လူနာ။ ။ ဆရာ ကျတော် အသည်းရောင် အသားဝါ
ဖြစ်နေလို့ လာပြတာပါခင်ဗျာ။
ဆရာဝန်။ ။ ဟုတ်ပါရဲ့ မျက်လုံးတွေက
တော်တော်ဝါနေတာဘဲ။
လူနာ။ ။ ဒါမျိုးဖြစ်တာ တစ်လအတွင်း နှစ်ခါ
ရှိသွားပြီဆရာ၊ ဒါပထမအကြိမ် ဖြစ်တုန်းက စစ်ဆေးထားတဲ့ ဆေးမှတ်တမ်း တွေပါဆရာ။
ဆရာဝန်။ ။ ခင်ဗျားရဲ့ ဆေးမှတ်တမ်းတွေအရ ခင်ဗျားမှာ
အဲဒီ အချိန်တုန်းက အသည်းရောင် အသားဝါဘီပိုး၊ စီပိုး၊ ငှက်ဖျားပိုးရယ် လက်ပတို
စပိုင့်ရာပိုးတွေ မရှိဘူး အသည်းကတော့ အမှန်ကို ရောင်နေတာဘဲ။
လူနာ။ ။ ဒါနဲ့  အဲဒီတုန်းက ကျတော့ကို
ကုသပေးတဲ့ ဆရာဝန်ကြီးက ကျတော်သောက်နေတဲ့ သောက်လက်စ ဆေးတွေကို ရပ်ခိုင်းပြီး သူပေးတဲ့ ဆေးတွေကိုဘဲ သောက်ခိုင်းတယ်။ ဒါနဲ
့ဆယ်ရက် လောက်နေတော့ ပြန်ကောင်းသွားရော။ ဒါနဲ့ ကျတော်အရင်ကတည်းက ပြနေကျ
ဆရာဝန်ကြီးဆီ ပြန်ပြတော့ သူအရင်က ပေးထားတဲ့ ဆေးတွေ ပြန်သောက်ခိုင်းတယ်။
ဒီဆေးတွေပါ။
ဆရာဝန်။ ။ ဒါ ဘာဆေးတွေ လဲဆိုတာ ခင်ဗျား သိပါသလား။
လူနာ။ ။ သိပါတယ် အိတ်ခ်ျအိုင်ဗွီ
ပိုးသတ်ဆေးတွေပါ။ ဒီဆေးတွေ သောက်ပြီး နောက်တခါ ခုလို မျက်လုံးတွေ ၀ါလာပြန်ရော။
ဒါနဲ့  အရင်တုန်းက အသည်းကို ကုပေးတဲ့ ဆရာဝန်ကြီးကို ပြန်ပြတော့ သူက ဒီဆေးတွေကို
ပြန်ဖြတ်ခိုင်းတယ်။ ဒါနဲ့ ဆရာ့ကို တိုင်ပင်ချင်လို့  လာခဲ့တာပါဆရာ။ ဒါတွေက
ခုတစ်ခေါက် စစ်ထားတဲ့ ဆေးမှတ်တမ်းတွေပါဆရာ။
ဆရာဝန်။ ။ ဒီတစ်ခေါက် စစ်တော့လည်း ဓါတ်ခွဲခန်းအဖြေ
တယ်လီဗွီရှင်း ဓါတ်မှန် (Ultrasound) အဖြေတွေနဲ့  ဘာမှ ထူးထူးခြားခြား အကွာပါဘူး။
ဒါကြောင့် ခင်ဗျားရဲ့ အသည်းရောင် စေတဲ့ အကြောင်းက ခင်ဗျားသုံးစွဲနေတဲ့ နယ်ဗာရပင်း
(Nevirapine) ဆိုတဲ့ အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ကြောင့်လို့  ယူဆရပါတယ်။
လူနာ။ ။ ဒါဆိုရင် ပထမ အိတ်ခ်ျအိုင်ဗွီ
ရောဂါကို ကုသပေးတဲ့ ဆရာဝန်ကြီးက ဆေးမှား ပေးတာပေါ့နော်။
ဆရာဝန်။ ။ လုံးဝမဟုတ်ပါဘူး ကျတော်တို
့နိုင်ငံမှာရှိတဲ့ အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ရှိသူတော်တော်များများကို
အိတ်ခ်ျအိုင်ဗွီ ပိုးသတ်ဆေး တိုက်ဖို့ လိုလာရင် ဒီနယ်ဗာရပင်း ဆေးပါတဲ့ ဆေးအတွဲကို
ပေးလေ့ရှိပါတယ်။ ဘယ်ဆေးဝါးမဆို( ခေတ်မီ ဆေးပဲဖြစ်ဖြစ်၊ တိုင်းရင်းဆေးဘဲဖြစ်ဖြစ်)
ဘေးထွက်ဆိုးကျိုးဆိုတာ အနည်းနဲ့ အများဆိုသလို ရှိတတ်ကြပါတယ်။
လူနာ။ ။ ဘယ်လိုလူနာမျိုးဟာ
ဒီနယ်ဗာရပင်းဆေးကို သောက်ရင် အသည်းရောင်ဖို့  အန္တရာယ် ပိုများပါသလဲဆရာ။
ဆရာဝန်။ ။ နဂိုမူလကတည်းက တခြားအသည်းရောင်
တစ်မျိုးမျိုးရှိနေတဲ့ သူတွေအသည်းရောင် စေတတ်တဲ့ ဘေးထွက်ဆိုးကျိုးရှိတဲ့
တခြားဆေးတမျိုးမျိုး (ဥပမာ- တီဘီဆေးတစ်ချို့ ၊ မှိုသတ်ဆေးတချို့ ) ကိုပါ ပူးတွဲပြီး
သုံးစွဲနေရသူတွေ၊ အရက်သောက်လေ့ရှိတဲ့ ထူးခြားတဲ့ အသည်း အင်ဇိုင်း အနေအထား
ရှိသူတွေဟာ တခြားသူတွေထက် အသည်းရောင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။
လူနာ။ ။ ဒါဆိုရင် ကျတော်ဟာ ပထမ တီဘီ
ဆေးတွေရော မှိုသတ်ဆေးတွေပါ သောက်ရတယ်။ ဒီလို အခြေအနေမှာ အဲဒီဆရာဝန်ဟာ ဒီလို
အသည်းရောင် စေတတ်တဲ့ နယ်ဗာရပင်း ဆေးကို ထပ်မထည့် သင့်ဘူးပေါ့နော်။
ဆရာဝန်။ ။ ဒီလိုလဲ ပုံသေပြောလို့ မရပါဘူး၊
ခင်ဗျားရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက် ပေါင်းစုံကို ခြုံငုံ
စဉ်စားပြီးတော့ ဒီလို တစ်ပြိုင်နက် ပေးလို့ ရ၊ မရ ဆုံးဖြတ်ရတာပါ။ ခင်ဗျားကို
ဒီဆေးကို ပေးတဲ့ အချိန်တုန်းက ခင်ဗျားမှာ ဒီလို တစ်ပြိုင်နက် သုံးစွဲလို့ ရတဲ့
ကျန်းမာရေး အခြေအနေ ရှိတယ်ဆိုတာကို ခင်ဗျားရဲ့ ဆေးမှတ်တမ်းက ပြနေပါတယ်။
လူနာ။ ။ ဘာဘဲပြောပြော ဒီနယ်ဗာရပင်း ဆေးကို
သောက်ပြီးလို့  ဒီလို အသည်းရောင်ရောဂါ ရသွားရင် နောက်တစ်ကြိမ် ဒီဆေးကို မသုံးစွဲ
ခိုင်းသေးဘူးပေါ့နော်။
ဆရာဝန်။ ။ ပထမအကြိမ်ဖြစ်တဲ့ အသည်းရောင်တာဟာ
ဒီဆေးကြောင့်လို့  တရားသေ စွပ်စွဲဖို့ ရာ ခက်ပါတယ်။ တခြား အကြောင်းအမျိုးမျိုး
ကြောင့်လည်း ဖြစ်နိုင်ပါ သေးတယ်။
လူနာ။ ။ ဒါဆိုရင် ဒီတစ်ခါ အသည်းရောင်
ပျောက်သွားရင် ဘာလုပ်ရမလဲဆရာ။
ဆရာဝန်။ ။ ဒီဆေးသောက်ပြီးတိုင်း အသည်းရောင်တာ
နှစ်ခါရှိပြီဆိုတော့ ဒီဆေးအစား အက်ဖာဗားရန် (Efavirenz) ဆိုတဲ့ အိတ်ခ်ျအိုင်ဗွီ
ပိုးသတ်ဆေးကို ပြောင်းပြီး သုံးဖို့ လိုနိုင်ပါတယ်။ ဒါပေမယ့် ဒီဆေးမှာလဲ
အသည်းရောင်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုး နည်းနည်းတော့ ရှိနေနိုင်ပါတယ်။
ဒေါက်တာ
အောင်မိုး
Family
Health 28/March/ 2007




