HIV/AIDS
ရောဂါဟာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်အန္တရာယ် ပြုနေဆဲ ကပ်ရောဂါ (Pandemic diseases)
များထဲမှ တစ်မျိုးအပါအ၀င် ဖြစ်ပါတယ်။ HIV ပိုးကို စတင် တွေ့ရှိခဲ့တဲ့ ၁၉၈၁ ခုနှစ်မှသည်
၂၀၀၆ ခုနှစ် ထိ လူ့အသက်ပေါင်း ၂၅ သန်းကျော် ဆုံးရှုံး စေခဲ့တဲ့ ကူးစက် ရောဂါလည်း ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ် တစ်နှစ်ထဲ မှာပင် လူဦးရေ ၂.၄ မှ ၃.၃ သန်းထိ သေဆုံးခဲ့ပါတယ်။ ၎င်းထဲတွင် ကလေး
၅၇၀,၀၀၀ ကျော် ပါဝင်ပြီး သေဆုံးသူများရဲ့ သုံးပုံတစ်ပုံဟာ ဆာဟာရ တောင်ပိုင်း အာဖရိက
နိုင်ငံများမှ ဖြစ်ကြပါတယ် HIV ကူးစက် ခံရသူပေါင်းသည် ကမ္ဘာ့လူဦးရေရဲ့ ၀.၆% ရှိနိုင်ကြောင်း
ခန့်မှန်း ထုတ်ပြန် ထားပါတယ်။
HIV
ဆိုသည်မှာ Human Immunodeficiency Virus ကို အတိုကောက် ခေါ်ဆိုတာ ဖြစ်ပြီး AIDS ဆိုသည်မှာ
HIV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသော ရောဂါလက္ခဏာ စု (Acquired Immuno-Deficiency
Syndrome) ကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ HIV ဗိုင်းရပ်စ်ဟာ Retroviridae အုပ်စုဝင် ဖြစ်ပြီး
HIV-1 နဲ့ HIV-2 ဆိုပြီး မျိုးကွဲနှစ်မျိုး ရှိပါတယ်။ HIV-1 ဟာ ပိုမို ပြင်းထန် ကူးစက်လွယ်ပြီး
တစ်ကမ္ဘာလုံး ပျံ့နှံ့ ကူးစက်နေတဲ့ အမျိုးအစား ဖြစ်ပါတယ်။. HIV-2 ကတော့ ကူးစက်မှုနှုန်း
နည်းပါးပြီး အဓိကအားဖြင့် အနောက် အာဖရိကမှာ အတွေ့ များပါတယ်...
HIV
ဗိုင်းရပ်စ် ကူးစက် ခံရပြီဆိုလျှင် လူ့ခန္ဓာကိုယ်တွင်း ခုခံမှုစနစ် (Immune System) တွင်ရှိ
CD4 Cell (Helper T Cells) ကို အဓိက ကူးစက် ဖျက်ဆီး ပါတယ်။. ပုံမှန် ကျန်းမာသော လူတွင်
CD4 Cell အရေ အတွက်ဟာ သွေးတစ်မိုက် ခရိုလီတာမှာ ၁၂၀၀ (1200 cells/μl) ရှိပါတယ်။.
HIV ဗိုင်းရပ်စ်က CD4 Cell များကို နည်းလမ်း (၃) သွယ်ဖြင့် တိုက်ခိုက် လျော့နည်းစေပြီး
ခန္ဓာကိုယ် ခုခံမှုစနစ်ကို ကျဆင်း စေပါတယ်။
1။
HIV ဗိုင်းရပ်စ်က CD4 Cell ကို တိုက်ရိုက် ကူးစက် ဖျက်ဆီး ခြင်း (Direct Viral
Killing)
2။
HIV ဗိုင်းရပ်စ် ကူးစက်ခံရသော CD4 Cell များ၏ သက်တမ်းကုန်ဆုံးမှု မြန်လာခြင်း
(Increased rates of apoptosis in infected cells)
3။
HIV ကူးစက်ခံရသော CD4 Cell များကို CD8 Cell များက ရန်သူပိုးမွှား ထင်မှတ်ပြီး မှားယွင်း
တိုက်ခိုက်ခြင်း (Killing of infected CD4 T Cells by CD8 cytotoxic cells that
recognize infected cells)
တို့ကြောင့်
CD4 Cell များ လျော့နည်း ကျဆင်း လာစေ ပါတယ်။
HIV
ကူးစက်မှု ရှိ၊ မရှိ စစ်ဆေးရန် HIV antibody ကို လျှင်မြန်စွာ စစ်ဆေးပေးသော ကိရိယာ
(Rapid HIV test) များဟာ နေရာအနှံ့ အလွယ်တကူ ရရှိ နိုင်ပါတယ်။. အခြား စစ်ဆေးနိုင်သော
စမ်းသပ် နည်းများကတော့ ELISA , Western Blot နည်းများ ဖြစ်ပါတယ်။. HIV ပိုး ၀င်ရောက်ပြီးချိန်မှ
HIV antibody စတင် စစ်ဆေး တွေ့ရှိချိန်ထိ ကာလကို Window period ဟု ခေါ်ပါတယ်။ ဒီကာလမှာ
ဆိုရင် HIV ကူးစက် ခံရမှန်း မသိနိုင်တဲ့အချိန် ဖြစ်ပြီး ထပ်မံ၍ အခြားသူသို့လည်း ကူးစက်
နိုင်စွမ်း ရှိပါတယ်။. ၉၉% သော HIV ကူးစက်ခံရသူ များသည် ကူးစက် ခံရပြီး ၃ လ အကြာတွင်
HIV antibody (HIV test) စစ်ဆေး တွေ့ရှိ နိုင်ပါတယ်။
ရောဂါ
လက္ခဏာများကို အဓိက (၄) ပိုင်း ခွဲခြား ထားပါတယ်။
1။.
ရောဂါပျိုးခြင်း (Incubation Period)
*
ဒီကာလဟာ ခန္ဓာကိုယ်တွင်း ရောဂါပိုး ၀င်ရောက်ပြီး နောက် ၂ ပတ်မှ ၄ ပတ်အတွင်း ရောဂါပျိုးချိန်
(Incubation Period) ဖြစ်ပါတယ်။. ဒီအချိန်မှာဆိုရင် ဘာလက္ခဏာမှ မပြတတ်ပါဘူး။.
2။.
လတ်တလော HIV ပိုး ၀င်ရောက်ပြီး လက္ခဏာများ (Acute HIV Infection)
*
HIV ဗိုင်းရပ်စ်ပိုး ကူးစက် ခံရပြီး ၂ ပတ်မှ ၄ ပတ်အတွင်း ဖြစ်ပွား တတ်ပါတယ်။. ကူးစက်ခံရ
သူများ ၏ ၈၀% မှ ၉၀% သည် ဖျားခြင်း၊ အကျိတ်များ ပေါ်လာခြင်း၊ လည်ပင်း နာလာခြင်း၊ ကြွက်သား
နာကျင် ကိုက်ခဲခြင်း၊ နုံးခွေတတ်ခြင်း၊ ပါးစပ်နှင့် လည်ချောင်းတစ်ဝိုက် နာကျင်တတ်ခြင်း
စသည့် တုပ်ကွေး လက္ခဏာကဲ့သို့ ဖြစ်ပွားတတ်ပြီး အနည်းဆုံး တစ်ပတ်မှ ၄ ပတ်ထိ ကြာတတ်ပါတယ်။.
ဒီလို လက္ခဏာတွေဟာ တုပ်ကွေးနဲ့ အခြားရောဂါပိုးဝင် လက္ခဏာတွေနဲ့ တူတာကြောင့် HIV ပိုး
ကူးစက် ခံရ မှန်း ကွဲကွဲ ပြားပြား မသိနိုင်ပါဘူး။
3။.
HIV ပိုး ရှိပြီး လက္ခဏာ မပြသသော ကာလ (Latency Stage)
*
ဒီကာလမှာ ဆိုရင် ခန္ဓာကိုယ် ကိုယ်ခံအား ကောင်းမွန်လာလို့ ဗိုင်းရပ်စ် အကောင်ရေ လျော့နည်း
နေသောအချိန် ဖြစ်ပြီး ကူးစက်ခံရသူ၏ ကိုယ်ခံအား အခြေအနေ အရပ်ရပ်ပေါ် မူတည်ပြီး ၂ ပတ်မှ
နှစ် ၂၀ ထိ ကြာမြင့် နိုင်ပါတယ်။
4။.
ခုခံအား ကျဆင်းခြင်းကြောင့် ရောဂါ လက္ခဏာစု ပေါ်လာခြင်း (AIDS)
*
ဒီအချိန်မှာ ဆိုရင် CD4 Cell အရေအတွက်ဟာ သွေးတစ်မိုက် ခရိုလီတာမှာ ၂၀၀ အောက် ရောက်လာပြီး
ခန္ဓာကိုယ် ခုခံအားလည်း ကျဆင်း လာပါတယ်။. အခုလို ခုခံအား ကျဆင်းလာချိန်မှာ အခြားသော
အခွင့်အခါသင့် ရောဂါများ (Opportunistic Infections) ပေါ်ပေါက်လာပြီး အသက် အန္တရာယ် ကို
ခြိမ်းခြောက် လာပါတယ်။. တီဘီ (TB)၊ ခုခံအား ကျဆင်းချိန် ဖြစ်ပွားသော နမိုးနီးယား
(PCP)၊ ရေယုန် (Herpes simplex)၊ မှက္ခရု (Oral Candidiasis)၊ အူလမ်းကြောင်း ပိုးဝင်ခြင်း
(Bacterial Enteric Infection)၊ အကျိတ် ကင်ဆာများ (Non-Hodgkin Lymphoma &
Kaposi's sarcoma) အစ ရှိသဖြင့် အခွင့်အခါသင့် ရောဂါများ ဖြစ်ပွား လာပါတယ်။. ခုခံအား
ကျဆင်းချိန်တွင် အများစု ခံစားရသော ရောဂါ လက္ခဏာများမှာ
ကိုယ်အလေးချိန်
မူလထက် ၁၀% ကျော် ကျဆင်းခြင်း၊
တစ်လ
ထက်ကျော်၍ ၀မ်းလျှောခြင်း၊
တစ်လထက်ကျော်၍
ဖျားခြင်း၊ (တစ်သမတ်တည်း (သို့) အတက်အကျအားဖြင့် ဖျားတတ်ပါတယ်)
မှက္ခရု
ပေါက်လာခြင်း၊
ကြာရှည်စွာ
ချောင်းဆိုးခြင်း၊ မောလာခြင်း၊
အကျိတ်များ
ထွက်လာခြင်း၊
အစရှိသဖြင့်
ဖြစ်တတ် ပါတယ်၊
HIV
ဗိုင်းရပ်စ် ကူးစက်နိုင်သော နည်းလမ်းများမှာ အများသိရှိပြီး ဖြစ်တဲ့အတိုင်း ရောဂါပိုး
ရှိသူနှင့် လိင်တူလိင်ကွဲ ဆက်ဆံခြင်း၊ ရောဂါပိုးပါသော သွေးသွင်းမိခြင်း၊ ရောဂါပိုး
ရှိသူနှင့် ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ ဓါတ်အပ်စိုက်ခြင်း၊
ရောဂါ ပိုးရှိသော သွေး၊ ခန္ဓာကိုယ် အရည်များမှ ထိခိုက်ဒဏ်ရာ (သို့) ထိမိ၍ ကူးစက်ခြင်း
(ဥပမာ - ဆေးထိုးအပ် စူးမိခြင်း၊ ခန္ဓာကိုယ်ရှိ ပြတ်ရှဒဏ်ရာ၊ အခြားဒဏ်ရာများကို သွေးထိမိခြင်း၊
မုတ်ဆိတ်ရိပ်ဓားမှ တစ်ဆင့် ထိရှ ကူးစက်ခြင်း)၊ ကိုယ်ဝန်ဆောင် မိခင်မှ ကလေးသို့ ကူးစက်ခြင်း၊
စသည်တို့ ဖြစ်ပါတယ်။
HIV
ကူးစက် ခံရခြင်းကို လုံးဝ ပျောက်ကင်း စေနိုင်သော ဆေးဝါးများ ယခုအချိန်ထိ မပေါ်သေးပါ။
ဗိုင်းရပ်စ် ပေါက်ပွားမှုကို ထိန်းချုပ်ပေးပြီး CD4 Cell အရေ အတွက် ဆက်မလျော့ ကျစေခြင်းဖြင့်
ရောဂါ ရှေ့ဆက်တိုးမှုကို ဟန့်တားသော ဆေးများသာ ရှိပါတယ်။ ဆေးကုသ ပေးရခြင်းရဲ့ ရည်ရွယ်ချက်
ကတော့
*
HIV ပိုးကြောင့် ခံစားရသော ရောဂါဝေဒနာများကို သက်သာစေရန်နှင့် ရောဂါပိုး အရေအတွက်ကို
လျှော့ချပေးရန်၊
*
လူနာ၏ သက်တမ်းကို ဆွဲဆန့်ပေးရန်၊
*
လူနာ၏ ကျန်းမာရေး ကောင်းမွန်စေပြီး အလုပ် ပြန်လုပ် နိုင်စေရန် တို့ ဖြစ်ပါတယ်။
ဒေါက်တာဝင်းသိန်း
Oct
30, 2009
Drwinthein
- ခုခံအား ကျဆင်းသော ရောဂါ (HIV/AIDS)




