မြန်မာနိုင်ငံ ခုခံအားကျဆင်းမှု ကူးစက် ရောဂါဆိုင်ရာ အမျိုးသားမဟာဗျူဟာ စီမံကိန်း (၂၀၁၁-၁၅)ကို အကောင် အထည်ဖော် ဆောင်ရန်အတွက် အမေရိကန် ဒေါ်လာ ၃၄၄ သန်းကျော် ကုန်ကျ နိုင်မည်ဟု ခန့်မှန်းထားကြောင်း UNAIDS မှ သိရသည်။
စီမံကိန်းဖော်ဆောင်ရာတွင် အဓိကအားဖြင့် မူးယစ်ဆေးဝါးထိုးခြင်းနှင့် လိင်ဆက်ဆံခြင်းမှ ကူးစက်မှုကာကွယ်ခြင်း၊ အိပ်ခ်ျအိုင်ဗီပိုး ကူးစက်ခံရသူများအတွက် ပြီးပြည့်စုံသော စဉ်ဆက်မပြတ် ပြုစုစောင့်ရှောက်ရေးလုပ်ငန်းများနှင့် နောက်ဆက်တွဲဆိုးကျိုးများ လျှော့ချ ရေးလုပ်ငန်းများ ပါဝင်သည်။
UNAIDS မှ ဒေါက်တာစိုးနိုင်က မြန်မာတိုင်း(မ်)ကို ဇွန်လ ၇ ရက်နေ့က ပြောကြားရာတွင် စီမံကိန်းလုပ်ငန်းများကို ပိုမိုကောင်းမွန်စွာ အကောင်အထည် ဖော်နိုင် ရန်အတွက် ကျန်းမာရေးစနစ်များ၊ ပြည်သူလူထုအခြေပြု ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ၊ ခွဲခြား နှိမ်ချဆက်ဆံမှုလျှော့ချရေးနှင့် လိုအပ်သောသတင်း အချက်အလက်များကို မှန်ကန်တိကျစွာရရှိနိုင်ရန် စသည့် လုပ်ငန်းများ ပါဝင်ကြောင်းသိရသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၁၅ ခုနှစ်တွင် အဆိုပါစီမံကိန်း ရည်မှန်းချက် ပြည့်မီစေရေးအတွက် ကဏ္ဍစုံမှ ပူးပေါင်းပါဝင် သူများ၏လုပ်ငန်းများ လွယ်ကူ ချောမွေ့စေရန် တတ်နိုင် သည့်ဘက်မှ ပံ့ပိုးပေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဖေသက်ခင်က ဇွန်လ ၁ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပခဲ့သော အဆိုပါစီမံကိန်းဆိုင်ရာ အစည်းအဝေးတွင် ပြောကြားသည်။
အမျိုးသားအဆင့် ငါးနှစ်စီမံကိန်းအတွက် ၂၀၁၁ ခုနှစ်တွင် ဒေါ်လာ ၄၉ သန်း ကုန်ကျမည်ဖြစ်ပြီး၊ ၂၀၁၅ တွင် ဒေါ်လာ ၈၅ သန်းကျော် ကုန်ကျမည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီလုပ်ငန်း နှင့်ပတ်သက်ပြီး အစိုးရ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ၊ ရပ်ရွာအခြေပြုအဖွဲ့ အစည်းများ၊ ဝေဒနာရှင်များ၊ ပညာရှင်များနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ အားလုံး ပူးပေါင်းပါဝင်သည့် အမျိုးသား အဆင့်စီမံကိန်းဖြင့် ပိုပြီး ထိထိ ရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခြင်းကို တွေ့ရသည့်အတွက် ၀မ်းသာကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၏ အထူးအကြံပေးနှင့် အရှေ့တောင် အာရှဆိုင်ရာ အိပ်ခ်ျအိုင်ဗီ၊ အေအိုင်ဒီအက်စ် အထူး ကိုယ်စားလှယ် ဒေါက်တာနာဖစ္စဆာဒစ်က အဆိုပါ အစည်းအဝေးတွင် ပြောသည်။
မြန်မာနိုင်ငံအနေဖြင့် အိပ်ခ်ျအိုင်ဗီ တိုက်ဖျက်ရေးတွင်အထောက်အပံ့များ အကန့်အသတ်ဖြင့်သာ ရရှိခဲ့သော်လည်း ကာကွယ်ရေးနှင့် တိုက်ဖျက်ရေး လုပ်ငန်း များတွင် တိုးတက်မှုများရှိကြောင်း သိရသည်။
Myanmar Positive Group ဥက္ကဋ္ဌ ဦးသီဟကြိုင်ကလည်း စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော် နိုင်ရန်အတွက် အစိုးရအဖွဲ့အစည်းများ ၏ ပူးပေါင်း ဆောင်ရွက်မှုများလိုအပ်ကြောင်း ပြောကြားသည်။
"အကူအညီတွေလည်း လိုအပ်ပေမယ့် ကျွန်တော်တို့က အခု အစိုးရသစ်ကို ဖိတ်ခေါ်နေတာပါ။ ကျွန်တော်တို့အတွက် ကူညီပေးတာ ထက် ကျွန်တော်တို့နဲ့ အတူတူ အလုပ်လုပ်ပေးစေချင်ပါတယ်" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောကြားသည်။
မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီ ကူးစက်ခံရသူ ၂၃၆,၀၀၀ ခန့်ရှိကာ ဆေးလိုအပ်သည့် အရေအတွက် ခုနစ်သောင်းကျော်ရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် သုံးသောင်းခန့် ကိုသာ ဆေးဝါး ကူညီမှုပေးနိုင်ကြောင်း သိရသည်။
ချယ်ရီသိန်း - အတွဲ ၂၇ ၊ အမှတ် ၅၂၂ ( ၁၇ ၊ ၆ ၊ ၂၀၁၁)
မြန်မာတိုင်းမ် - ခုခံအားကျရောဂါဆိုင်ရာ ငါးနှစ်စီမံကိန်းအတွက် ကန်ဒေါ်လာသန်း ၃၄၀ ကျော်သုံးစွဲမည်




