့ အရင် တိုင်ပင်ဖို့ အကြံပေးကြပါတယ်။ သူတို့က
ကျွန်တော့်ကို နောက်ဆုံးသွေးစစ်ကြည့်လိုက်ပါတယ်။ အလို ကျွန်တော် သွေးအောင်ပါကလား။
ကျွန်တော့်မှာ ဒီရောဂါဆိုးကြီး မကပ်ငြိပါလား။ နောက်ဆေးခန်းတစ်ခုမှာ
ပြောင်းစစ်တော့လည်း ဒီအတိုင်းဘဲ အဖြေထွက်တယ်။ ကျွန်တော့်ဇနီးကတော့ ဆေးမအောင်ပါဘူး။
ဒီလိုနဲ့ မကြာခင် သူကွယ်လွန်သွားရှာပါတော့တယ်ဗျာ။
ကျွန်တော်စဉ်းစားကြည့်တယ်။
ကျွန်တော့်ကို ဘာကြောင့် AIDS မကူးစက်ပါသလဲ။ ကျွန်တော်လည်း အဲဒီ မိတ်ဆွေရဲ့
သွေးစွန်းနေတဲ့ သရက်သီး စားခဲ့တာပဲ မဟုတ်လား။ ပြီးတော့ ဇနီးသည်နဲ့
ခုနစ်နှစ်လုံးလုံး ပေါင်းခဲ့တာရော မဟုတ်လား။ တစ်ခုတော့ရှိတယ်။ ကျွန်တော့်မိန်းမရဲ့
ပထမ ယေက်ျားကများ AIDS ရောဂါသည်လား။ ပြီးတော့ ကျွန်တော် သတိထားမိတာက ကျွန်တော်ဟာ
ဇနီးသည်နဲ့ ပေါင်းသင်းခဲ့စဉ်ကာလ တစ်လျှောက်လုံး ကွန်ဒုံးအမြဲသုံးခဲ့တယ်ဆိုတာပါပဲ။
အခုတော့
ကျွန်တော်ဟာ ကာမဆန္ဒနဲ့ ပတ်သက်လို့ အလွန်ဂရုစိုက်သူ တစ်ယောက် ဖြစ်နေခဲ့ပါပြီ။
ပြီးတော့ Phuen Kaew (AIDS ဝေဒနာရှင်များ ပြုစုစောင့်ရှောက်ရေးအသင်း) မှာလည်း
အဖွဲ့ဝင် အဖြစ် ပါဝင် ကူညီဆောင်ရွက်နေပါပြီ။ အဲဒီ ကလပ်မှာပဲ AIDS ရောဂါဖြစ်နေတဲ့
အမျိုးသမီး တစ်ယောက်နဲ့ ရင်းနှီးရာက ချစ်ကျွမ်းဝင်ခဲ့ပါပြီ။
သူ့မှာ
ဒီရောဂါဆိုးကြီး ရှိရက်နဲ့ သူ့ကို ချစ်နိုင်တာကတော့ ကျွန်တော်ရဲ့
ဆုံးသွားတဲ့ဇနီးသည်က မေတ္တာတရား ဆိုတာ ဘာလဲတို့ သွန်သင်ခဲ့လို့ ဖြစ်ဟန်တူပါရဲ့။
ဒါပေမဲ့ လူတွေကတော့ ကျွန်တော့်ကို “အရူး” တဲ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကတော့
အဲဒီမိန်းမနဲ့ ပေါင်းသင်းခဲ့ပါတယ်။ တစ်ခု သတိထားတာကတော့ ဘယ်တော့မဆို အမြဲတမ်း
ကွန်ဒုံး သုံးတာပါပဲ။
နောက်ဆုံးအနေနဲ့
တခြားမိတ်ဆွေတွေအတွက် သင်ခန်းစာတစ်ခု ပေးချင်ပါတယ်။ အေ့ဒ်စ် ဝေဒနာရှင်တွေကို
ပေယျာလကန် မထားကြပါနဲ့။ ဒီဇာတ်လမ်းလေးဟာ စာဖတ်သူတွေနဲ့ လူ့အဖွဲ့အစည်းကို
အကျိုးပြုလိမ့်မယ်လို့ မျှော်လင့် ပါတယ်။
အထက်ပါ အက်ဆေးကတော့
ယိုးဒယားနိုင်ငံ phuen Kaew ကလပ်မှာ လူမှုဝန်ထမ်း လုပ်နေသူ တစ်ဦးရေးတာပါ။
ကိုယ်တိုင် AIDS နဲ့ တေ့လွဲ လွဲခဲ့ပေမဲ့ ရောဂါသည်များကို (ဇနီးသည်ကိုယ်စား)
ကူညီနေသူ ဖြစ်ပါသည်။ AIDS ကူးစက်ပုံနည်းလမ်း လေးမျိုးရှိပေမယ့် သွေးစွန်းသော
အစားအစာမှာ HIV ပိုးကူးစက်မှုရှိသည်ဟူ၍မူ ယနေ့အထိ အတည်မပြုနိုင်သေးပါ။
သုမောင်၏ ကျေးဇူးပဲ AIDS စာအုပ်မှ ကူးယူဖေါ်ပြပါသည်။




