2
Dec

ခုခံအားကျဆင်းမှုတိုက်ဖျက်ရေး လွတ်လပ်စွာဆောင်ရွက်ခွင့်မရသေး



မြန်မာနိုင်ငံအတွင်း
ခုခံအားကျဆင်းမှုရောဂါ (AIDS) နှင့် စပ်လျဉ်းသည့် အသိပညာပေးမှုများကို တွင်ကျယ်စွာ ဆောင်ရွက်နိုင်ခွင့်
မရသေးကြောင်း အန်အယ်လ်ဒီ အေ့စ်ရောဂါ အကူအညီပေးရေး အဖွဲ့မှ မဖြူဖြူသင်းက ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါ
တိုက်ဖျက်ရေးနေ့တွင် ပြောသည်။

“ဒီနေ့တော့
အစိုးရဘက်က ကားလေးစီးနဲ့ ကွန်ဒုံးတွေ ဝေနေတာကို မြင်တွေ့ရတယ်။ သူတို့ တကယ်လုပ်မယ်ဆိုရင်
World AIDS Day လောက်တင် လုပ်ပြရမှာမဟုတ်ဘူး။ ဟိုးအရင် ကတည်းက ၂၀၀၂ ခုနှစ်လောက်ကစပြီး
တနိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်ခဲ့ရမယ့်ဟာတွေပါ။ အခုလိုလုပ်တာကိုတော့ ကြိုဆိုပါတယ်။
အခြားလူတွေကိုလည်း လုပ်ခွင့်ပေးနိုင်ရမယ်လေ” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသို့
Global Fun မှ အကူအညီများ ၀င်ရောက်လာတော့မည့် အပေါ်ကိုလည်း သူမက ကြိုဆိုလိုက်ပြီး အန်ဂျီအိုအဖွဲ့များအနေဖြင့်
လွတ်လပ်စွာသွားလာလှုပ်ရှားခွင့်၊ ပညာပေးခွင့် ရနိုင်မှုရှိမရှိကိုမူ စိုးရိမ်မိသည်ဟု
ပြောသည်။

မြန်မာအစိုးရထုတ်
မြန်မာ့အလင်းသတင်းစာတွင် မြန်မာနိုင်ငံ၌ AIDS ရောဂါဖြစ်ပွားမှုမှာ ၂၀၀၀ ပြည့်နှစ်တွင်
(၀.၉၄) ရာခိုင်နှုန်းရှိရာမှ ၂၀၀၇ ခုနှစ်တွင် (၀.၆၇) ရာနှုန်းသို့ ကျဆင်းခဲ့သည်ဟု ဖော်ပြထားသော်လည်း
လက်ရှိ ဖြစ်ပွားမှုနှုန်းကို ဖော်ပြထားခြင်းမရှိပေ။

မြန်မာနိုင်ငံရှိ
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီဌာနချုပ်ရုံးတွင်လည်း ခုခံအားကျဆင်းမှု ရောဂါ တိုက်ဖျက်ရေးနေ့
အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

“တိုင်းနဲ့
ပြည်နယ်အသီးသီးက HIVနဲ့ အတူနေသူတွေကို ကျွေးမွေးတယ်။ ပျော်ပျော်ရွှင်ရွှင် ဖြစ်သွားအောင်
ကံစမ်းမဲလေးတွေ ဖောက်ပေးတယ်။ နောက် စီးအီးစီက အဘ ဦးဝင်းတင်နဲ့ ဦးညွန့်ဝေတို့က အားပေးစကား
ပြောပါတယ်” ဟု မဖြူဖြူသင်းက ပြောသည်။

မြန်မာနိုင်ငံမှ
ခုခံအားကျဆင်းမှု ဝေဒနာသည်များအနေဖြင့် ၂၀၀၇ ခုနှစ်တွင် 3 D Fun ၀င်ရောက်ခဲ့မှုကြောင့်
ယခင်ထက် ဆေးဝါးပိုမို ရရှိလာသော်လည်း အမှန်တကယ်လိုအပ်သည့် ပမာဏကို  ပြည့်မီခြင်းမရှိသေးဟုလည်း ၎င်းက ပြောသည်။

“အခုလက်ရှိအချိန်မှာ
တိုင်းနဲ့ပြည်နယ်အသီးသီးမှာရော၊ ရန်ကုန်မှာရော ARV ဆေးဝါးရဖို့ စောင့်နေရတဲ့ လူနာတွေ
အများကြီးရှိနေဆဲပဲ။ ပေးနိုင်တဲ့အားနဲ့ လိုအပ်နေတဲ့အားက ကွာဟမှု များနေပါသေးတယ်” ဟု
သူမက ပြောသည်။

မြန်မာနိုင်ငံတွင်
ခုခံအားကျဆင်းမှု ရောဂါသည်များအား အသိပညာဖြန့်ဝေခြင်း၊ အကူအညီပေးခြင်းတို့ ပြုလုပ်သော
အစိုးရမဟုတ်သည့် အဖွဲ့အစည်းများကို အာဏာပိုင်အဆင့်ဆင့်က အနှောင့်ယှက် ပေးလေ့ရှိသည့်
သတင်းများ မကြာခဏပေါ်ထွက်လေ့ရှိပြီး ၂၀၀၇ ခုနှစ်အတွင်းက နယ်မှ HIV/AIDSနှင့် အတူနေသူများကို
လက်ခံကုသ ပေးနေသည့် မဂ္ဂင်ကျောင်းတိုက်ကို အာဏာပိုင်များက ချိပ်ပိတ်ခဲ့သည်။

khitpyaing -

ခုခံအားကျဆင်းမှုတိုက်ဖျက်ရေး
လွတ်လပ်စွာဆောင်ရွက်ခွင့်မရသေး


Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top