ကွန်ဒွန် လက်ဝယ်ရှိခြင်းကို လိင်လုပ်သားဖြစ်ကြောင်း သက်သေအဖြစ်မသုံးရန် သက်ဆိုင်ရာမှ ထုတ်ပြန်ခဲ့ပြီ ဖြစ်သော်လည်း ယနေ့တိုင် လိုက်နာမှု အားနည်းနေသေးကြောင်း အေ့ဒ်စ် တိုက်ဖျက်ရေး ဆောင်ရွက်နေသော အဖွဲ့ တစ်ဖွဲ့မှ ပြောသည်။
ယနေ့တိုင် လိင်လုပ်သားများ၌ ကွန်ဒုံးရှိမှုသည် ခြိမ်းခြောက်ခံနေရသလို ဖြစ်နေသောကြောင့် အေ့ဒ်စ် ကာကွယ်ရေးအတွက် အခက်အခဲရှိကြောင်း ကာကွယ်ရေးလုပ်ငန်း များ ဆောင်ရွက်နေသည့် Transnational Institute rS Mr. Martin Jelsma က ပြောသည်။
”ကွန်ဒွန် လက်ဝယ် ရှိတာကို သက်သေအဖြစ် မသုံးဖို့ ထုတ်ပြန်ပြီးသား။ ဒါပေမဲ့ အခုမြို့တွင်းရော နယ်မှာပါ ဖမ်းဆီးမှုရှိနေဆဲပဲ” ဟု အေ့ဒ်စ်တိုက်ဖျက်ရေး အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ လိင်လုပ်သား များ အနေနှင့် ဆေးဆိုင်များနှင့် လမ်းဘေး၌ ကွန်ဒုံးရောင်းသော ဆိုင်များတွင် ကွန်ဒုံးသွားဝယ်ပါက အထင်သေးသော မျက်လုံးများဒဏ်ကို ခံရသောကြောင့် ဝယ်ရန် မဖြစ်နိုင်ကြောင်း၊ လိင်လုပ်သား အဖြစ် ကျော်ဇော ပြီးသား သူများသည်လည်း လက်ဝယ်တွေ့လျှင် အဖမ်းခံရနိုင်သည်ဆိုသည့် အသိကြောင့် မဝယ်ဖြစ်ကြကြောင်း Phoenix Association မှ ကိုသီဟကြိုင်က ပြောသည်။ ”ဒီတော့ HIV ပိုး ကူးစက်မှုက ဘယ်လို လုပ် လျော့နည်းပါတော့မလဲ” ဟု ၄င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကွန်ဒုံး လက်ဝယ်ရှိခြင်းကို သက်သေအဖြစ် မသုံးရန် ထုတ်ပြန်ထားပြီး ဖြစ်သော်လည်း လိုက်နာမှု အားနည်း နေသေးကြောင်း မူးယစ်တပ်ဖွဲ့မှ အရာရှိဟောင်းတစ်ဦးက ပြောသည်။ ”တချို့ အဖွဲ့ အစည်းတွေ အနေနဲ့လည်း Project နေရာတွေမှာ ကွန်ဒုံး အခမဲ့ဝေတာတွေတော့ ရှိတယ်။ နယ်တွေမှာလည်း ဝေတာတွေ့တယ်။ မြို့တွင်းပိုင်းတွေ မှာတော့ ကျယ်ပြန့်မှု သိပ်မရှိဘူး” ဟု National NGOs Network မှ ကိုစိုးမိုးအောင်က ပြောသည်။
အမျိုးသမီးများအကြား HIV ရောဂါပိုး ကူးစက်ပျံ့နှံ့မှု အများစုမှာ အကာအကွယ် တစ်စုံတစ်ရာ မသုံးသောသမားရိုးကျ လိင်ဆက်ဆံမှုကြောင့်ဖြစ်ပြီး ၄င်းတို့၏ လက်တွဲဖော် သို့မဟုတ် အိမ်ထောင်ဖက်များ၏ အန္တရာယ် များသော အမူအကျင့်ကြောင့် ရောဂါပိုးကူးစက်မှု အသစ်များ၏ ၃ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
”ကွန်ဒုံးသုံးစွဲမှု မြင့်မားဖို့ကို ထိရောက်အောင် လုပ်နိုင်မှရမယ်။ လိင်လုပ်ငန်းလုပ်တဲ့ အမျိုးသမီးတွေတင် မဟုတ်ဘဲ တခြား အမျိုးသမီးတွေလည်း ကွန်ဒုံးသုံးစွဲဖို့ လက်တွန့်ကြတယ်။ သွားဝယ်ရမှာ ရှက်စရာလို့ မြင် ကြတယ်။ ဒါဟာ ကွန်ဒုံးသုံးစွဲမှု မြင့်မားဖို့အတွက် အဟန့်အတား ဖြစ်စေတယ်” ဟု National NGOs Network မှ ကိုစိုးမိုးအောင်က ဆက်လက်ပြောသည်။
ယင်းသို့ အခက်အခဲများကြောင့် လူအများ သွားလာနိုင်သော ဈေးဝယ်စင်တာရှိ သန့်စင်ခန်းများ၊ တည်းခိုခန်းများ၊ ဆေးရုံ၊ ဆေးခန်းများရှိ သန့်စင်ခန်းများတွင် ကွန်ဒုံးများ အခမဲ့ထားပေးခြင်း၊ မြို့နယ်အလိုက် လိုက်လံဝေငှခြင်းအပြင် စာသင်ကျောင်းများတွင် လူငယ်များအား ကျန်းမာရေး အသိကျယ်ပြန့်စေရန် Sex Education များကို ထည့်သွင်း ပြောကြားပေးရန် လိုအပ်ကြောင်း အထက်ပါပုဂ္ဂိုလ်က အကြံပေးသည်။
ချစ်ဆုဆွေ
Popular - ကွန်ဒွန်တွေ့ပါက လိင်လုပ်သားဖြစ်ကြောင်း သက်သေအဖြစ် သုံးခြင်း ယနေ့တိုင် တွင်ကျယ်သေး




