တွဲဖက်ကုထုံးများ
HIV(+) နှင့် AIDS ဝေဒနာရှင်များကို ကုသရန်အတွက်
အဓိက အရေးအကြီးဆုံး ဆေးမှာ ဖော်ပြခဲ့ပြီးသော Anti-retroviral drug များဖြစ်ပါသည်။ ၎င်းဆေးဝါးများကို
မှီဝဲမှသာ စိတ်ချ၍ အာမခံချက်ရှိသော ကိုယ်ခံအား တိုးတက်မှုကို ရရှိနိုင်ပါသည်။ သို့သော်
တချို့သော HIV(+) နှင့် AIDS ဝေဒနာရှင်များသည် ရောဂါ လက္ခဏာများ သက်သာစေရန် ပိုးသေဆေးများ၏
မလိုလားအပ်သော ဘေးထွက် ဆိုးကျိုးများ ဒဏ်ကို ခံနိုင်ရည် ရှိနိုင်ရန် အောက်ပါတွဲဖက်
ကုထုံးကို အသုံးပြုလေ့ ရှိပါသည်။
၁။ အာဟာရကုထုံး (Nutritioal Therapy)
၂။ ဆေးဖက်ဝင် အပင်ကုထုံး (Herbal Therapy)
၃။ စိတ်ကုထုံး (Psycho Therapy)
၎။ တရားထိုင်ခြင်း (Meditation)
၅။ စိတ်ဖြေလျှော့ကုထုံး (Ralaxation)
၆။ မိမိကိုယ်မိမိ အကြံပေးကုထုံး
(Autosuggestion)
၇။ စိတ်ကူးထင်မြင်သော ကုထုံး (Visual Imaging)
၈။ အသက်ရှူကုထုံး
၉။ လေ့ကျင့်ခန်းပြုလုပ်ခြင်း
၁၀။ နှိပ်နယ်ခြင်း
၁၁။ ရယ်မောခြင်း
၁၂။ စွမ်းသဘောတရား အခြေခံကုထုံများ
(ဥပမာ
- ချိကွန်း၊ ယောဂ၊ တိုက်ချိ၊ လက်နှိပ်ကုထုံး (reflexology)) အနောက်နိုင်ငံရှိ ဝေဒနာရှင်
၆၅ ရာခိုင်နှုန်းသည် အထက်ပါ တွဲဖက် ကုထုံးများကို အသုံးပြုလျက် ရှိပါသည်။ ထိုကုထုံး
များသည် လူနာ၏ သက်တမ်းကို ထိထိရောက်ရောက် တိုးတက်စေသည့် လုံလောက်သော အထောက်အထားများ
မရှိသော်လည်း လူနာ အသက်ရှင်နေထိုင်စဉ် သက်သာ အဆင်ပြေစွာ နေထိုင်နိုင်အောင် များစွာ
အထောက် အကူ ပြုကြောင်း လေ့လာ တွေ့ရှိရပါသည်။
သုတေသန ပြုချက်များအရ HIV ပိုးကို ထိန်းချုပ် နှိမ်နင်းနိုင်သည့်
ဆေးဝါး Anti-retroviral drug (ARV) များ မမှီဝဲဘဲ အထက်ပါ တွဲဖက် ကုထုံများကိုသာ သုံးစွဲသော
သူများသည် HIV ပိုးကို ထိန်းချုပ် နှိမ်နင်း နိုင်သည့် Anti-retroviral drug (ARV)
ဆေးဝါးများကိုသာ မှီဝဲသူများနှင့် ယှဉ်လျှင် ပိုမို သေဆုံး ကြသည်ကို တွေ့ရှိရပါသည်။
ထို့ကြောင့် ရောဂါရှင်များအတွက် တစ်ခုတည်းသော အားကိုးရာမှာ Anti-retroviral drug
(ARV) ဆေးဝါးများသာ ဖြစ်ပါသည်။
ဘယဆေးပင်ကုထုံး
HIV ရောဂါပိုး ကူးစက်ခံထားရသော သူများသည် ဆေးဖက်ဝင်
ဘယ ဆေးပင်များကို အောက်ပါ အကျိုး အာနိသင်များ ရရှိစေရန် သုံးစွဲလေ့ရှိကြသည် -
(က)
ကိုယ်ခံစွမ်းအား တိုးတက်စေရန်။
ရောဂါကို ခုခံတိုက်ဖျက် နိုင်သော ကိုယ်ခံစွမ်းအား
တိုးတက်စေရန် အတွက် ခုခံအားကို လှုံ့ဆော် တိုးတက်စေသော ဆေးပင်များ၊ ဥပမာ - ဂျင်ဆင်း၊
လင်ဇီးမှို အစရှိသည်တို့ကို မှီဝဲလေ့ ရှိကြသည်။
သို့သော် ခန္ဓာကိုယ်၏ ရောဂါခုခံစနစ်ကို လှုံ့ဆော်တိုင်း
ကောင်းသည် မဟုတ်ပါ။ ကိုယ်ခံအား အပိုင်းတွင် ကောင်းသောအပိုင်းနှင့် မကောင်းသောအပိုင်း
ဟူ၍ ရှိသည်။ မကောင်းသော အပိုင်းကို လှုံ့ဆော်မိပါက ရောဂါကို ပိုမိုဆိုးရွား စေတက်သောကြောင့်
တချို့ ဆေးပညာရှင်များက အန္တရာယ်ရှိသော ကုထုံးတစ်ခုအဖြစ် သတ်မှတ်ကြပါသည်။
(ခ)
ပိုးသေစေရန်။
ကိုယ်ခံအား ကျဆင်း၍ ကူးစက် ရောဂါများကို ကာကွယ်ကုသရန်
ပိုးသေစေသော အာနိသင်ရှိသည့် ဆေးပင်များ၊ ဥပမာ - ကြက်သွန်ဖြူ တို့ကိုလည်း မှီဝဲတက်လေ့
ရှိသည်။
(ဂ)
HIV ပိုး သေစေရန်။
HIV ပိုးကို သတ်ဖြတ်နိုင်သည်ဟု ယူဆသော ဆေးပင်များ၊
ဥပမာ - ရှားစောင်းလက်ပပ်၊ ကြက်သွန်ဖြူ၊ နွယ်ချို၊ သံလွင်ရွက် များကိုလည်း သုံးစွဲလေ့
ရှိကြသည်။ သို့သော် ARV ဆေးဝါးများလောက် HIV ပိုးကို နှိမ်နင်းနိုင်သော အာနိသင်ရှိသည့်
ဘယဆေးပင်များကို ယခုထက်ထိ ရှာဖွေ တွေ့ရှိခြင်း မရှိသေးပါ။
(ဃ)
Antioxidant အာနိသင် ရစေရန်။
HIV ရရှိသူများတွင် oxidant ခေါ် ခန္ဓာကိုယ်ကို အန္တရာယ်
ပြုတက်သည့် ဓာတ်တစ်မျိုး များစွာဖြစ်တတ်သည်။ ထိုဓာတ်ကို ထိန်းချုပ်နိုင်ရန်
Antioxidant ဓာတ်များ ပါဝင်သည့် ချင်း၊ နနွင်းများကို သုံးစွဲတတ်ပါသည်။
(င)
ARV ဆေးဝါးများ၏ မလိုလားအပ်သော ဆိုးကျိုး အာနိသင်များကို သက်သာစေရန်။
ARV ဆေးဝါးများ သောက်သုံးခြင်းကြောင့်၊
ပျို့အန်ခြင်းအတွက် ချင်း၊ အသည်းရောင်ခြင်းအတွက် နွယ်ချိုနှင့် Milk thistle၊ သွေး အဆီများခြင်းအတွက်
ကြက်သွန်ဖြူ၊ ချင်း၊ ဂျင်ဆင်းတို့ကို အသုံးပြုလေ့ ရှိကြသည်။ ယနေ့အထိ HIV ပိုးကို ကုသရာတွင်
အားထားရသော ဘယ ဆေးပင်များကို မတွေ့ရသေးပါ။
ARV ဆေးများကို သောက်သုံး
နေသူများသည် ဘယ ဆေးပင်များကိုလည်း တွဲဖက်စားသုံးပါက အချင်းချင်း ဓာတ်တုံ့ ပြန်မှုဖြစ်ပြီး
မလိုလားအပ်သော ဆိုးကျိုးများ ဖြစ်ပွားတက်သောကြောင့် သတိထား သင့်ပါသည်။
တရာထိုင်းခြင်း။ MEDITATION
သုတေသန ပြုချက်များအရ
HIV ကူးစက်ခံရပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက် ခံစားရသူများသည် ရောဂါကို တည်ငြိမ်စွာ
ရင်ဆိုင်နိုင်သူများနှင့် စာလျှင် စောစီးစွာ သေဆုံးကြသည်ကို တွေ့ရသည်။ ထို့ကြောင့်
စိတ်တည်ငြိမ်စွာဖြင့် ရောဂါကို ရင်ဆိုင်နိုင်စေရန် တရားထိုင်သင့်ပါသည်။ တည်ငြိမ်သော
စိတ်သည် ခန္ဓာကိုယ်၏ ရောဂါခုခံအားစနစ်ကို ကောင်းကျိုးများစွာ ပေးနိုင်ပါသည်။ တရားထိုင်ခြင်းကြောင့်
ရောဂါ မပျောက်နိုင်သော်လည်း အတိုင်းအတာ တစ်ခုအထိ သက်တမ်းကို ရှည်စေနိုင်မည်ဟု ယူဆကြပါသည်။
စိတ်နှင့်ကိုယ် ဖြေလျော့နည်းများ RELAXATION
သုတေသန ပြုချက်များအရ
စိတ်အခြေအနေနှင့် ကိုယ်ခံအားစနစ် ဆက်စပ်နေကြောင်း တွေ့ရှိထားပါသည်။ စိတ်ညစ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊
ရန်လိုခြင်း အစရှိသည့် စိတ်ဖိစီးမှုများသည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို ကျဆင်းစေပြီး
စိတ်ကို အေးချမ်းပျော်ရွှင်အောင် ထားရှိခြင်းဖြင့် မိမိကိုယ်ခံအား စနစ်၏ လုပ်ငန်း ဆောင်ရွက်မှုကို
မြှင့်တင် ပေးနိုင်ပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှုများ ပြေပျောက်စေရန် စိတ်နှင့် ကိုယ်
ဖြေလျော့နည်းများကို တွဲဖက်အသုံး ပြုကြပါသည်။
မိမိကိုယ်ကို ပြောဆိုအကြံပေးခြင်း AUTOSUGGESSION
စိတ်ပညာအရ မိမိလိုချင်၊
ဖြစ်ချင်သည်များကို စိတ်ငြိမ်သက် နေစဉ်အတွင်း မိမိကိုယ်ကို ပြောဆို အကြံပေးပါက ရရှိတတ်ပါသည်။
အိပ်ရာဝင်ခါနီး စိတ်ငြိမ်သက်နေသော အချိန်တွင် ငါ၏ ကျန်းမာရေး သည် တစ်နေ့ထက် တစ်နေ့
ကောင်းလာပြီး၊ ကိုယ်ခံအားစနစ် တိုးတက် ကောင်းမွန်လာပြီဟု မိမိကိုယ်ကို ယုံကြည်လာသည်အထိ
ပြောဆို အကြံပေးခြင်းဖြင့် ရောဂါကို ကုသရာတွင် စိတ်ပိုင်းဆိုင်ရာ များစွာ အထောက် အကူ
ပြုနိုင်ပါသည်။
စိတ်ကူးထင်မြင်မှု Visual imaging
စိတ်ထဲ၌ စိတ်ကူး ထင်မြင်မှုများသည်
အမှန်တကယ် ဖြစ်လာတက်ပါသည်။ ထို့ကြောင့် မိမိ၏ ခန္ဓာကိုယ်ရှိ ကိုယ်ခံအား စနစ်က ရောဂါပိုးများကို
ထိရောက်အောင်မြင်စွာ နှိမ်နင်းနေပုံကို နေ့စဉ် စိတ်ကူး ထင်မြင ကြည့်ခြင်းဖြင့် မိမိရောဂါ
ခုခံအားစနစ်၏ လုပ်ငန်း ဆောင်ရွက်မှုကို ကူညီပေးနိုင်သည်ဟု ယူဆပြီး၊ အချို့ ဆေးပညာရှင်များက
စိတ်ကူးထင်မြင်မှု ကုထုံးကို တွဲဖက် အသုံးပြုကြပါသည်။
စိတ်ကုထုံးများ။ Psycho therapy
HIV ပိုး ကူစက်ခံရပြီးနောက် စိတ်ဖိစီးမှုဒဏ် အပြင်းအထန် ခံစားနေရသူများအား ဝေဒနာ
သက်သာစေရန် စိတ်ကု ပညာရှင်က တွေ့ဆုံပြီး လိုအပ်သော အရေးပေါ်အမူအကျင့်၊ ပြုပြင်ကုသမှုများကို
သင့်တော်သလို အသုံးချ ကုသပေးခြင်းဖြင့် ဝေဒနာရှင်သည် ရောဂါကို သတ္တိရှိရှိ ရင်ဆိုင်
နိုင်လောက်အောင် ကူညီပေး နိုင်ပါသည်။ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာသော လူနာများသည်
ရောဂါဒဏ်ကို သည်းခံနိုင်ခြင်း၊ မျှော်လင့်ချက်နှင့် တက်ကြွသော စိတ်ကြောင့် ARV ဆေးဝါးများကို
ပုံမှန် မှီဝဲခြင်းတို့ကြောင့် သက်တမ်းလည်း ပိုရှည်လာပြီး လူ့ဘဝကို အဓိပ္ပာယ်ရှိရှိ
နေထိုင် သွားနိုင် တတ်သောကြောင့် စိတ်ကုထုံးများသည် AIDS ရောဂါ ကုသရာတွင် အရေးပါသော
တွဲဖက်ကုထုံး တစ်ခုဖြစ်ပါသည်။
တေးဂီတကုထုံး။ MUSIC THERAPY
လေ့လာချက်များအရ နေ့စဉ်
စိတ်ကြည်လင်စေမည့် ဂီတများကို နားထောင်ပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါက HIV ကူးစက်ခံထားရသော
သူများအတွက် အကျိုးရှိသည်ကို တွေ့ရပါသည်။
စိတ်ဖိစီးမှုများသည် ကိုယ်ခံအားကို
ပိုမိုကျဆင်းစေပြီး ရောဂါကို တိုးစေတတ်သည်။ စိတ်ဖိစီးမှုကို လျော့ကျစေသည့် သီချင်းနားထောင်ခြင်း၊
တရားထိုင်ခြင်း၊ ယောဂ၊ တိုက်ချိကျင့်ခြင်း အစရှိသည်တို့ကို မည်သည့် နည်းနှင့်မဆို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့်
စိတ်ဓာတ်ကျဆင်းမှုကို လျော့ကျစေပြီး စိတ်ဓာတ် တက်ကြွစေကာ တချို့တွင် ကိုယ်ခံအားစနစ်၏
လုပ်ငန်းဆောင်ရွက်မှုကိုပါ တိုးတက်ကောင်းမွန်လာကြောင်း မကြာမီက AIDS သုတေသန အစည်းအဝေး
တစ်ခု၌ တင်ပြခဲ့ကြသည်။
အာဟာရကုထုံး။ Nutritional therapy
HIV ကူးစက်ခံထားရသော သူများသည်
အသားဓာတ်များသော အဟာရပြည့်သည့် အစားအစာများကို စားရန် လိုအပ်သည်။ ဗီတာမင် ပြည့်ဝသည့်
လတ်ဆတ်သော ဟင်းသီး ဟင်းရွက်နှင့် အသီး အနှံများကို လုံလောက်စွာ စားသုံးရန် လိုအပ်ပါသည်။
အသားဓာတ် ကြွယ်ဝသော၊ အဆီမပါသော အသားများကို လုံလောက်စွာ စားသုံးခြင်းက တစ်ခါတည်းနှင့်
အများကြီး စားသုံးခြင်းထက် အစာပို ကြေချက်နိုင်ပြီး ခန္ဓာကိုယ်အတွက် ပို အကျိုးရှိပါသည်။
သုတေသန ပြုချက်များအရ
HIV ပိုး ကူးစက်ခံထားရသော သူများသည် မိမိ၏ ကိုယ်အလေးချိန်ကို ပုံမှန်အတိုင်း ထိန်းထားနိုင်ရန်
လိုအပ်ပါသည်။ ကိုယ်အလေးချိန်နှင့် သက်တမ်းသည် ဆက်စပ်နေသော ကြောင့် အာဟာရ ပြည့်ဝစွာ
စားသုံးခြင်းဖြင့် မိမိ၏ ကိုယ်အလေးချိန်ကို ထိန်းထားသင့်ပါသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ - ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)




