14
Jan

ကျွန်တော် သို့မဟုတ် … … … …

(အေအိုင်ဒီအက်စ် ဝေဒနာသည်တို့ရဲ့ ပင်ကိုယ်ရေး
ခံစားချက်များ)

ကျွန်တော် ဆယ်ကျော်သက်
အရွယ်ကပေါ့။ အပျော်အပါးဆိုတဲ့ လိင်ရဲ့ အရသာကို ခံစားရင်း အလွန်အကျွံ လိုက်စားမိတယ်။
အဲဒီတုန်းက ည ညဆိုရင် အပြင်မထွက်ရရင် မနေနိုင်၊ အချိန်ကျရင် ထွက်တော့တာဘဲ။

တစ်နေ့တော့ဘဲ
ဆိုကြပါစို့။ နေမကောင်းဖြစ်လိုက်၊ ၀မ်းလျောလိုက်၊ ချောင်းဆိုးလိုက်၊ ရေယုန်တွေပေါက်
လိုက်နဲ့ ရောဂါတွေက မကြာခဏဆိုသလို ၀င် ၀င်လာတယ်လေ။ ပြီးတော့ ခန္ဓာကိုယ်ကလဲ ဘယ်လောက်စား
စား၊ ဘယ်လောက်အိပ်အိပ် ၀တယ်လို့ မရှိဘူး။

ဒီလိုနဲ့ ဆေးရုံဓာတ်ခွဲခန်းက
သူငယ်ချင်းဆီ သွားပြီး သွေးစစ်ဖို့ ပြောတယ်။ သူကလဲ ကျွန်တော့်ဆန္ဒအတိုင်း သွေးကိုဖေါက်ယူပြီး
“ဘုရားစာသာ များများရွတ်ပေတော့” လို့ပြောပြီး နောက်ရက် သွေးအဖြေယူဖို့ ချိန်းပါ တယ်။

ကျွန်တော်ကံမကောင်းခဲ့ပါဘူး။
(+)ဆိုတဲ့ အဖြေကိုမြင်တော့ ကျွန်တော့် မျက်လုံးတွေ ခေါင်းတွေပြာဝေပြီး တုန်လှုပ်သွားခဲ့ပါတယ်။
အဲဒီတုန်းက ၂၀၀၅ ခုနှစ်ပေါ့။ ကျွန်တော် အကယ်ဒမီဆုကြီး ရလိုက်ပြီလေ။

၂၀၀၅ ခု မတိုင်ခင်မှာကတဲက
ရေဒီယိုထဲမှာ ကြားကြားနေရတယ်။ အဆိုတော်ငြိမ်းငြိမ်းအိဆိုထားတဲ့ A I D S အိတ်စ် အိတ်စ်
အိတ်စ် ကြောက်စရာ ရောဂါ  ကုရာနတ္ထိ ဆေးမရှိပါ
ဆိုလား ဘာဆိုလား ကြားကြားနေရတော့ ကျွန်တော်ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားခဲ့တယ်။
ဒီလိုနဲ့ ဟိုသွားကုလိုက် ဒီသွားကုလိုက်နဲ့ ဆရာ ပေါင်း စုံခဲ့တယ်။

တစ်နေ့တော့ မန္တလေးက
MSM တစ်ယောက် ရောက်လာပြီး HIV/AIDS နဲ့ ပတ်သက် တာတွေ ပြောပြတယ်။ ပြီးတော့ သူတို့ဆီမှာ
သွေးစစ်ပေးတယ်၊ ဆေးလဲ ကုပေးတယ်၊ ဆေးလဲပေးတယ်ဆိုတော့ ကျွန်တော် အားတက်သွားခဲ့တယ်။  ကျွန်တော် အခုလို HIV (+) ဖြစ်နေတာကို ကျွန်တော့်
မိသားစု အသိုင်းအ၀ိုင်းက မသိကြဘူးလေ။ သိမှာကိုလဲ ကျွန်တော် စိုးရိမ်တယ်။ ဘာ့လို့လဲဆိုရင်
ကျွန်တော့်မိဘ ညီအစ်ကို မောင်နှမတွေက ၀ိုင်းပြီး ပြောကြမယ်၊ ဆိုကြမယ်၊ ပြစ်တင်ကြမယ်လေ။
သူငယ်ချင်းအပေါင်း အသင်းတွေကလဲ သိရင် မပေါင်းကြတော့မှာစိုးလို့ ကျွန်တော်လူမသိ သူမသိဘ၀နဲ့
မန္တလေးက TOP CENTER ဆိုတဲ့ သဇင်ဆေးခန်းကို ရောက်သွားခဲ့တယ်။ အဲဒီက သွေးစစ်ပြီး
SEPTRIM နဲ့ အားဆေးတွေ ပေးပါတယ်။ ဒီလိုနဲ့ HIV(+) ဘ၀နဲ့ ပြန်ကျန်းမာလာတယ်၊ ပြန်ဝလာတယ်
ဆိုပါတော့။ HIV(+) ဆိုတဲ့ ဘ၀ကြီးကို ခေတ္တ မေ့သွားခဲ့တယ်။ ဆေးတွေသောက်ဖို့လဲ မေ့သွားခဲ့တယ်။

HIV ရဲ့ ဆိုးကျိုးတွေက
တစတစပြန်ပေါ်လာပြီလေ။ ခန္ဓာကိုယ်ကလဲ ပြန်ပိန်လာပြီ။ ပတ်ဝန်းကျင်ကလဲ ကျွန်တော့်ရှေ့မှာတမျိုး
၊ ကွယ်ရာမှာတမျိုး ပြောနေကြပြီ။ ကျွန်တော့်မိသားစုကလဲ စပြီး ရိပ်မိလာပြီလေ။ နင် ဘာဖြစ်တာလဲ၊
ဘာရောဂါဖြစ်တာလဲလို့ မိသားစုအသိုင်းအ၀ိုင်းက မေးကြတော့ အစပိုင်းမှာ ကျွန်တော် ဖုံးနိုင်သမျှ
ဖုံးခဲ့တယ်။ နောက်တော့ ဖုံးလေပေါ်လေ ဖုံးလေပေါ်လေ ဖြစ်လာခဲ့တယ်။ မရူနိုင် မကယ်နိုင် ဖြစ်လာတဲ့အချိန်မှာ
ကျွန်တော့်မိသားစုကို HIV ပိုး ရှိနေပြီဆိုတာ ပြောပြလိုက်တယ်။ အဲဒီလို ပြောပြလိုက်
တဲ့အချိန်မှာ အမေကလွဲလို့ ညီအစ်ကို မောင်နှမတွေအကုန်လုံး နောက်ဆုတ်သွားခဲ့တယ်။

မကြာဘူး၊ မန္တလေးဆေးရုံတက်ရရော။
၂၀၀၈ မှာ ဆေးရုံစတက်ရတာဘဲ။ ဆေးရုံတက်ရတဲ့အချိန်မှာ HIV လူနာဟာ တခြားလူနာနဲ့ မတူပါဘူး။
လူတွေက တအားကြောက်ကြတယ်။ ကူးစက်မှာကို စိုးရိမ် ကြတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်ကို
ဆေးကုပေးတဲ့ ဆရာဝန်၊ ဆရာမတွေက အစပေါ့။ မျက်နှာ တောင် ဆရာဝန် နဲ့ မျက်နှာချင်းမဆိုင်ရဘူး။
လွှဲပေးထားရတာ။ ဒါတွေဟာ သူတို့တွေ လူနာကို စိတ် ထိခိုက်အောင် လုပ်တာနဲ့ အတူတူဘဲလေ။ ဆေးရုံမှာ
၁၅ ရက်ကြာခဲ့တယ်။ ဆေးရုံတက်နေစဉ်မှာ ကျွန်တော့်အပေါင်းအသင်း၊ ကျွန်တော့်ညီအစ်ကို မောင်နှမတွေ
လာမတွေ့ကြဘူး။ ပိုက်ဆံတို့ စားစရာ တို့ လှမ်းပို့ပေးကြတယ်။ ဆေးရုံပေါ် မှာ ကျွန်တော်
ဝမ်းနည်းပက်လက်နေခဲ့ရတယ်။ ကျွန်တော် ၀မ်း နည်းမျက်ရည်တွေ ချောင်းစီးနေတဲ့အချိန်မှာ
ဂျူတီကျ အလုပ်သင်ဆရာမလေးတစ်ဦးက ကျွန်တော့်ကို အားပေးစကားတွေ လာပြောတယ်။ အားမငယ်ဘို့၊
ဘယ်သူမှ မလာလဲ ဆရာမတို့ရှိတယ်၊ လိုအပ်တာ ရှိ ပြောပါ၊ တတ်နိုင်သလောက် ကူညီပါ့မယ်ဆိုတဲ့
အဲဒီ ဆရာမလေးရဲ့ အားပေးနှစ်သိမ့်သံကို ကျွန်တော် မမေ့ပါဘူး။

ကျွန်တော် ဆေးရုံက
ဆင်းပြီး အိမ်ရောက်တော၊့ ပြီးတော့ ကျွန်တော်ဟာ မသေရုံတမယ် အသက်လုခဲ့ ရတဲ့ HIV သမားဆိုတော့
ပတ်ဝန်းကျင်က ကျွန်တော့်အိမ်နားကကို ဖြတ်မသွားရဲကြဘူး။ ဒီအိမ်က AIDS လူနာ ရောဂါသည်
ရှိတယ်ပေါ့၊ ပြောလိုက်ကြတာ အမျိုးမျိုးဘဲ။ ကျွန်တော်တို့ရပ်ကွက်ထဲမှာ အများကြီး ရှိတယ်။
လမ်းမှာ မျက်နှာချင်းဆိုင်တွေ့ရင်တော့ အားနာပါးနာနဲ့ ခေါ်တယ်။ ကွယ်ရာကြ ရှုံ့ ပြတယ်။
စားနေတာ တွေ့ရင် အားနာပါးနာနဲ့ ခေါ်ကျွေးတယ်။ ဒါပေမဲ့ ကိုယ်ကလဲ မေ့ပြီး သွားစားမိ တော့
ကိုယ်စားပြီးသား သူတို့ မစားကြတော့ ဘူး၊ ကွယ်ရာမှာ သွန်ပစ်လိုက်ကြတယ်။ ကိုယ်စားပြီး
သား ဇွန်းတောင်မှ သူတို့က အိမ်ထဲ မထားကြတော့ဘူး။ အဝေးလွင့်ပစ်လိုက်ကြတယ်။ တခြားသူတွေ
ထားအုံး၊ ကျွန်တော့် မောင်နှမသားချင်းတွေတောင် တစ်ချို့ မလာရဲကြဘူး။ တစ်ဝင်းထဲ အတူနေတဲ့
မောင်နှမသားချင်းတွေရဲ့ မိန်းမတွေဆိုရင် ကျွန်တော့်ရဲ့ အိမ်ရိပ်ကို တောင် မနင်းရဲကြဘူး။
သူတို့ သားသမီး ကျွန်တော့် တူ တူမလေးတွေကိုလဲ ကျွန်တော်ရှိတဲ့ အိမ်ထဲကို အ၀င်မ ခိုင်းဘူး။
ရောဂါကူး လိမ့်မယ်ဆိုပြီး ပြောကြသံတွေ နားနဲ့မဆံ့အောင် ကြားခဲ့ရတယ်။ ကျွန်တော်လဲ ဘယ်မှ
မ ထွက်ရဲတော့ဘူး။ ဘယ်သူနဲ့မှလဲ မပတ်သက်ရဲတော့ဘူး။ ဘယ်ဆေးမှလဲ ဆက်မကုတော့ဘူး၊ ဘယ် ဆေးမှလဲ
ဆက်မသောက်တော့ဘူး၊ ကျွန်တော်ကိုယ်ကျွန်တော် ဒီဘ၀နဲ့ အသေခံတော့မယ်ဆိုပြီး ဒီတိုင်းဘဲ
နေလိုက် တော့တယ်။

  ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။ ကောင်းဆိုးနှစ်တန်
အစုံတွဲလို့ တလှည့်စီလဲ အမြဲနေ ဆိုတဲ့ ဘုရားဟောအတိုင်းဘဲ ကောင်းတာလေးတွေလဲ ရှိသေးတာကိုး။

 မိတ်ဆွေ MSM သူငယ်ချင်းတစ်ယောက်ရဲ့ အကူအညီကို ရခဲ့ပါတယ်။
ဘာလဲဆိုရင် HIV/AIDS လုပ်ငန်းတွေ ကို ဇောက်ချပြီးလုပ်နေတဲ့ ကျွန်တော်တို့မြို့က ရွှေခြင်္သေ့ဆိုတဲ့
အဖွဲ့နဲ့ ချိပ်ပေးခဲ့ပါတယ်။ အဲဒီမှာ ကျွန်တော် အားပြန်တက်လာခဲ့တယ်။ သူတို့တွေဟာ ကျွန်တော်ဆီကို
ရောက်ရောက်လာကြ ပြီး ဆေးသောက်ပြီးပြီလား၊ စားလို့ သောက်လို့ကောင်းရဲ့လား၊ ရေချိုးပြီးပြီလား
စလို့ပေါ့။ ကျွန်တော်ရဲ့ ဝေယျာဝစ္စတွေကို လာလုပ်ပေး၊ ကျွန်တော့်ကို တွဲပြီး အိမ်ပြင်ထွက်
လမ်းလျှောက်ပေး၊ ကျွန်တော်နဲ့ အမေကို ဘယ်လိုနေရမယ်၊ ဘယ်လိုပြုစုရ မယ် ဆိုတာတွေ လာတိုင်း
ပြောပြ၊ လုပ်ပေးကြတယ်။

သူတို့တွေ သွားလိုက်လာလိုက်၊
ဝင်လိုက်ထွက်လိုက်ဆိုတော့ ပတ်ဝန်းကျင်က သူတို့ကို စိတ်ဝင်စား လာတယ်၊ သူတို့အကြောင်း
လာ လာစပ်စုကြတယ်။ နောက်တော့ ရွှေခြင်္သေ့ကလူတွေ ကျွန်တော့်ကို လာလုပ်ပေးတာ တွေ၊ ကျွန်တော်နဲ့
အတူစား အတူသောက်တာတွေ သူတို့သိလာ မြင်လာကြတယ်။ ယူ ယူလာတဲ့ လက်ကမ်း စာစောင်တွေလဲ ဖတ်ရတော့
ကျွန်တော့်အပေါ် အရင်တုန်းကလို HIV/AIDS ရောဂါအတွက် မကောင်းတဲ့ အမြင်တွေနဲ့ မမြင်တော့ဘဲနဲ့
သူတို့ကိုယ်တိုင် မေးကြ၊ ကူညီကြနဲ့။ ဒါပေမဲ့ အကြောက်အလန့်ကြီး စက်ဆုတ် ရွံရှာပြီး ခါးခါးသီးသီး
ဖြစ်နေကြသူတွေလဲ ရှိသေးတာဘဲ။

အခုလို  PLHA ဘ၀မှာဘဲ AIDS/STD Team၊ CHBC၊ DRC
(Dannish Red Cross) တို့လို ကျန်းမာ ရေး အဖွဲ့တွေနဲ့ ချိပ်ဆက်မိတော့ သင်တန်းတွေ တက်ရ၊
အာဟာရအထောက်အပံ့တွေရ၊ ဆေးရုံ ဆေးခန်းတွေနဲ့ ချိပ်ဆက်မိ၊ HIV(+) သမားအချင်းချင်း တွေ့ဆုံပွဲတွေ
လုပ်ပေးတဲ့အတွက် အဲဒီမှာ အချင်းချင်း ရင်တွေဖွင့်ကြ၊ ပြောကြနဲ့ အားရှိလာတယ်လေ။ အခုဆို
လူပုံအလယ်မှာ သွားရဲလာရဲဖြစ် လာပြီ၊ ဒီရောဂါနဲ့ ပတ်သက်လို့ ပေါ်ပေါ်ထင်ထင် ဆေးကုရဲလာပြီ။
တခြား PLHA တွေကိုလဲ ပြန်ပြီး အကူအညီပေးနိုင်လာပြီ။ အဲဒါတင်မက သေးဘူး၊ ကိုယ့်လို
MSM တွေနဲ့ နီးစပ်ရာ ပတ်ဝန်းကျင်ကို တောင် HE ပေးနိုင်နေပြီ။

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့မှာဆိုရင်
AIDS/STD Team က ကျွန်တော်တို့ MSM တွေကို ပွဲထုတ်ပြီး ပညာပေး တွေ လုပ်ခိုင်းနေပြီ။
အခုဆိုရင် ကထိန်လိုမျိုးဘာသာရေးပွဲတွေမှာတောင် ကျွန်တော်တို့ MSM တွေကို အာဏာပိုင်တွေ
မြို့မိမြို့ဖတွေ ဘုန်းတော်ကြီးတွေက ဖျော်ဖြေရေးနဲ့ ပညာပေးတွဲ လုပ်ခွင့်ပေးနေပြီ။ အလှူတွေဘာတွေ၊
ဘုရားပွဲ ကျောင်းပွဲတွေကတောင် ကျွန်တော်တို့အဖွဲ့ကို ငှားလာကြပြီ။

အခုဆိုရင် ကျွန်တော်
ပျော်ရွှင်နေပါပြီ။

 သူငယ်ကလေးတွေနဲ့ ပြန်တွဲရတာကတော့ ဘ၀လိုအက်ချက်ကြီး
ပြန်ရလိုက်တာမို့ အလွန့်အလွန်ကို ပျော်ပိုက်နေတော့တာဘဲပေါ့။ လိုချင်လွန်းလို့မှ လူတကာအရွံခံပြီး
အလဲအထပ်လုပ်ယူထားရတဲ့ ဘ၀လေ။ သူငယ်တွေကလဲ A မဖြစ်ခင်ကထက်တောင် ပိုစွံနေလို့ အခြောက်မတွေက
မနာလိုဖြစ်ကြ တယ်။ ကျွန်တော်များ သူငယ်ရပြီဆိုရင် သူက A ကြီးဆိုပြီး ၀ုန်း ခံနေရတယ်ရှင့်
……..။

အားလုံး ပျော်နိုင်ကြပါစေ။

အငယ်မ (၁၀ ၊ ၈ ၊ ၂၀၁၀)

ဇန်န၀ါရီ ၁၂၊
၂၀၁၁

မိုးမခ - ကျွန်တော်သို့မဟုတ်
... ... ...

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top