ထောက်ပံ့ကူညီသည့် အသင်းအဖွဲ့များ
HIV ကူးစက်ခံထားရသော သူများအနေနှင့်
မိမိတို့အား စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကူအညီ ပေးနိုင်သည့် စေတနာ့ဝန်ထမ်း
အဖွဲ့အစည်းများ၏ အထောက်အပံ့ကိုရခြင်း၊ ဘဝတူ ပိုးကူးစက်ခံထားရ သူအချင်းချင်း စုပေါင်း၍
အသင်းအဖွဲ့များ ဖွဲ့စည်းပြီး တွေ့ဆုံ ဆွေးနွေးပွဲများ၊ အားကစား လှုပ်ရှားမှုများ၊ စာပေ
ဂီတ အစရှိသည့် အနုပညာ လှုပ်ရှားမှုများကို ပုံမှန်ပါဝင် ပြုလုပ် နေသူများသည် မလုပ်သူများထက်
ပို အသက်ရှည်စွာ နေထိုင်ရကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ရောဂါရှင်များသည် မိမိတစ်ဦးတည်း
ရောဂါ ရနေသည်ဟု ယူဆပြီး စိတ်ဓာတ်ကျမနေဘဲ ဘဝတူ ရောဂါသည်များ၊ စေတနာ့ ဝန်ထမ်းများနှင့်
ဆက်သွယ်၍ မိမိ ခံစားနေရသည် များကို ပြောဆိုရင်ဖွင့်ကာ လိုအပ်သော အကူအညီများကို ရယူသင့်ပါသည်။
လေ့ကျင့်ခန်းပြုလုပ်ခြင်း။ Exercise
သင့်တင်သည့် လေ့ကျင့်ခန်းကို
ပုံမှန်ပြုလုပ်ခြင်းသည် ကျန်းမာရေးကို ကောင်းစေသည်။ စိတ်ဓာတ် ကျဆင်းမှုကို သက်သာစေသည်။
ခန္ဓာကိုယ် အတွင်းတွင် Endophin
ခေါ်
ဓာတ်တစ်မျိုးကို ထွက်စေသော ကြောင့် နေထိုင်ရ ကောင်းသော ခံစားမှုမျိုးကို ဖြစ်ပေါ်စေသည်။
ကိုယ်ခံအားကိုလည်း တိုးတက်စေကြောင်း တွေ့ရှိထားပါသည်။ သို့သော် လေ့ကျင့်ခန်းကို ပြင်းထန်စွာ
ပြုလုပ်ခြင်းမှာ ကိုယ်ခံအားကို ကျဆင်းစေပါသည်။ ထို့ကြောင့် လေ့ကျင့်ခန်း မလုပ်မီ ဆရာဝန်နှင့်
တိုင်ပင်သင့်ပါသည်။
နှိပ်နယ်ပေးခြင်း။ MASSAGE
သုတေသန
ပြုချက်များအရ ပုံမှန် နှိပ်နယ်ပေးခြင်းသည် ရောဂါရှင်၏ ကြွက်သားနာကျင် ကိုက်ခဲမှုနှင့်
အိပ်မရခြင်း တို့ကို သိသာစွာ သက်သာစေကြောင်း တွေ့ရှိရပါသည်။ နှိပ်နယ်ပေးခြင်းသည် စိတ်နှင့်
ကိုယ်ကိုလည်း ပြေလျော့စေပြီး အထီးကျန်နေရသော ရောဂါရှင်များအတွက် စိတ်ပိုင်းဆိုင်ရာ
သက်သာ မှုကိုလည်း ဖြစ်စေပါသည်။
ရယ်မောခြင်း။ LAUGHING
ရယ်မောခြင်းသည် အကောင်းဆုံးသော ဆေးဖြစ်သည်ဟု ဆိုရိုး
စကားရှိပါသည်။ မကြာခဏ ရယ်မောခြင်းသည် စိတ်ကို ရွှင်လန်း တက်ကြွစေပြီး ရောဂါကို ခုခံတိုက်ဖျက်ရာတွင်
များစွာ အထောက်အကူ ဖြစ်စေသည်။
ဟားဗတ် ကူးသန်းရောင်းဝယ်ရေး ကျောင်းမှ စိတ်ပညာရှင်
ဟယ်လီဂရီ၏ အဆိုအရ ဘဝကို အကောင်းမြင် မျှော်လင့်ချက်ဖြင့် ရင်ဆိုင်ခြင်းသည် ကျန်းမာပျော်ရွှင်မှုကို
ပေးစွမ်းနိုင်ပါသည်။ ဘဝအတွက် လက်စွဲထားရမည့် အင်္ဂလိပ်အက္ခရာ L ဖြင့်စသည့် စကား ငါးခုကို
အကြံပြု တင်ပြထားပါသည်။
(က) Learn
သင်ယူပါ။
တစ်နေ့တာကို အတွေ့အကြုံသစ်များ၊ ပညာသစ်များ သင်ယူရန်
အခွင့်အရေး ရသည်ဟု သဘောထားပြီး နေ့စဉ်ပညာ သစ်တစ်ခုကို သင်ယူပါ။
(ခ) Labour
အားထုတ်ပါ။
ကိုယ့်ဘဝအတွက် အဓိပ္ပာယ်ရှိသော ကိုယ့်စိတ် ကျေနပ်မှုကို
ဖြစ်စေသည့် လုပ်ငန်းများကို လုပ်ဆောင်ပါ။
(ဂ) Love
ချစ်ခင်ပါ။
ကိုယ့်ပတ်ဝန်းကျင်ရှိ လူများအား ချစ်ခင်ကြင်နာမှုကို
ပေးပါ။ ကိုယ့်အား ဂရုတစိုက် ကူညီနေသူအား အသိအမှတ် ပြုပါ။ မိတ်ဆွေများ၏ ချစ်ခင် ကြင်နာမှုကို
အသိအမှတ်ပြု လက်ခံပါ။
(ဃ) Laugh
ရယ်မောပါ။
မိမိအပါအဝင် လောကကြီး တစ်ခုလုံးကို ကြည့်ရင်း ရယ်မော
ပျော်ရွှင် နိုင်ပါစေ။
(င) Let
go ဖြစ်သင့်တာတွေ ဖြစ်ပါစေ။
လောကကြီးတွင် ကိုယ့်သဘောအတိုင်း မဟုတ်ဘဲ ကိုယ်ကဘာမျှ
လုပ်၍မရနိုင်သည့် အခြေအနေ အဖြစ်အပျက်များ ရှိပါသည်။ ထိုအခြေအနေများကို အရှိအတိုင်း
လက်ခံနိုင်အောင် ကြိုးစားခြင်းဖြင့် စိတ်ဆင်းရဲမှုကို သက်သာစေပါသည်။
စွမ်းအင်
အခြေခံကုထုံးများ
အရှေ့တိုင်း အယူအဆအရ ခန္ဓာကိုယ်အတွင်းတွင် စွမ်းအင်များသည်
သူ့လမ်းကြောင်းအလိုက် လှည့်လည် သွားလာလျက်ရှိပြီး ထိုလမ်းကြောင်းများ သွားလာမှုမမှန်ပါက
ရောဂါရသည်ဟု ယူဆကြပါသည်။ ထို့ကြောင့် စွမ်းအင် လမ်းကြောင်းများ ပုံမှန်ဖြစ်စေရန် ချိကုန်း၊
တိုက်ချိ အစရှိသည့် လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ အိန္ဒိယမှ ယောဂ ကျင့်စဉ်များကို
ကျင့်သုံးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုရရှိခြင်း၊ မပြင်းထန်သော ရောဂါ လက္ခဏာများ၊
ဥပမာ - မူးဝေကိုက်ခဲခြင်း၊ နုံးချည့်ခြင်း တို့ကို သက်သာစေကြောင်း တွေ့ရှိရပါသည်။
ထို့ကြောင့် AIDS ရောဂါသည် မပျောက်ကင်း နိုင်သော်လည်း
စိတ်နှင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုး အချို့ကို ရရှိနိုင်သောကြောင့် အနောက်နိုင်ငံမှ
ဆေးပညာရှင် အချို့က တွဲဖက် ကုထုံးအဖြစ် အသုံးပြုကြပါသည်။
အပြုစိတ်
PNI ခေါ် စိတ်နှင့် ကိုယ်ခံအားအကြောင်း လေ့လာသော
သုတေသန ပညာရှင်များသည် ကျွန်ုပ်တို့၏ စိတ်ခံစားမှု၊ တွေးတောချက်များနှင့် ခုခံအားစနစ်တို့၏
ဆက်စပ်ပုံကို လေ့လာရာမှာ ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများသည် ရောဂါ တိုးတက်မှုအပေါ်တွင်
အကျိုးသက်ရောက်မှု ရှိကြောင်း တွေ့ခဲ့ကြရသည်။
သုတေသန ပြုချက်အရ အာနိသင်မရှိသော ဆေးဝါးများကို
သောက်သုံး နေရသော်လည်း မိမိရောဂါကို သက်သာ ပျောက်ကင်းမည်ဟု ယူဆပြီး မျှော်လင့်ချက်ဖြင့်
သောက်သုံးသူ ၄၀ ရာခိုင်နှုန်းမှာ ရောဂါ လက္ခဏာများ သက်သာလာသည်ကို တွေ့ရပါသည်။ မိမိကိုယ်ကို
မျှော်လင့်ချက်မရှိ၊ သေမိန့်ကျပြီးသူ တစ်ယောက်အဖြစ် ယုံကြည်နေသူများမှာ စောစီးစွာ သေဆုံးလေ့
ရှိပါသည်။ ထို့ကြောင့် HIV ပိုး ကူးစက်ခံထားရပြီး သက်တမ်းရှည်ရှည် နေထိုင်နိုင်သူများမှာ
အကောင်းမြင်စိတ်ရှိပြီး မိမိ၏ အနေအထိုင်၊ အပြုအမူများက မိမိကျန်းမာရေးကို ပြောင်းလဲနိုင်သည်ဟု
ယုံကြည်မှု ရှိထားသူများသာ ဖြစ်သည်။
ဗီတာမင်
တချို့သော လေ့လာချက်များအရ ဗီတာမင် အားဆေးများ အသုံးပြုခြင်းဖြင့်
ရောဂါ တိုးတက်မှုနှုန်းကို နှေးစေသည်ဟု ဆိုသော်လည်း လက်ခံနိုင်လောက်သော သိပ္ပံနည်းကျ သုတေသနပြုချက်များ
မရှိသေးပါ။
ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -
ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)




