1
Sep

ကျွန်မယောကျာ်းကိုလည်းပြောပြပေးပါ..

ရန်ကုန်မြို့၊ ဗဟို အမျိုးသမီး ဆေးရုံ တွင် တာဝန် ထမ်းဆောင် ခဲ့စဉ် ဖြစ်သည်။ တစ်နေ့တွင် လက်ထောက်ဆေးရုံအုပ် ဒေါ်သင်းသင်းအေးက  တနင်္လာနေ့၌ ဗိုက်ခွဲ၍ ကလေး မွေးပေးရမည့်HIV ပိုး ကူးစက်ခံထား
ရသော ကိုယ်ဝန်ဆောင်အမျိုး သမီးတစ်ဦး  အား လာမည့် စနေနေ့တွင် နှစ်သိမ့် ဆွေးနွေး ပညာပေးခြင်း  ဆောင်ရွက်ပေးရန် တာဝန်ပေးလာပါသည်။

စနေနေ့ နံနက် ၈း၃၀ နာရီခန့် ဆေးရုံသို့  ကျွန်တော်ရောက်လျှင် ရောက်ချင်း လူနာခန်း တာဝန်ခံ  သူနာပြုဆရာမကြီးထံ ဖုန်းဖြင့် အကြောင်းကြားလိုက်ပါသည်။ ခဏအကြာတွင် ဝ၀ဖိုင့်ဖိုင့်၊ ဒေါင်ကောင်းကောင်း၊  အသားမည်းမည်း၊ ကိုယ်ဝန် နေ့စေ့လစေ့ဖြစ်နေသော  အမျိုးသမီးကြီးတစ်ဦးကို အလုပ်သမားတစ်ဦးက  ကျွန်တော့်ရုံးခန်းသို့ လာရောက်ပို့အပ်ပြီး ပြန်သွားသည်။

ကျွန်တော်လည်း လူနာအမျိုးသမီးအား ကြိုဆို  နှုတ်ဆက်လိုက်ပြီး အလ္လာပ သလ္လာပ စကားများပြောရင်း  သူမ၏ အမည်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာနှင့် မွေးဖွား  ခဲ့ပြီးသည့် ကလေး အရေအတွက်ကို မေး၍ စိတ်ထဲတွင်  မှတ်ထားလိုက်ပါသည်။ ဆရာဝန်ကြီးတို့ကကျွန်တော်ကို  တွေ့ဆုံရန် စေလွှတ်လိုက်သည့် အကြောင်းရင်းကိုသိပါသ  လားဟုမေးကြည့်လိုက်ရာ သူမတွင် HIVပိုးရှိ၍ စေလွှတ် လိုက်သည်ဟုသာ ပြောပြနိုင်ပြီး အခြားဘာ တစ်ခုမျှ  မသိပါဟုပြောပြပါသည်။

အမျိုးသမီးကြီးမှာ အတန်းပညာ  အားဖြင့် ရေးတတ် ဖတ်တတ်မျှ သာရှိသဖြင့်HIV ကို  ကြားဖူးရုံ ရှိသော်လည်း နားလည်ဟန်မရှိပေ။  HIVဆိုသောအင်္ဂလိပ်စကားလုံး သုံးလုံး၏  အဓိပ္ပာယ်ကို ပြောပါလား ဟု မေးလာပါသည်။HIV  ပိုးက လူ့ခန္ဓာကိုယ်ရှိ ကိုယ်ခံစွမ်းအားများကို တိုက်ခိုက်ဖျက်  ဆီးလိုက်ခြင်း ကြောင့် ခန္ဓာကိုယ်၏ ခုခံအား ဆုတ်ယုတ်  ကျဆင်းလာသဖြင့် ပြင်ပမှရောဂါပိုးများ လူ့ခန္ဓာကိုယ်  တွင်းသို့ ဝင်ရောက်စွဲကပ်ပြီး နောက်ပိုင်းတွင် ဝင်ရောက်  လာသောရောဂါအမျိုးမျိုးတို့၏ လက္ခဏာ အစုအဝေးကြီး  ဖြစ်ပေါ်နေသောအခြေအနေကိုAIDS ဟု ရှင်းပြလိုက်ရာ  နားလည် သွားဟန်တူပြီး ခေါင်းတဆတ်ဆတ် ညိမ့်လျက်ရှိနေ  တာကို တွေ့ရ၏။ ထို့နောက် တစ်စုံတစ်ရာကို သတိရဟန်ဖြင့် အဝေး  သို့ငေးကြည့်လျက် စဉ်းစားပြီး ငြိမ်သက်နေပါသည်။အတန် ကြာ စဉ်းစားပြီးနောက်မှ ကျွန်မကို ဘာဖြစ်လို့ ဒီအကြောင်း  ပြောပြရသလဲဟု မေးလာတော့သည်။

ခင်ဗျားဗိုက်ထဲက  အခုမွေးလာမယ့် ကလေးမှာ အဲဒီHIV ရောဂါပိုး ကူး  စက်နေတယ်ဆိုရင် ဘယ်လိုခံစားရမလဲ၊ ဒါမှမဟုတ်  ခင်ဗျားဆီက အဲဒီHIV ရောဂါပိုးဟာ ခင်ဗျားယောကျာ်း  ကို ကူးစက်ခံနေရတယ်ဆိုရင် ဘယ်လို ခံစားရမလဲ၊  ဒါမှမဟုတ် ခင်ဗျားကို ကလေးမွေးပေးတဲ့ ကျန်းမာရေး  ဝန်ထမ်းတွေကို အဲဒီHIV ရောဂါပိုး ကူးစက်ခံလိုက်ရ  တယ်ဆိုရင် ခင်ဗျား ဘယ်လိုလုပ်မလဲ၊ ဘယ်လိုခံစားရမလဲ  ဟု မေးလိုက်သောအခါ မျက်လုံးပြူးပြူးဖြင့် ကျွန်တော့်ကို  လှမ်းကြည့်လိုက်ပြီး အဲဒီလိုဖြစ်ရင် ဘယ်ကောင်းမလဲ  ဆရာရယ်၊ အဲဒီလိုလည်းမဖြစ်ချင်ပါဘူးဟု လေသံ  ဖျော့ဖျော့ဖြင့် ပြောလိုက်ပြီး ကျွန်တော် ဘာဆက်ပြောဦး  မလဲဟူသော အကြည့်ဖြင့် ကြည့်နေပါသည်။

ကျွန်တော်က သူမတွင်HIV ပိုး ကူးစက်ခံထား  ရကြောင်း သွေးစစ်ချက်ကိုသိရသဖြင့် HIVပိုးရှိသော  ကိုယ်ဝန်ဆောင်မိခင်မှ ဗိုက်ထဲရှိ သန္ဓေသားသို့ ရောဂါပိုး  ကူးစက်နိုင်ပုံ၊ ယင်းကဲ့သို့HIV ပိုး ကူးစက်ခံထားရသော  ကိုယ်ဝန်ဆောင် မိခင်တို့အား မွေးဖွားပေးရသော  ကျန်းမာရေးဝန်ထမ်းတို့အား ရောဂါပိုးမကူးစက်နိုင်စေရန်နှင့်  ကလေးမွေးဖွားစဉ်တွင် မိခင်မှ သန္ဓေသားသို့ ရောဂါပိုး  ကူးစက်ခြင်းမှ ကာကွယ်သွားနိုင်ရေးအတွက် ဗိုက်ခွဲ  မွေးဖွားပေးရန် စီစဉ်ထားသောကြောင့် ယခုကဲ့သို့  ပွင့်ပွင့်လင်းလင်း လာရောက်ဆွေးနွေးစေခြင်း၊ အကြံဥာဏ်  ရယူစေခြင်းဖြစ်ကြောင်း ရှင်းပြလိုက်ရာ နားလည်သဘော  ပေါက်သည့် အမူအရာဖြင့် တုံ့ပြန်လာပြီး လက်ရှိ သူမ၏  ယောကျာ်းမှာ လူရိုးလူအေးဖြစ်ပြီး အငှားမော်တော်ယာဉ်  (Taxi) မောင်း၍ မိသားစုအား ရှာဖွေကျွေးမွေး ပြုစုနေသူ  ဖြစ်ကြောင်း၊ ခင်ပွန်းသည်အား ဤရောဂါပိုး ကူးစက်ခံ  ရမှာ မလိုလားကြောင်း၊ သူမ၏ဗိုက်ထဲရှိကလေးထံ ရောဂါပိုး  ကူးစက်သွားမှာ စိုးရိမ်ကြောင်းနှင့် ယခုကဲ့သို့  အတွက် သူမ၏ ရင်တွင်းခံစားချက်များကို ထုတ်ဖော်ပြော  ပြလာပါသည်။

(ရင်ထဲခံစားနေရသည့် စိုးရိမ် သောကကို  ပြောပြလိုက်၊ စဉ်းစားလိုက် ပြုလုပ်နေပြီးနောက်) သူမ၏  ပထမအိမ်ထောင်မှာ အရက်သောက်တတ်ခြင်း၊ မူးယစ်  ရမ်းကားတတ်ခြင်း၊ တစ်ကိုယ်လုံး ဆေးမင်ကြောင်ထိုးထား  ခြင်း၊ အမျိုးသမီးများနှင့် ရှုပ်ရှုပ်ပွေပွေနေတတ်ခြင်း၊ အပေါင်း  အသင်းမျိုးစုံနှင့်ပေါင်းသင်းခြင်း။ နောက်ဆုံးတွင် လူရိုက်မှု  ဖြင့် ရဲစခန်းတွင်အချုပ်အနှောင်ခံရစဉ် အချုပ်သားတစ်ဦး  အားသတ်လိုက်သဖြင့် ထောင်ကျ သွားကြောင်းနှင့် ပထမ  ခင်ပွန်းသည်ထံမှ HIV ပိုး သူမထံကူးစက်ခံရခြင်း ဖြစ်နိုင်  ကြောင်း ထင်မြင်ချက်ကို ပြောပြလာပါသည်။

HIV ပိုး ကူးစက်ခံထားရပါက ဗိုက်ထဲရှိ သန္ဓေသားသို့  ကူးစက်နိုင်သကဲ့သို့ လင်မယားတို့ သဘာဝအရ အတူတကွ  အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းဖြင့် အပြန်အလှန်ကူးစက်  နိုင်ပုံကိုရှင်းပြသောအခါ အမျိုးသမီးမှာ မျက်လုံးအိမ်မှမျက်ရည်  များ ပါးပြင်ပေါ်သို့တလိမ့်လိမ့် စီးကျလာသဖြင့်ကျွန်တော်  လည်း စကားကိုဆက်မပြောဘဲ ရပ်လိုက်ရသည်။  ကျွန်မရဲ့ အခုယောကျာ်းဟာဘုရားဒကာ၊ ကျောင်း  ဒကာပါဆရာ၊ ကျွန်မမှာ HIV ရောဂါပိုးရှိတာ သူသိမယ်မထင်ကို လိင်ဆက်ဆံခြင်းကနေ ကူးစက်နိုင်တော့ ကျွန်မစိတ်ထဲ  မှာ မသိုးမသန့်နဲ့ဖြစ်ရတယ်။

ကျွန်မကြောင့် သူ့ကို ဒီရောဂါပိုး မကူးစက်စေချင်ဘူး၊ ကျွန်မ ကိုယ်တိုင်လည်း သူ့ကိုဖွင့်ပြောဖို့ ခက်နေပြီ၊ ဖြစ်နိုင်မယ်ဆိုရင် ကျွန်မ ယောကျာ်းကိုပါ ပြောပြပေးစေချင်ပါတယ်ဟု တောင်းဆိုလာ ပါတော့သည်။ ခင်ဗျား သဘော တူတယ်ဆိုရင် ခင်ဗျားယောကျာ်း  ကိုလည်း ပြောပြပေးပါ့မယ်။ ခေါ်လာပေးပါ ဟု ကျွန်တော်  က ပြောလိုက်သည်။  ကိုယ်ဝန်ဆောင် အမျိုးသမီးလည်း သူ့ယောကျာ်း  ကိုပါ ရှင်းပြမည်ဟုသိ၍ ပြုံးရွှင်သော မျက်နှာဖြင့် ကျွန်တော့်ထံမှ လူနာခန်းသို့ပြန်သွားသဖြင့် ကျွန်တော်လည်းလက်ထောက်  ဆေးရုံအုပ် ပေးပို့လာသောထမင်းကြော်ဘူးLunch Box  ကို ဖွင့်၍စားလိုက်ပြီး အမျိုးသမီးလူနာ၏ခင်ပွန်းကို စောင့်နေရင်း Case Record တွင် ဆွေးနွေးချက်များကိုရေးသား  မှတ်နေတော့သည်။

ခဏအကြာတွင် ဆရာ- ကျွန်မ ကို ဝင်ခွင့်ပြုပါ  ဟူသော အသံနှင့်အတူ အမျိုးသမီးငယ်တစ်ဦးမှာ ကျွန်တော့်  ရှေ့သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပြီး စားပွဲရှေ့ရှိ  ကုလားထိုင်တွင်ဝင်ထိုင်လိုက်ပါသည်။  ကျွန်မက- ဟိုစောစောပိုင်းက ဆရာနဲ့ လာတွေ့တဲ့  လူနာအမျိုးသမီး ဆေးရုံတက်နေတဲ့ လူနာဆောင်ကပါ။ ဆရာ့ဆီက ပြန်လာတဲ့အကြောင်း စကားစပ်မိရာကနေ  ဆရာ့ကို ပြောပြစရာရှိလို့ လာတွေ့တာပါ ဟုပြောပြီး၊  သူမ၏ နာမည်မှအစပြု၍ ဆေးရုံတက်ပြီး ကလေးလေး  မွေးဖွားခဲ့ပုံ၊ HIV ပိုး စစ်ဆေးတွေ့ရှိသဖြင့် သူမ၏ ခင်ပွန်းကို  မပြောပြပါနဲ့ဟု ဆရာဝန်၊ ဆရာမများကို အတန်တန်  တောင်းပန်ပြီး ပြောထားပါလျက်နှင့် သူမ၏ ယောကျာ်းနှင့်  သူမ၏ ယောက္ခမတို့ဆေးရုံသို့ ထမင်းလာပို့စဉ်တွင် သူမ  ၏ ယောကျာ်းအား သူမတွင်HIV ပိုးရှိကြောင်း ခေါ်ပြီးပြော  လိုက်သဖြင့် ယောကျာ်းဖြစ်သူမှာ သူမထံသို့လာရောက်ခြင်း  မရှိတော့သည်မှာ ၃ ရက်မျှ ရှိသွားပြီဖြစ်ကြောင်းမှ အစပြု၍ သူမအဖို့ပထမအိမ်ထောင်နှင့် ညားပြီးမှ မိဘများသဘော  မတူသဖြင့် ကွဲကွာခဲ့ရပုံ၊ ပထမအိမ်ထောင်မှ ယောကျာ်းမှာ  သူမတို့အိမ်နှင့် အိမ်ချင်း ကပ်လျက်ရှိပြီး နှစ်ဘက်မိဘ များမှာ  ယခင်မှယခုတိုင် မသင့်မြတ်ကြပုံနှင့် ယခု မိဘများသဘော  တူသည့် ယောကျာ်းကို လက်ထပ်လိုက်ပုံ စသည်တို့ကို  မျက်ရည်စမ်းစမ်းဖြင့် ရာဇဝင်အူပေါက် ဇာတ်လမ်းရှည်  တစ်ပုဒ်ကို ပြောပြလာပါသည်။

ယခုယူသောယောကျာ်း  မှာ ပထမယူသောယောကျာ်းနှင့် တစ်အိမ်ကျော်တွင်  နေထိုင်သဖြင့် သူမတွင်HIV ပိုးရှိသောအခြေအနေမှာ  ထိန်းမနိုင်သိမ်းမရဖြစ်ပြီး ပတ်ဝန်းကျင်မှ လူအများသိသွား  ကြလျှင် မိသားစု တစ်စုလုံး အလွန်ပင်အရှက်ရမည်ကို  စိုးရိမ်ပူပန်နေရကြောင်း ပြောပြလာပါသည်။

တစ်ခါတစ်ရံ  ပေါ့စေလို၍ ကြောင်ရုပ်ထိုးကာမှ ဆေးအတွက်လေး  ဆိုသကဲ့သို့ပင် လျှို့ဝှက်ထားရမည့်ကိစ္စကို ကာယကံရှင်  ၏ ခွင့်ပြုချက်မရဘဲ စေတနာနှင့် ဖွင့်ဟပြောပြခြင်းကြောင့်  နောက်ဆက်တွဲပြဿနာကား ရှင်း၍မရဘဲ အမယ်ဘုတ်ကဲ့  သူ့ချည်ခင်ပမာ ရှုပ်ထွေးနေပေတော့သည်။

ကရားရေလွှတ် လက်တန်းပြောပြီးနောက် ဆရာ့ကို  ပြောပြတာပါ၊ အရေးယူပေးစေချင်လို့ လာပြောတာတော့  မဟုတ်ပါဘူး။ ကျွန်မယောကျာ်းကို မပြောပါနဲ့လို့အတန်တန်  တောင်းပန်ပြီး ပြောပြထားပါလျက်နှင့် အခုတော့ ကျွန်မမှာ  ကလေးတစ်ယောက် နဲ့ အခုလို ဒုက္ခအကြီးအကျယ်ရောက်  ခဲ့ရလို့ လာပြောပြရတာပါ ဟု ရင်ထဲမှ ပေါက်ကွဲလာသော ဒေါသသံစဉ်ကို အဆုံးသတ်လိုက်ပါသည်။

HIV ပိုး စစ်ဆေးတွေ့ရှိသည်ဟူသော အဖြေ၏  နောက်ကွယ်မှ ပြဿနာမျိုးစုံ ကြုံတွေ့ကြရသည့် လူနာ  များထံမှ ကျွန်တော့်ကိုယ်တွေ့ဖြစ်ရပ်များကို မိနစ် ၂၀ခန့်  ပြောပြလိုက်ပါသည်။ စိတ်ဆိုးမပြေသေးသော်လည်း  ကျေနပ်သည့် အမူအရာဖြင့် တုံ့ပြန်လာပြီး သူမ၏ယောကျာ်း ကိုပါ တစ်နည်းနည်းနဲ့ ဆက်သွယ်၍ ရှင်းပြပေးပါဟု မေတ္တာ  ရပ်ခံလာပါသည်။ လူနာ၏ ခွင့်ပြုချက်ရလျှင် ပြောပြပေး နိုင်ကြောင်း ရှင်းလင်းပြောပြရာစိတ်ကျေနပ်သွားပြီး ကျေးဇူးတင်ပါတယ်ဟု နှုတ်ဆက်၍ ကျွန်တော့်ထံမှ  ပြန်သွားပါတော့သည်။

ဒုတိယအမျိုးသမီးငယ် ကျွန်တော့်အခန်းမှ ပြန်ထွက်  သွားပြီး နောက် ဆရာ- ကျွန်မတို့ဝင်ခဲ့မယ်နော် ဟူသော  အသံနှင့်အတူ ကျွန်တော့်ထံ ပထမလာရောက်တွေ့ ဆုံခဲ့  သည့် အမျိုးသမီးနှင့် သူမ၏ခင်ပွန်းတို့ အတူတကွ  ဝင်ရောက်လာပါသည်။ နံရံတွင်ချိတ်ဆွဲထားသော နာရီ  လက်တံမှာ ညနေ ၃ နာရီသို့ ညွှန်ပြနေပေသည်။  လူနာနှင့် သူမခင်ပွန်းအားHIV ပိုး ကူးစက်သည့် နည်းလမ်းများနှင့် ကူးစက်ခံရပြီးသည့် နောက်ပိုင်းမှခံစား တွေ့ကြုံရတတ်သော ဝေဒနာများနှင့်  တွေ့ကြုံရ တတ်သော လူမှုရေးအခက်အခဲ ပြဿနာများ၊ ရောဂါပိုးရှိလျက်နှင့်  အသက်ရှည်ရှည်နေနိုင်သည့် နည်းလမ်းများကို အဆင့်လိုက် တစ်ဆင့်ပြီး တစ်ဆင့် ရှင်းပြလိုက်ပြီးနောက် သား  ဆက်ခြားစေရန်နှင့် လိင်ဆက်ဆံခြင်းမှHIV ရောဂါပိုး မကူး  စက်စေရန် ကွန်ဒုံးအသုံးပြုနည်းကို သရုပ်ပြပြီး ရှင်းလင်း  ပြောပြလိုက်ရာ ဇနီးဖြစ်သူက စိတ်ဝင်စားစွာကြည့်ရှုနေ  သော်လည်း ခင်ပွန်းဖြစ်သူက မသိမသာငဲ့စောင်း၍သာ  ကြည့်နေပါသည်။

လူနာအမျိုးသမီးကသိလိုသောအကြောင်း  အရာများကိုမေးလာသဖြင့် ဆက်လက်ရှင်းပြလိုက်ပြီးနောက်  အခုလို ကျွန်တော်ပြောသမျှကို စိတ်ရှည်ရှည် နားထောင်  ပေးသည့်အတွက် ကျေးဇူးတင်ကြောင်းနှင့် တနင်္လာနေ့ တွင် ဗိုက်ခွဲမွေးဖွားလာမည့်ကလေးမှာ ကျန်းကျန်းမာမာရှိပါစေဟု နှုတ်ဆက်လိုက်သောအခါလူနာလင်မယား  နှစ်ဦးသည် ကျေးဇူး တင်ပါတယ် ဟု ပြောပြီး ထိုင်နေ  သော ကုလားထိုင်မှပြိုင်တူမတ်တတ်ရပ်လိုက်သည်။  

ယင်းနောက် ကုလားထိုင်နှစ်လုံးကို ဘေးသို့ရွှေ့လိုက်ပြီး  နောက်သို့ ခြေသုံးလှမ်းခန့်ဆုတ်ကာ ကြမ်းပြင်ပေါ်သို့  ရို့ကျိုးစွာထိုင်ချလျက် ပြိုင်တူလက်အုပ်ချီပြီး ဦးချရှိခိုး  လိုက်ပါတော့သည်။ ရုတ်တရက်မို့ လူနာ လင်မယားနှစ်ဦး  အား ဘာမျှမပြောလိုက်နိုင်မီမှာပင် ဦးသုံးကြိမ်ချရှိခိုး  ကန်တော့ခြင်းခံလိုက်ရသဖြင့် ကျွန်တော့်မှာ မတ်တတ်ရပ်  လျက်နှင့် မတုန်မလှုပ်ကျောက်ရုပ်ကဲ့သို့ပင်.....။

ရိုးရာလေး - ကျွန်မယောကျာ်းကိုလည်းပြောပြပေးပါ..

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top