6
Jun

ခုခံအားကျဆင်းမူ ကူးစက်ရောဂါ AIDS ဆိုသည်မှာ (၇)







ရောဂါတိုးတက်မှုနှုန်းကို ခန့်မှန်းခြင်း

သွေးထဲတွင် ရောဂါပိုးရှိပြီးသူ
တစ်ယောက်ကို AIDS အဆင့်သို့ မည်သည့်နှုန်းဖြင့် ကူးပြောင်းမည်ကို အောက်ပါအချက်
နှစ်ချက်ကို ကြည့်ခြင်းအားဖြင့် ခန့်မှန်းနိုင်ပါသည်။

၁။ သွေးထဲရှိ CD4 သွေးဖြူဥပမာဏ (CD4
Lymphocyte)

သွေးထဲရှိ CD4 သွေးဖြူဥ ပမာဏနည်းလေ၊
ရောဂါတိုးတက်မှုနှုန်းမြန်လေဖြစ်ပါသည်။ သွေးထဲရှိ CD4 သွေးဖြူဥပမာဏမှာ ၂၀၀/ mm3
ထက်ပိုနည်းပါက ရောဂါတိုးတက်မှုနှုန်း မြန်ဆန်ပြီး ၁၈ လမှ ၂၄ လအတွင်း AIDS အဆင့်သို့
ကူးပြောင်းရောက်ရှိလေ့ ရှိပါသည်။

၂။ သွေးထဲရှိ ရောဂါပိုးပမာဏ (Viral
Load)

သွေးထဲရှိ ရောဂါပိုးပမာဏ များလေလေ၊
ရောဂါတိုးတက်မှုနှုန်း မြန်လေ ဖြစ်ပါသည်။ သွေးထဲတွင် ရောဂါပိုး ၁၀၀၀၀၀/mm3
ထက်ပိုများပါက သုံးနှစ်အတွင်း AIDS အဆင့်သို့ရောက်ရန် အခွင့်အလမ်း ပိုများပါသည်။
၅၀၀/mm3 ထက်ပိုနည်းပါက ရောဂါတိုးတက်မှုနှုန်း နှေးပြီး ဆယ်နှစ်ကျော်ကြာမှ AIDS
အဆင့်သို့ရောက်ရန် အခွင့်အလမ်း ပိုများပါသည်။

လူ့သက်တမ်းကို ခန့်မှန်းခြင်း

သွေးထဲတွင် ရောဂါပိုးရှိပြီးသူ (+)
တစ်ယောက်သည် အကြမ်းဖျင်းအားဖြင့် ရောဂါပိုးဝင်သည့် အချိန်မှစ၍
ရှစ်နှစ်မှဆယ်နှစ်အထိ အသက်ရှည်တတ်ပါသည်။ AIDS အဆင့်သို့ရောက်ပြီး သူတစ်ယောက်သည်
Anti-retroviral drug ဆေးဝါးများ စားသုံးခြင်းမရှိပါက ပျမ်းမျှတစ်နှစ်ခန့်သာ
အသက်ရှည်တတ်ပါသည်။ Anti-retroviral drug ဆေးဝါးများ စားသုံးပါက စားသုံးနေသမျှ
အသက်ရှင်နေနိုင်ပါသည်။ ဆေး၏ မလိုလားအပ်သော ဆိုးကျိုးများကို ပြင်းထန်စွာ ခံစားရ၍
ဆေးဆက်မသောက်နိုင်သူများနှင့် ရောဂါပိုးက ဆေးကို ခံနိုင်ရည်ရှိလာသူ (drug
resistance) များသာ အသက်ဆုံးရှုံးရလေ့ ရှိပါသည်။

သုတေသနပြုချက်များအရ သွေးထဲရှိ CD4
သွေးဖြူဥပမာဏမှာ ၂၀၀/mm3 ခန့်ရှိပါက ပျမ်းမျှသုံးနှစ်ခန့်သာ အသက်ရှင်တတ်ပါသည်။

သွေးထဲတွင် ရောဂါပိုး ၁၀၀၀၀၀/mm3
ထက်ပိုများပါက ပျမ်းမျှ (၄ ဒသမ ၄) နှစ်ခန့်သာ အသက်ရှင်တတ်ပါသည်။ ၅၀၀/mm3 ထက်
ပိုနည်းပါက ပျမ်းမျှဆယ်နှစ်ကျော်ခန့် အသက်ရှင်တတ်ပါသည်။

ခုခံအားကျဆင်းမှု
ကူးစက်ရောဂါ ကာကွယ်ကုသနည်းနှင့် ဆေးဝါးများ -
ဒေါက်တာအောင်စန်း
(ပထမအကြိမ်- ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ / ရှင်မတောင်စာပေ)

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top