ကမ္ဘာတစ်ဝန်းတွင် အေအိုင်ဒီအက်စ်
ခေါ်ခုခံအားကျဆင်းမှုရောဂါသည် ကူးစက်ပျံ့နှံ့လျက်ရှိသည်။ ထို့ကြောင့်နိုင်ငံအများအပြားက
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ် တိုက်ဖျက်ရေးနှင့် အိပ်အိုင်ဗွီနှင့် နေထိုင်သူများအား ပြုစုစောင့်ရှောက်ရေး
လုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ မြန်မာနိုင်ငံအနေဖြင့် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို
အမျိုးသားရေးအသွင်ဖြင့် ကြိုးပမ်း တိုက်ဖျက် လျက်ရှိသည်။ ခုခံအားကျဆင်းမှုကူးစက်ရောဂါ
ကာကွယ်တားဆီးရေးနှင့် တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကို ၁၉၈၉ခုနှစ်မှ စတင်ဖွဲ့စည်းထားပြီး
ပြည်နယ်၊ တိုင်း၊ ခရိုင်၊ မြို့နယ်များရှိ ကော်မတီအဆင့်ဆင့်တို့က AIDS ကူးစက်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်
ဖော်ဆောင်လျက်ရှိသည်။
အထူးသဖြင့် အမျိုးသမီးများ အိပ်ခ်ျအိုင်ဗွီပိုးကူးစက်မှုမှ
ကာကွယ်ရေးနှင့် ရောဂါပိုးရှိသူအား ပြုစုစောင့်ရှောက် ရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်တွင်း လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းကူညီ
ဆောင်ရွက်နေသည်။ တစ်ချိန်တည်းတွင် အဆိုပါကူးစက်ရောဂါ တိုက်ဖျက်ရေး စီမံချက်အနေဖြင့်
အသိပေးဆွေးနွေးခြင်း၊ HIV/AIDS ရောဂါဆိုင်ရာ
ပညာပေးခြင်း၊ ကူးစက်ရောဂါ ထိရောက်စွာ ကုသပေးခြင်းလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်
ဖော်ဆောင်လျက်ရှိသည်။
ယင်းသို့ကြိုးပမ်းဆောင်ရွက်မှုများကြောင့်ပင်
မြန်မာနိုင်ငံ၏ HIV/AIDS ရောဂါဖြစ်ပွားမှုနှုန်းမှာ
၂၀၀၀ ပြည့်နှစ်က ၀ ဒသမ ၉၄ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၀၇ ခုနှစ်တွင် ၀ ဒသမ ၆၇ ရာခိုင်နှုန်းအထိ
ကျဆင်းသွားကြောင်း ကုလသမဂ္ဂ ခုခံအားကျဆင်းမှုအဖွဲ့က ကြေညာခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံသည်
ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာလူမှုရေး အသင်းအဖွဲ့များနှင့် လက်တွဲပူးပေါင်း၍
ခုခံအားကျဆင်းမှု ကူးစက်ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် တက်တက်ကြွကြွပါဝင် လျက်ရှိသည်။
ခုခံအားကျဆင်းမှု ကူးစက်ရောဂါသည်
လူသားတို့၏ကျန်းမာရေးကိုသာမက လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကိုပါ
ထိခိုက်စေသည်ဖြစ်ရာ HIV/AIDS ကူးစက်ရောဂါဆိုး
ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ
ပြည်သူအားလုံးက ပူးပေါင်းပါဝင် ဆောင်ရွက်ရင်း ရောဂါကူးစက်ခံနေရသူများအား စာနာထောက်ထား
နွေးထွေးစွာ ကူညီစောင့်ရှောက်သွားကြရမည် ဖြစ်ပါသည်။
ခုခံအားကျဆင်းမှုရောဂါ ပူးပေါင်းကာကွယ်
အိပ်ခ်ျအိုင်ဗွီနှင့် နေထိုင်သူအား ကုသပြုစု




