ဗမာပြည်မှာ ခုခံအားကျဆင်းမှု ရောဂါသည်၊ ကင်ဆာရောဂါသည် တို့ကြား တိုင်းရင်းဆေး
သမားတော်များနဲ့ တိုင်းရင်းဆေး ၀ါးများ အတော်လေး တာစားနေဆဲပါပဲ။ ဒီလို ဖြစ်တာလည်း
အတော်လေး သဘာဝကျတဲ့ ဖြစ်ရပ် တခုပါ။ ဘာဖြစ်လို့လဲ ဆိုတော့ လူအတော်များများဟာ
တနေ့နေ့ သေမယ်ဆိုတာ သိကြပေမယ့် အသက် ရှည်နိုင်သမျှ ရှည်အောင် နေထိုင်ချင်ကြ တာ
ချည်းပါပဲ။ ဒါကြောင့်လည်း မိမိခံစားနေရတဲ့ ဝေဒနာ သက်သာမယ်၊ အထူးသဖြင့် ပျောက် တယ်
ဆိုတဲ့ အသံလေး သဲ့သဲ့ ကြားတာနဲ့ အဲ့ဒီနေရာကို မရောက်ရောက်အောင် သွား၊ ကုန်ချင် သလောက်ကုန်
ကုကြတော့ တာပါပဲ။
ဒီလို ကုကြတော့ မလိုအပ်ဘဲ ငွေကုန်သံပြာ ဆိုသလို ပါပဲ။ အစပိုင်းတော့ ဟုတ်သယောင်
ယောင်လေး ဖြစ်နေပေမယ့် နောက်ပိုင်း ကျတော့
အခြေအနေ ပိုဆိုးလာပြီး သေဆုံး၊ အသက် မသေရင်တောင် ဆက်ကုစရာ ငွေမရှိ၊ ကုန်းကောက်စရာ
မရှိအောင် ဖြူခါပြာခါကျ၊ ဒါမျိုး တွေကို မကြာခဏ ဆိုသလို ကျမတို့ ရင်ဆိုင်ရပါတယ်။
ဒါကိုလည်း ကျမတို့အနေနဲ့ အပြစ် ပြောရက်စရာ မရှိဘူးလို့ မြင်ပါတယ်။ လူတွေက ဝေဒနာမှ
မခံစားချင်ဘဲ၊ သေမှ မသေချင် ကြဘဲ။
အကျိုးဆက်က တိုင်းရင်းဆေးထုတ်သူတွေ၊
တိုင်းရင်းသမားတော်တွေ ငွေဝင်ပေါက် ပေါ်လာ တော့ တာပေါ့။ တချို့နေရာ တွေက
ဆေးဆရာတွေဆိုရင် ကင်ဆာလုံးလေးတွေကို ဇာဂနာနဲ့ ညှပ်ပြီး ထုတ်ပြ ဆိုပဲ။
ဒီတော့ လူနာတွေဟာ စိတ်ဓာတ်အားဖြင့် ခဏတော့ တက်လာပါတယ်။ ဒါပေမယ့် တကယ့် တကယ်
ရောဂါ သည်းလာပြီ ဆိုရင်ဖြင့် မဟန်တော့ဘဲ သေဆုံးကုန်တာပါ။ သေရမယ့် ရောဂါ မို့
သေကြတာ ဆိုပေမယ့် လူတွေ ဒုက္ခရောက်ချိန်မှာ မဟုတ်တာတွေပြော၊ လူတွေရဲ့ ကိုးစားမှုကို
ရယူပြီး ကြွယ်ဝ ချမ်းသာနေတာ မသင့်တော်တဲ့၊ သမာအာဇီဝ မကျတဲ့ အသက် မွေးမှုလို့
မြင်ပါတယ်။ လုပ်စားနေသူတွေ ကိုယ့်လုပ်ရပ်ကို သေချာ ပြန်စဉ်းစားသင့်ပါတယ်။
ကျမ ရဲဘော်တယောက် ခုခံကျ ရောဂါ ဖြစ်လာတော့ မန္တလေး သွားပါတယ်။ အဲဒီဒေသမှာ
ဦးပဉ္ဇင်း တပါးက ဒီ ရောဂါ ပျောက် တာကို အာမခံနဲ့ ကုတယ် ဆိုတာ ကြားလို့ တဲ့။ ကုသခ
ကတော့ တယောက်ကို သုံးသိန်းကျတယ် ဆိုပါတယ်။
ဒီတော့ သူလည်း အားထားစရာတခု ရပြီဆိုပြီး သွားပါတယ်။
ဟိုရောက်တော့ ကျောင်းနဲ့ဘာနဲ့ ကျကျနနလည်း မဟုတ်ပါဘူး တဲ့။ တဲလေး ဖြစ်သလို
ထိုးပြီး ကုနေတာ တဲ့။ ဒါပေမယ့် ဓာတ်ပုံတွေ၊ ပျောက်ကင်းကြောင်း
ထောက်ခံချက်တွေကတော့ တလှေကြီး ပြတယ်၊ ဆေးဝါးတော့ မတွေ့ဘူး ဆိုပါတယ်။ ဒါနဲ့
မေးကြည့်တော့ သူ့ကုထုံးဟာ သစ္စာဆိုကုထုံးလို့ ပြောတာနဲ့ ကျမ ရဲဘော်လည်း ကြောက်ပြီး
ပြန်ပြေးလာပါတယ်။ အခုတော့ ဒီ ဦးပဉ္ဇင်းလည်း ဘယ်ရောက်သွားမှန်း မသိဘူး တဲ့။
နောက်ဖြစ်ရပ် တခုကတော့ ကျမဆီကို ရောက်လာတဲ့ တောင်တွင်းဘက်က လူနာ တယောက် နဲ့
ပတ်သက် ပါတယ်။ ရောဂါအကြောင်း နည်းနည်း ဆွေးနွေး၊ လိုတာ လုပ်ပေးနေတုန်း လူနာ့အဖေက
အလုပ်ရှိလို့ ဆိုပြီး ကမန်းကတန်း ပြန်ပါ တယ်၊ ကျမက သူ့ကို ကုန်သည် ထင်နေတာပါ။
သူတို့က လူကုံထံ ပုံစံမျိုးတွေပါ။ ရွှေတွဲလွဲ ဆိုသလိုလည်း ၀တ်စားထားပါ တယ်။
လူနာကောင်လေးက အေးလည်းအေး၊ ရိုးလည်း ရိုးတယ်။ သူကတော့ ပွင့်ပွင့်လင်းလင်း
ပြောရှာတယ် သူ့အဖေက ဒီ ခုခံကျ ရောဂါကို ကုနေတဲ့ တိုင်းရင်းသမား တော် တဲ့။ ကျမလည်း
ဘုရားတမိယုံပဲ တတ်နိုင်ပါတော့တယ်။
တိုင်းရင်းဆေးတွေ အကြောင်း စာအုပ်တွေ အတော်အတန် ထွက်နေတာ တွေ့ရပါတယ်။
တိုင်းရင်းဆေး အကြောင်း စာအုပ် တအုပ်ကို လူအများက ကိုးစားကြပါတယ်။ တိုင်းသိပြည်သိ
စာရေးဆရာကြီး ရေးတာ ဆိုတော့ ကိုးစားကြပုံပါပဲ။ တော်ကြာနေ ဘီးဇပ်၊ တော်နေကြာ ဘာပင်ညာပင်
ဆိုတာတွေ ရေးပြီး စာအုပ် ရောင်းအားကလည်း ထိပ်ပါပဲ။ သေချာ သုတေ သနပြု ရေးထားတာလည်း
မဟုတ်၊ ရိပ်ဖမ်းသံဖမ်းတွေနဲ့ပါ။ ဘီးဇပ်ကပဲ ရောဂါအကုန် ပျောက် သယောင် ရေးထားတော့
ကျမ လူနာတချို့ ဘီးဇပ်တွေ သောက်၊ သွေးအားတွေ နည်းပြီး တော့ သေ၊ ဒီလို
ဖြစ်ကုန်တာပါ။ နောက်မှ ကျမ ပြန်သိရတာက တော့ ဒီ ဘီးဇပ်မှာ သွေးအားနည်းစေတဲ့
ဓာတ်တမျိုး ပါဝင်နေသတဲ့။
နောက်တခုကတော့ ပန်းခါး ဖြစ်ပါတယ်။ ပန်းခါးသောက်ရင် အဆုတ် အရမ်း ကောင်းတယ်
ဆိုလာပြန်တော့ ကျမ ကိုယ် တိုင်လည်း ပန်းနာရင်ကျပ် ရှိသူမို့ ကျမ
ကိုယ်တိုင်လည်းသောက်၊ လူနာတွေကိုလည်း သောက်ဖို့ တိုက်တွန်းတာပေါ့။ ဒါလေးလည်း အတော်
ကျယ်ပြန့်လိုက် ပါတယ်။ ဒါကို သိသွားတဲ့ ဆရာဝန်ကြီး တယောက်က ကျမကို ခေါ်သတိပေးပါတယ်။
ဒီ ပန်းခါး သောက်တာ မကန့်ကွက်လိုပေမယ့် ပန်းခါးမှာ ကျောက်ကပ် ပျက်စီးရာ ပျက်စီး ကြောင်း
ဓာတ်တွေ ပါနေတယ်တဲ့။ ဒါနဲ့ တခါ ပန်းခါးသောက်တာ မကောင်းဘူး ဆိုပြီး ပြန်ဖျက် ရပါတယ်။
နောက် တာစား လာပြန်တာကတော့ ရဲယိုပါ။ ရဲယိုဟာ အဆုတ်လည်း အားကောင်းတယ်၊ HIV ကြောင့် နည်းသွားတဲ့ CD4 ဆဲလ်တွေလည်း ပြန်တက်တယ် ဆိုပါတယ်။ ကျမလည်း ထပ်တခါ အားကိုးရပြန်ပါတယ်။
လူနာတွေ ရှားပါးဆေးဝါး အေအာတီ အလုံအလောက် မသောက်ရတော့ တခြား အားကိုးအားထား ရှာရမယ်
မဟုတ်လား။ ဒီတော့ ဒီရဲယိုနောက်ကို လိုက်ရ ပြန်တာပေါ့။
လူနာ တော်တော်များများကလည်း ရဲယိုကို ယိုထိုးစားကြပါတယ်။ အတော်များများကလည်း
ထူထူ ထောင်ထောင် ဖြစ်လာ တာ တွေ့ရပါတယ်။ ဒါလည်း အားကိုးအားထား တခုပဲပေါ့လေ။ ကျမ
ဝမ်းသာရတာပေါ့။ သိပ်မကြာပါဘူး၊ ဒီလိုပဲ ဆရာဝန် တယောက်နဲ့ ရဲယိုကိစ္စ စကား စပ်မိတော့
တခြားသော အကြောင်းတရားကိုတော့ သူမသိပါဘူးတဲ့ ဒါပေမယ့် ဒီ ရဲယိုဟာ ကော်တီဇုန်း
ဆိုတဲ့ဓာတ် အတော်များများ ပါဝင်နေပြီး ဒီဓာတ်က လက်ရှိ မြန်မာပြည်က ခုခံကျ လူနာတွေ
သောက်သုံးနေ တဲ့ အေအာတီ ဆေးဝါးနဲ့ မတည့်ဘူး ဆိုပါတယ်။ ဒီ တခါ လည်း
ပြန်ဖျက်ရပြန်ပါတယ်။
နောက်လည်း ဘာဆေးများ ပေါ်လာမယ်တော့ မသိပါဘူး။ ကျမကိုယ်တိုင် စမ်းသပ်ခဲ့ဖူးတဲ့
ဟာတွေကတော့ တခြားသူများ အတွက် ကောင်းချင် ကောင်းကြ ပါလိမ့်မယ်။ ခုခံအား ကျဆင်းသူတွေ
အတွက်ကတော့ အခုထက်ထိ အဆင်မပြေသေးဘဲ ဖြစ်နေပါတယ်။
ဒါကြောင့် အတော်များများကို ကျမ တိုက်တွန်းချင်တာက ခုခံအား ကျဆင်းမှု ရောဂါ
နောက် ဆက်တွဲ ပြဿနာ တရပ်အနေနဲ့ ကျမတို့ အဖွဲ့တွေ ဒါတွေပါ လုပ်ကိုင်နေရပါတယ်၊ တခြား
သော အဖွဲ့စည်းများအနေနဲ့ ပညာပေးဆို ပညာပေး လုပ်ငန်း၊ ဆေးကုဆို ဆေးကု လုပ်ငန်း
တခုတည်း လုပ်မနေစေချင်ပါဘူး။ ဒီရောဂါနဲ့ ဆက်စပ်မှု အားလုံးကို သတိပြု စေချင်ပါတယ်။
ပညာလည်း ပေးစေချင်ပါတယ်။ ဝေဒနာသည်တွေ အယုံ မလွယ်မိစေချင်တော့ပါဘူး။ ဘာဖြစ် လို့လဲ
ဆိုတော့ အကျိုးမရှိ ငွေကုန် လူသေ ဆိုတာမျိုးတွေ မကြာခဏ မြင်နေ၊ တွေ့နေ၊ ကြားနေလို့ပဲ
ဖြစ်ပါတယ်။
ဒါပေမယ့် ကျမ တခု မျှော်လင့် ယုံကြည်ထားတာကတော့ တနေ့သော အခါမှာ ဒီရောဂါ
ပျောက်ကင်းတဲ့ဆေး မုချ ပေါ်လာ မှာပါ။ ဒီလို ပေါ်ရာမှာလည်း ကျမတို့ ဗမာဆေးဆရာများက
ဖော်ဆောင်တယ် ဆိုရင် ကျမ ၀မ်းသာ ဂုဏ်ယူမဆုံး ဖြစ်မိမှာ ပါပဲ။ လောလော ဆယ်ဆယ် တော့
ဒီရောဂါ တကယ်ပျောက် မပျောက် ဆိုတဲ့ သုတေသနလည်း မရှိ၊ သေချာလောက်တဲ့ အထောက်အထားလည်း
မတွေ့ရသေးပါဘူး။
ဒါကြောင့် တိုင်းရင်းဆေး၊ တိုင်းရင်း သမားတော်များနဲ့ ကုသတာကို ဘာမှ
မပြောလိုပေမယ့် ကိုယ့်ဘက်ကလည်း အသိ တရားလေး လက်ကိုင်ထားပြီးတော့မှ ကုသတာမျိုး
သေချာအောင် လုပ်ပြီးမှ ဆေးမြစ်ဆေးရွက်တွေ သောက်သုံးတာမျိုး လုပ်ကိုင်ကြပါလို့
အလေးအနက် အသိပေးလိုက်ရပါတယ်။
မဖြူဖြူသင်း (၂၅-၉-၂၀၁၀/ သူ့အတွေး သူ့အမြင်)
ဧရာဝတီ - ခုခံကျရောဂါနဲ့ တိုင်းရင်းဆေးကုထုံး




