6
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၁၀)















ကွန်ဒုံးကို
စနစ်တကျ အသုံးပြုနည်း

၁။ ရော်ဘာဖြင့် ပြုလုပ်ထားသော ကွန်ဒုံးကိုသာ အသုံးပြုပါ။
ထိုကွန်ဒုံး အမျိုးအစားကသာ ကာလသား ရောဂါ ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်ပါသည်။

၂။ ကွန်ဒုံးကို အေး၍ ခြောက်သွေ့သော နေရာများတွင်ထားပါ။
နေရောင် တိုက်ရိုက်ထိတွေ့မှုမှ ရှောင်ကြဉ်ပါ။

၃။ ထုပ်ပိုးထားသော စက္ကူ၊ သို့မဟုတ် ပလတ်စတစ် ပေါက်ပြဲနေသော
ကွန်ဒုံးများ၊ အရောင်ပြောင်းနေသော ကွန်ဒုံးများ၊ ရက်လွန်နေသည့် ကွန်ဒုံးများကို အသုံးမပြုသင့်ပါ။
ရောဂါကာ ကွယ်မှုအတွက် စိတ်မချရပါ။

၎။ ကွန်ဒုံးတွင် ဖော်ပြထားသည့် သက်တမ်း ကုန်ဆုံးသည့်ရက်ကို
သေချာစွာ အသုံးပြုပါ။

၅။ ကွန်ဒုံးကို ထုပ်ပိုးထားသည့် စက္ကူ၊ သို့မဟုတ်
ပလတ်စတစ်ကို ဖောက်ရာတွင် အထဲရှိ ကွန်ဒုံးကို မပျက်စီးစေရန် သတိပြုပါ။

၆။ ကွန်ဒုံးကို လိင်အင်္ဂါချင်း မထိတွေ့မီ စွပ်ထားရပါမည်။
သို့မှသာ ပိုးပါသည့် လိင်အင်္ဂါမှ ထွက်သော အရည်များနှင့် ထိတွေ့မှုကို ရှောင်ကြဉ်နိုင်မည်
ဖြစ်ပါသည်။

၇။ ကွန်ဒုံးထိပ်ကို ကိုင်၍ တောင့်တင်းနေသော လိင်အင်္ဂါပေါ်တွင်
အဆုံးထိ စွပ်ရပါမည်။

၈။ ကွန်ဒုံးထိပ်တွင် သုက်ရည်စုရန် နေရာ အနည်းငယ်
ချန်ထားရပါမည်။

၉။ ကွန်ဒုံးပေါ်တွင် ချောနေစေရန် အရည်တစ်မျိုးမျိုးကို
အသုံးပြုသင့်ပါသည်။ (အဆီမှ ထုတ်သော အရည်များ။) ဥပမာ - စားသုံးဆီတို့ကို အသုံးမပြုသင့်ပါ။
ရေကို အခြေခံထုတ်လုပ်သော အရည်များ (ဥပမာ - K.Yjelly, glycerine) တို့ကိုသာ အသုံးပြုသင့်ပါသည်။

၁၀။ လိင်ဆက်ဆံနေစဉ် ကွန်ဒုံးကွဲပါက ချက်ချင်း အသစ်တစ်ခု
လဲသင့်ပါသည်။

ကွန်ဒုံးကွဲရသည့်
အဓိက အကြောင်းရင်းများမှာ -

(က) ရက်လွန်ကွန်ဒုံးကို အသုံးပြုခြင်း။

(ခ) ချောမွတ်စေရန် ဆေးရည်မသုံးခြင်း။

(ဂ) အဆီမှထုတ်သော ဆေးရည်ကို အသုံးပြုခြင်း။

(ဃ) ကွန်ဒုံးထိပ်တွင် နေရာလပ် ချန်မထားခြင်း။

တို့ကြောင့် ဖြစ်ပါသည်။

၁၁။ သုက်လွှတ်ပြီး လိင်အင်္ဂါ တောင့်တင်းနေစဉ် ကွန်ဒုံးကို
ပြန်ချွတ်ရပါမည်။ သုက်ရည်များ ထွက်မကျစေရန် သတိပြုရပါမည်။

၁၂။ ချွတ်ပြီးသော ကွန်ဒုံးကို ချည်နှောင်၍ စနစ်တကျ
စွန့်ပစ်ပါ။

၁၃။ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။

၁၄။ ကွန်ဒုံးကို စနစ်တကျအသုံးပြုပါက ရောဂါကူးစက်မှုကို
ရာနှုန်းပြည့် နီးပါး ကာကွယ်နိုင်ပါသည်။

လိင်ဆက်ဆံမှုမှ
ရောဂါမကူးစက်စေရန်

၁။ ကျန်းမာသန်စွမ်း၍ စိတ်ချရသော သူနှင့်သာ လိင်ဆက်ဆံပါ။

၂။ မိမိအဖော်သည် ကာလသားရောဂါ ရှိနေသည်ဟု သံသယ ရှိပါက
နီးစပ်ရာ ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသ၍ ကုသမှုခံယူပါ။

၃။ ရောဂါ လုံးဝ ပျောက်ကင်းမှသာ ပြန်လည်၍ လိင်ဆက်ဆံမှုကို
ပြုပါ။

သွေးသွင်းခြင်းမှ
ရောဂါမကူးစက်အောင် ကာကွယ်နည်းများ

၁။ မလိုအပ်ဘဲ သွေးမသွင်းခြင်း။

၂။ သွေးမသွင်းမီ HIV ပိုး ရှိ မရှိ စမ်းသပ်ပြီးမှ
သွင်းခြင်း။

၃။ သွေးနှင့် ဆက်စပ် ပစ္စည်းထဲရှိ HIV ပိုးသေအောင်
ပြုလုပ်ပြီးမှ သွေးသွင်းခြင်း။ (ဥပမာ - အပူပေးခြင်း၊ ဓာတုဆေး ရောခြင်း။)

၎။ သွေးဖြူဥ ဖယ်ထုတ်ပြီးမှ သွေးသွင်းခြင်း။

ဆေးထိုးအပ်မှ
တစ်ဆင့် ရောဂါမကူးစက်အောင် ကာကွယ်နည်းများ

၁။ မလိုအပ်ဘဲ ဆေးမထိုးရ။

၂။ တစ်ခါသုံး ဆေးထိုးအပ်များကိုသာ အသုံးပြုပါ။

၃။ ဖန်ဆေးထိုးပြွန်များကို အသုံးပြုလျှင် အနည်းဆုံး
မိနစ် ၂၀ ဆူပွက်အောင် ပြုတ်ပြီးမှ အသုံးပြုပါ။

၎။ အကြောထဲသို့ မူးယစ်ဆေးဝါး ထိုးသွင်း သုံးစွဲမှုကို
ရှောင်ကြဉ်ပါ။

၅။ ထိုးကွင်းမင်ကြောင်၊ အရုပ်ထိုးခြင်းမှ ရှောင်ကြဉ်ပါ။

၆။ တရုတ်အပ်စိုက် ကုသမှုခံယူရာတွင် တစ်ခါသုံးအပ်ကို
အသုံးပြုပါ။

၇။ ဆေးထိုးအပ်များကို စနစ်တကျ စွန့်ပစ်ပါ။

မိခင်မှကလေးသို့
HIV ပိုး မကူးစက်အောင် ကာကွယ်နည်းများ

၁။ HIV ပိုး ရှိ မရှိ စစ်ဆေးခြင်း။

၂။ HIV ပိုး ရှိသော ကိုယ်ဝန်ဆောင်များအား HIV ပိုးကို
ထိန်းချုပ် နှိမ်နင်းနိုင်သော ဆေးဝါး Anti-retroviral drug များကို တိုက်ကျွေးခြင်း။
(ထိုသို့ တိုက်ကျွေးခြင်းဖြင့် ရောဂါကူးစက်မှုနှုန်းကို ၆၈ ရာခိုင်နှုန်း လျှော့ချနိုင်ပါသည်။)

၃။ ပထမ ခြောက်လ အတွင်း မိခင်နို့အစား စိတ်ချရသော
အစားထိုးနို့ တိုက်ကျွေးခြင်း။

၎။ စိတ်ချရသော အစားထိုးနို့ မရနိုင်ပါက မိခင်နို့ကိုပင်
တိုက်ကျွေးနိုင်ပါသည်။ မိခင်နို့တွင် တခြားရောဂါများကို ခုခံ ကာကွယ်နိုင်သော ဓာတ်များ
ပါဝင်သောကြောင့် ကလေးအတွက် တစ်နည်းအားဖြင့် အကျိုးရှိနိုင်ပါသည်။ မိခင်နို့ တိုက်ကျွေးခြင်းဖြင့်
HIV ပိုး ကူးစက်မှုကို ၁၅ ရာခိုင်နှုန်း ပိုမို ဖြစ်ပွားတတ်ပါသည်။

၅။ ကလေးကို ဗိုက်ခွဲ၍ မွေးဖွားခြင်း။ (ကလေးကို ဗိုက်ခွဲ၍
မွေးဖွားခြင်းဖြင့် ရောဂါကူးစက်မှုကို ၅ ရာ ခိုင်နှုန်း လျှော့ချနိုင်ပါသည်။)

ကျန်းမာရေး
ဝန်ထမ်းများ HIV ပိုးပါသော သွေးနှင့် မတော်တဆတွေ့ထိမိပါက ရောဂါမကူးစက်အောင် ကာကွယ်နည်းများ

၁။ ထိမိသောနေရာကို ဆပ်ပြာရည်နှင့် အနည်းဆုံး ငါးမိနစ်ကြာအောင်
ဆေးကြောပါ။

၂။ ထပ်မံ၍ ပိုးသေဆေး Antiseptic တစ်ခုခုနှင့် ဆေးကြောပါ။

၃။ လိုအပ်ပါက HIV ပိုးကို နှိမ်နင်းနိုင်သော ဆေးသုံးမျိုး
(သို့) နှစ်မျိုးကို တစ်လ သောက်သုံးနိုင်ပါသည်။ ထိုသို့ သောက်သုံးခြင်းဖြင့် ရောဂါကူးစက်မှုကို
၈၀ ရာခိုင်နှုန်း လျှော့ကျစေနိုင်ပါသည်။ ဆေးသောက်သုံးရန် လိုအပ်ခြင်း ရှိ မရှိ ကို
AIDS ကုသရာတွင် ကျွမ်းကျင်သူများနှင့် အချင်းဖြစ်ပွားပြီး ၇၂ နာရီအတွင်း ဆက်သွယ် အကြံဉာဏ်
တောင်းယူပါ။

HIV
ရောဂါပိုးရှိသူနှင့် အကြောင်းကြောင်းကြောင့် အကာအကွယ်မဲ့ လိင်ဆက်ဆံမိပါက ရောဂါမကူးစက်အောင်
ကာကွယ်နည်းများ

ရောဂါပိုးရှိသူနှင့် အကြောင်းကြောင်းကြောင့် အကာအကွယ်မဲ့
လိင်ဆက်ဆံမိပါက (ဥပမာ- မုဒိမ်းကျင့်ခံရခြင်း) လိင်ဆက်ဆံပြီး ၇၂ နာရီအတွင်း HIV ပိုးကို
နှိမ်နင်းသော Anti-retroviral drug ဆေးသုံးမျိုး (သို့) နှစ်မျိုးကို တစ်လ သောက်သုံးပါက
ရောဂါ ကူးစက်မှုကို လျှော့ချစေနိုင်ပါသည်။ AIDS ကုသရာတွင် ကျွမ်းကျင်သူများနှင့် အချင်းဖြစ်ပွားပြီး
၇၂  နာရီအတွင်း ဆက်သွယ် အကြံဉာဏ်တောင်းယူပါ။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -
ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top