ကွန်ဒုံးများအား သက်သေအဖြစ် အသုံးပြု၍ ပြည့်တန်ဆာ အမျိုးသမီးများကို ဖမ်းဆီမှုများကြောင့် မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ ကူးစက်မှုနှုန်း ပိုမို မြင့်မား လာနိုင်သည်ဟု နိုင်ငံတကာ အစိုးရ မဟုတ်သော အဖွဲ့မှ ဥပဒေ အကြံပေး အကျိုးဆောင် တစ်ဦးက ပြောကြားကြောင်း သိရသည်။
ကွန်ဒုံးများကို သက်သေအဖြစ် အသုံးပြုပြီး ပြည့်တန်ဆာ အဖြစ် မဖမ်းဆီးရန် ၂၀၀၉ ခုနှစ်တွင် ပြည်ထဲရေး ၀န်ကြီးဌာနနှင့် ကျန်းမာရေး ၀န်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ခဲ့သော်လည်း လက်ရှိ အချိန်အထိ ဖမ်းဆီး နေဆဲ ဖြစ်သောကြောင့် ပြည့်တန်ဆာ လုပ်ကိုင် နေသူများ ကွန်ဒုံး မသုံးဆောင်ရဲကြသဖြင့် HIV/AIDS ကူးစက် ခံရမှု ပိုမို များပြား လာခြင်း ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ ရောဂါ ကူးစက်မှုနှုန်း မမြင့်မား စေရန် နယ်မြေ ဒေသ အသီးသီးတွင် ပညာပေး ဆွေးနွေးခြင်းများကို ကျယ်ကျယ် ပြန့်ပြန့် လုပ်ဆောင် သင့်ကြောင်းနှင့် HIV/AIDS ရောဂါ မကူးစက် နိုင်စေရန် ကွန်ဒုံးကို အသုံးပြု သင့်ကြောင်း ကမ္ဘာ့ ဆရာဝန်များ အဖွဲ့မှ ဒေါက်တာ စည်သူ ကပြောကြားသည်။
မြန်မာနိုင်ငံတွင် HIV/AIDS နှင့် ပတ်သက်၍ WHO မှ ထုတ်ပြန်ချက် အရ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း HIV ကူးစက်သူ ဦးရေ ၂၄၀၀၀၀၊ AIDS ဖြစ်ပွားသူ ဦးရေ ၁၂၀၀၀၀ နှင့် HIV/AIDS ကြောင့် သေဆုံးသူ ဦးရေ ၁၅၀၀၀ ရှိကြောင်း သိရှိရသည်။
မြဝတီ - ကွန်ဒုံး မဆောင်ရဲခြင်းကြောင့် HIV/ADIS ကူးစက်မှုနှုန်း မြင့်မားနိုင်




