11
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၁၅)



AIDS
ရောဂါနှင့် ပတ်သက်သော အယူအဆအမှားများ

၁။  AIDS ရောဂါသည် ကုရာနတ္ထိ ဆေးမရှိ၊ မုချသေမည်။

အထက်ပါ အယူအဆသည် မမှန်ပါ။ ရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေသော
ဆေးဝါးများ မပေါ်သေးသော်လည်း HIV ပိုး ပွားများမှုကို သိသာစွာ ထိန်းချုပ် နှိမ်နင်းနိုင်သော
Anti-retrovial drug (ARV) ဆေးဝါးများကို ရှာဖွေတွေ့ရှိခဲ့ပြီး AIDS ရောဂါကုသရာတွင်
တစ်ကမ္ဘာလုံးက လက်ခံကာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေပြီ ဖြစ်ပါသည်။ ARV ဆေးဝါးများကို
လိုအပ်ပါက စောစီးစွာ မှီဝဲခြင်းဖြင့် ရောဂါ တိုးတက်မှုကို ဟန့်တားနိုင်ပြီး သက်တမ်းရှည်စွာ
နေထိုင် သွားစေနိုင်ပါသည်။ ဥရောပ နှင့် အမေရိကန် နိုင်ငံများတွင် ပြုလုပ်ထားသော သုတေသနများအရ
ARV ဆေးများကို မှီဝဲခြင်းဖြင့် AIDS ရောဂါကြောင့် သေဆုံးနှုန်းကို ၈၀ ရာခိုင်နှုန်းမှ
၉၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း တွေ့ရှိရပါသည်။

ထို့ကြောင့် AIDS သည် သေမိန့်တစ်ခု မဟုတ်တော့ဘဲ
တစ်စုံတစ်ခုသော အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ် ထားနိုင်သော နာတာရှည်ရောဂါ
(Chronic and manageable disease) တစ်ခုအဖြစ် တစ်ကမ္ဘာလုံးက လက်ခံ လာကြပြီ ဖြစ်ပါသည်။

ARV ဆေးများသည် လောလောဆယ်တွင် ဈေးနှုန်း ကြီးမြင့်သည့်
အတွက် လူတိုင်းအတွက် လက်လှမ်း မမီသေးပါ။ မြန်မာနိုင်ငံ၌ ၎င်း ARV ဆေးဝါး လေးငါးမျိုးကို
အိန္ဒိယ ဆေးကုမ္ပဏီများက တင်သွင်း လာသောကြောင့် ဆေးနှစ်မျိုးပေါင်းကို တစ်လလျှင် သုံးသောင်းခွဲ၊
သို့မဟုတ် သုံးမျိုးပေါင်းကို ငါးသောင်းခွဲ ခန့်ဖြင့် စားသုံးနိုင်ပြီ ဖြစ်ပါသည်။

၂။
အရွယ်မရောက်သော မိန်းမငယ်များနှင့် လိင်ဆက်ဆံခြင်းဖြင့် AIDS ရောဂါပျောက်သည်။

အထက်ပါ အယူအဆသည် လုံးဝမှားရုံးမက အန္တရာယ်ကြီးသော
မှားယွင်းမှုကို ဖြစ်ပေါ်စေပါသည်။ အရွယ် မရောက်သေးသော မိန်းမငယ်များ၏ လိင်အင်္ဂါများသည်
ပြည့်စုံအောင် ဖွံ့ဖြိုးကြီးထွားခြင်း မရှိဘဲ လိင်ဆက်ဆံရန် အသင့် အနေအထားတွင် မရှိကြပါ။
လိင်ဆက်ဆံရာတွင် ထိခိုက်ဒဏ်ရာရမှု နည်းစေရန် လိင်အင်္ဂါမှ အရည်များလည်း လုံလောက်အောင်
ထွက်ရှိနိုင်ခြင်း မရှိသေးပါ။ ထို့ကြောင့် အရွယ် မရောက်သေးသော မိန်းမငယ်များနှင့် လိင်ဆက်ဆံခြင်းဖြင့်
ထိခိုက်မှု ပိုမိုဖြစ်ပွားပြီး ကာလသားရောဂါနှင့် HIV ပိုး ကူးစက်ရန် အခွင့်အလမ်းသာ ပိုမိုများပြားပါသည်။

အလားတူ သွေးဆုံးပြီး အသက်အရွယ် ကြီးရင့်သည့် အမျိုးသမီးများနှင့်
လိင်ဆက်ဆံလျှင်လည်း ကာလသား ရောဂါ ပိုမိုကူးစက်နိုင်ပါသည်။

၃။
လိင်ဆက်ဆံရာတွင် ကွန်ဒုံးအစား ကြွပ်ကြွပ်အိတ်ကို ရောဂါ ကာကွယ်ရန် သုံးစွဲနိုင်ပါသည်။

လုံးဝမမှန်ကန်ပါ။ သုတေသန ပြုချက်များအရ Latex ရော်ဘာဖြင့်
ပြုလုပ်ထားသော ကွန်ဒုံးများ ကသာ ရာနှုန်းပြည့်နီးပါး ရောဂါ ကူးစက်မှုကို ဟန့်တားနိုင်ပါသည်။

၎။
လိင်ဆက်ဆံပြီး လိင်အင်္ဂါကို မဖောက်ထုံးရည်၊ ရှလကာရည်ဖြင့် ဆေးကြောခြင်းဖြင့် HIV ပိုးကူးစက်မှုကို
တားဆီးနိုင်ပါသည်။

လုံးဝမမှန်ကန်ပါ။ လိင်အင်္ဂါကို ပိုမိုရောင်ရမ်းစေပြီး
ရောဂါ ကူးစက်မှုကိုသာ ပိုမိုစေမည် ဖြစ်ပါသည်။

၅။
ကန်စွန်းရွက် စားခြင်းဖြင့် HIV ကူးစက်စေနိုင်သည်။

လုံးဝ မမှန်ကန်ပါ။ HIV ပိုးမှာ အစားအသောက်ကြောင့်
ကူးစက်ခြင်း မရှိပါ။

၆။
AIDS ရောဂါကို အမြစ်ပြတ် ပျောက်ကင်းအောင် ကုသနိုင်သည်။

မမှန်ပါ။ ယခုအချိန်အထိ တစ်ကမ္ဘာလုံးတွင် AIDS ရောဂါကို
အမြစ်ပြတ် ပျောက်ကင်းစေသည့် ဆေးဝါးများ မပေါ်ပေါက်သေးပါ။ ရောဂါပိုးကို ထိန်းချုပ် နှိမ်နင်းနိုင်သော
ARV ဆေးဝါးများသည် ရောဂါတိုးတက်နှုန်းကို ဟန့်တားနိုင်ပြီး၊ AIDS ရောဂါကြောင့် သေဆုံးနှုန်းကို
သိသိသာသာ လျော့ချ နိုင်သောကြောင့် တစ်ကမ္ဘာလုံးက လက်ခံ သုံးစွဲနေသော တစ်မျိုးတည်းသော
ဆေးဝါး အမျိုးအစား ဖြစ်ပါသည်။ ARV ဆေးဝါးများ သည်သာ AIDS ဝေဒနာရှင်များအတွက် ယုံကြည်စိတ်ချစွာ
အားထားစရာ တစ်ခုတည်းသော ဆေးဝါးဖြစ်ပါသည်။

AIDS ရောဂါကို ပျောက်ကင်းအောင် ကုသပေးမည်ဟု ကြော်ငြာကာ
ပိုက်ဆံ မတန်တဆ တောင်းယူ နေကြသူများ၏ လိမ်လည်မှုကို မခံရစေရန် မကုသမီ သေချာစွာ စုံစမ်းကြပါရန်
တိုက်တွန်း အပ်ပါသည်။

၇။
တစ်ကြိမ်တစ်ခါ အပျော်အပါး လိုက်စားရုံဖြင့် HIV ပိုး မကူးစက်နိုင်ပါ။

မမှန်ပါ။ တစ်ကြိမ်တစ်ခါ အကာအကွယ်မဲ့ ရောဂါရှိသူနှင့်
လိင်ဆက်ဆံ မိပါက ရောဂါကူးစက်မှု အခွင့်အလမ်းမှာ ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်း ရှိပါသည်။
ရောဂါရှိသူ၏ သွေးထဲတွင် HIV ပိုးများ များပြားနေပါက (ဥပမာ - ရောဂါပိုး စတင်ဝင်ချိန်၊
ရောဂါ၏ နောက်ဆုံးအဆင့်) ရောဂါကူးစက်ဖို့ အခွင့်အလမ်းမှာ သာမန်ထက် အဆ ၁၀၀ မှ ၁၀၀၀ အထိ
ပိုမို များပြားစေပါသည်။

၈။
AIDS ရောဂါဆိုတာ ရောဂါပိုးဝင်ပြီး ဆယ်နှစ်ကြာမှ ပေါ်တာဆို

တော့ ငါ့တို့လို အသက်ကြီးတဲ့ လူတွေအတွက် ဂရုစိုက်စရာမလို။
မမှန်ကန်ပါ။ ရောဂါ တိုးတက်နှုန်းမှာ တစ်ဦးနှင့် တစ်ဦး မတူညီပါ။ တချို့တွင် ပိုးဝင်ပြီး
နှစ်နှစ်၊ သုံးနှစ်အတွင်း AIDS အဆင့်သို့ ရောက်ရှိ တတ် ပါသည်။ ထို့ပြင် ကလေးနှင့် အသက်
ကြီးရင့်သူများတွင် ရောဂါ တိုးတက်နှုန်းမှာ ပိုမို မြန်ဆန်တတ်ပါသည်။ ထို့ကြောင့် အသက်ကြီးသော်လည်း
ရောဂါမရှိအောင် ရှောင်ကြဉ်သင့်ပါသည်။

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့်
ဆေးဝါးများ -

ဒေါက်တာအောင်စန်း (ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊
နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top