3
Jun

ကွန်ဒုံးနဲ့ အေအိုင်ဒီအက်စ် (အမေးအဖြေ)

မေး။    ။ ကွန်ဒုံးတစ်ခုကို ဘယ်နှစ်ခါ သုံးလို့ရသလဲ။

ဖြေ။    ။ တစ်ခါပဲ သုံးလို့ရပါတယ်။ တစ်ခါသုံးပြီးရင် စနစ်တကျ စွန့်ပြစ်ရပါမယ်။

မေး။    ။ ကွန်ဒုံးက တစ်ခါသုံး ဖြစ်တဲ့အတွက် လူတိုင်းဝယ်သုံးနိုင်ပါ့မလား။

ဖြေ။    ။ ဆေးဆိုင်၊ စတိုးဆိုင်နဲ့ အချို့ဆိုင်ငယ်တွေမှာ လူတန်းစားမရွေး ဝယ်သုံးနိုင်တဲ့ ကွန်ဒုံးတွေ ရနိုင်ပါတယ်။ အရည်အသွေးကောင်းပြီး ဈေးလည်းသက်သာတဲ့ ကွန်ဒုံးကို ရွေးချယ်ပါ။ တစ်ချို့ကွန်ဒုံးတွေမှာ ကုန်ဆုံးရက်စွဲ ပါတဲ့အတွက် ရက်လွန်မလွန် ကြည့်ရပါမယ်။ ကုန်ဆုံးရက်စွဲမပါတဲ့ ကွန်ဒုံးဆိုရင် ထုတ်လုပ်တဲ့ ရက်စွဲကို ကြည့်ပါ။ ၅ နှစ်ကျော်ရင် မသုံးပါနဲ့။ အေအိုင်ဒီအက်စ် ရောဂါ မရအောင် ကာကွယ်ဖို့အတွက် ကွန်ဒုံးကို မဖြစ်မနေ ကြိုးစားပြီး သုံးရပါမယ်။

မေး။    ။ ကွန်ဒုံးကို ရောဂါ ကာကွယ်ဖို့ အပြင် တခြားဘယ်အတွက် သုံးချင်ရင် သုံးနိုင်သေးသလဲ။

ဖြေ။    ။ သားသမီး ဝေးချင်ရင်၊ သားသမီး မလိုချင်သေးရင် ကွန်ဒုံးကို သုံးလို့ရပါတယ်။ လိင်ဆက်ဆံတဲ့ အခါ ယောက်ျားရဲ့ သုတ်ရည်ဟာ ကွန်ဒုံးထဲမှာပဲ ရှိနေပြီး မိန်းမအင်္ဂါကနေ တဆင့် သားအိမ်ထဲကို မဝင်နိုင်တော့ပါဘူး။ ဒါကြောင့် ကွန်ဒုံးကို စနစ်တကျ သေသေချာချာသုံးရင် မိမိရဲ့ လိင်ဆက်ဆံဖက် အမျိုးသမီးမှာ ကိုယ်ဝန်မရနိုင်ပါဘူး။

မေး။    ။ ကွန်ဒုံးကို အသုံးပြုရင် ရောဂါလုံးဝ မကူးစက်နိုင်ဘူးလား။

ဖြေ။    ။ အရည်အသွေးကောင်းတဲ့ ကွန်ဒုံးကို အမြဲတမ်းနည်းစနစ် မှန်မှန် သုံးတတ်ရင် ရောဂါပိုး မကူးအောင် ကာကွယ်နိုင်ပါတယ်။

မေး။    ။ လူတစ်ယောက်ဟာ လိင်ဆက်ဆံတဲ့အခါမှာ ကွန်ဒုံးသုံးလိုက်၊ မသုံးလိုက်ပြုလုပ်ရင် ရောဂါပိုး ကူးစက်နိုင်သလား။

ဖြေ။    ။ ကွန်ဒုံးသုံးတဲ့ အခါမှာ ရောဂါပိုး မရအောင် ကာကွယ်နိုင်ပါမယ်။ ကွန်ဒုံးမသုံးရင်တော့ ကာကွယ်နိုင်မှာ မဟုတ်ပါဘူး။ ကွန်ဒုံးအမြဲ သုံးမှ စိတ်ချရပါတယ်။ အဓိကအချက်ကတော့ ဘယ်သူ့ဆီမှာ ရောဂါရှိမရှိဆိုတာကို မသိနိုင်လို့ပါ။ ဒါကြောင့် လူတိုင်းမှာ ရောဂါရှိနိုင်တယ်လို့ ယူဆပြီး လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို သုံးပါ။

မေး။    ။ ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ အိတ်ခ်ျအိုင်ဗွီ ပိုးရှိနေရင်ကော ကွန်ဒုံးသုံးဖို့ လိုပါသလား။

ဖြေ။    ။ အိတ်ခ်ျအိုင်ဗွီပိုး အရေအတွက်များလေ သွေးဖြူဥတွေများများ ပျက်စီးလေဖြစ်ပြီး အချိန်တိုတို အတွင်းမှာ အေအိုင်ဒီအက်စ်ရောဂါ လက္ခဏာတွေ ဖြစ်ပေါ်ခံစားရမှာပါ။ ဒါကြောင့် အိတ်ခ်ျအိုင်ဗွီပိုး ရှိပြီးထားသူဟာ မိမိခန္ဓာကိုယ်ထဲကို အိတ်ခ်ျအိုင်ဗွီပိုးတွေ ထပ်ပြီး ဝင်မလာအောင် ကာကွယ်ဖို့ အရေးကြီးပါတယ်။ ဇနီးမောင်နှံ နှစ်ဦးစလုံးမှာ အေအိုင်ဒီအက်စ် ပိုးရှိနေပြီးပေမယ့်လည်း လိင်ဆက်ဆံရာက တဆင့် အိတ်ခ်ျအိုင်ဗွီပိုးတွေ ထပ်ပြီး ခန္ဓာကိုယ်ထဲ မရောက်အောင် ကွန်ဒုံးအမြဲ သုံးဖို့ လိုအပ်ပါတယ်။

ကျန်းမာရေး ဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (မြန်မာ) တို့ ပူးပေါင်းထုတ်ဝေသော “HIV/AIDS အမေးအဖြေများ” ဟု အမည်ရသော စာအုပ်မှ ပြန်လည် ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top