ပြည့်တန်ဆာမှုတွင် ကွန်ဒုံးကို သက်သေခံပစ္စည်းအဖြစ် သတ်မှတ်ခြင်း
မပြုရန် လွန်ခဲ့သည့် ၁၀ နှစ် ကတည်းက ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း
ရဲတပ်ဖွဲ့ဝင် အများအပြားက လိုက်နာခြင်း မရှိ ဟု သိရသည်။
“ခုခံအားကျဆင်းရေး
ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေး ဗဟိုအဖွဲ့မှာ ကွန်ဒုံးကို ပြည့်တန်ဆာများ
ဖမ်းရာတွင် အသုံးမပြုရ ဆိုပြီး အမိန့်ထုတ်ထားပေမယ့် ရဲတွေကမလိုက်နာလို့
သူတို့ဋ္ဌာနတွင်း အရေး ယူခဲ့တဲ့ အဖြစ်တွေ ရှိပေမယ့်လည်း အခုအချိန်ထိ ရဲတွေက
ကွန်ဒုံးကို အမှုအရေးယူရမှာ သုံးနေဆဲပဲ။ နောက် ၂၀၀၁မှာ တစ်ကြိမ်၊ ၂၀၀၃ မှာ တကြိမ်
စာ ထပ်ထုတ် ပေမဲ့ အခုထိ ရဲက ပြည့်တန်ဆာ တွေ့ရင် ကွန်ဒုံးကြောင့် ဖမ်းပါတယ်
ပြောတယ်။ ရုံးတင်တော့ ရုံးစာမှာ ကွန်ဒုံးတွေ့ရှိတာ မပါဘူး။ ဒါနဲ့ပဲ ပြည့်တန်ဆာ
မိန်းကလေးတွေ ကွန်ဒုံး မဆောင်ရဲကြတော့ဘူး” ဟု ကျန်းမာရေးဌာနမှ ဆရာဝန် တစ်ဦးက
ပြောပြခဲ့သည်။
ပြည့်တန်ဆာနှိပ်ကွပ်ရေး
ဥပဒေကို ၁၉၄၈ လွတ်လပ်ရေး ရအပြီးတွင် ထုတ်ပြန်ခဲ့သည်။ ကွန်ဒုံး အသုံး ပြုပါက
ဖမ်းဆီးနိုင်ကြောင်း မည်သည့်ဥပဒေ တွင်မှ ညွှန်ကြား မထားပေ။
`ကျမကို
ရဲက ကွန်ဒုံးတွေ့လို့ ဖမ်းတယ်ဆိုရင် အဲဒီဖမ်းတဲ့ သက်သေခံမှာ ကွန်ဒုံးကို တင်ပါလို့
ကျမက ပြောတယ်။ အဲဒီလို သိနေတဲ့ လူမျိုးကျတော့ သူတို့တွေ ဖြုံတယ်လေ။ ကျမ
ရောဂါပြနေကြ ဆရာ တစ်ယောက်က ဆိုရင် ဒီလို ကွန်ဒုံးနဲ့ အကြောင်းပြပြီး ရဲက ဖမ်းရင်
သူ လိုက်ရှင်းပေးမယ် ဆိုတဲ့ အကြောင်း ဒီအလုပ် လုပ်စားတဲ့ ကလေးမတွေကို ကျမ
ပြောပြတယ်´ ဟု ပြည့်တန်ဆာလုပ်ငန်းကို လုပ်ကိုင်ခဲ့သူ တစ်ဦးက ဆိုသည်။
ကွန်ဒုံးကို
အသုံးပြု မဖမ်းဆီးရန် ထုတ်ပြန်ထားသော စာကို အများ ပြည်သူ သိရန် ကြော်ငြာရန် လို အပ်ကြောင်း၊
ပြည်တန်ဆာများ ကွန်ဒုံး ကျယ်ကျယ်ပြန့်ပြန့် သုံးလာခြင်းကြောင့် ခုခံကျ ရောဂါကူး စက်နှုန်းကို
တားဆီးပေးနိုင်ကြောင်း အဆိုပါရောဂါကို လေ့လာသည့် ဆရာဝန်တစ်ဦးက ပြောသည်။
`ဒီလို
ပြည့်တန်ဆာ အလုပ်တွေ ဆိုတာက ပျောက်သွားအောင် တားဆီးလို့ရတာ မဟုတ်ဘူးလေ။
လူတွေရှိသရွေ့ သွေးသားခန္ဒာကိုယ် ရှိသရွေ့ ဒီလုပ်ငန်းတွေ ရှိနေမှာပဲ။ ဒါကို
တိုင်းပြည် အတွက် အရှက် ရစေတယ် ၊ နစ်နာစေတယ် ဆိုပြီး ဆေးမြီးတိုနဲ့
ကြိတ်ကုနေလို့ကတော့ ဒီ ရောဂါမျိုးက အမြဲ ခေါင်းထောင်နေမှာပဲ” ဟု အိတ်ခ်ျအိုင်ဗွီ
တိုက်ဖျက်ရေး အန်ဂျီအိုတစ်ခုမှ လုပ်သက်ရင့် ၀န်ထမ်း တစ်ဦးက ပြောသည်။
ခင်နှင်းလွင်၊
ရန်ကုန်
ဒီဇင်ဘာ ၂၇၊ ၂၀၁၀
မိုးမခ
- အကွန်ဒုံး
ဆောင်လျှင် ဖမ်းသဖြင့် ပြည့်တန်ဆာ တချို့ ဒုက္ခရောက်နေ




