8
Jun

ခုခံအားကျရောဂါ ကိစ္စရပ်များ ဆွေးနွေးရန်တိုက်တွန်း

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (အိပ်ခ်ျအိုင်ဗီ- အေ့ဒ်စ်)ဆိုင်ရာ အဆိုပြုချက်နှင့် အကြံပြုချက်များကို လွှတ်တော်တွင်းအထိ ရောက်ရှိပြီး အရေးယူဆောင် ရွက်ပေးနိုင်ရေးအတွက် အိပ်ခ်ျအိုင်ဗီ ကာကွယ် တားဆီးရေးဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော အဖွဲ့များက လိုလားလျက်ရှိသည်။

မြန်မာနိုင်ငံ၏ နိုင်ငံရေးအပြောင်း အလဲပေါ်ထွန်းပြီးနောက် လွှတ်တော် အတွင်း၌ နိုင်ငံ့အရေး ကိစ္စရပ်များကို ဆွေးနွေးနေကြသော်လည်း အိပ်ခ်ျအိုင်ဗီ၊ အေ့ဒ်စ် ကာကွယ်ကုသရေးနှင့် ပတ်သက်သည့် အဆိုပြု ချက်၊ မေးမြန်းချက်များကို မမြင်တွေ့ရသည့်အတွက် နိုင်ငံ ရေးပါတီအသီးသီးနှင့် လွှတ်တော်ကိုယ် စားလှယ်များကို တိုက်တွန်း လိုကြောင်း အဆိုပါအဖွဲ့များမှ တာဝန် ရှိသူများက ပြောသည်။

"အခုဆိုရင် ကျွန်တော်တို့ နိုင်ငံရေးက ပြောင်းလဲနေတဲ့ အချိန် ဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အရေးပါ အရာရောက်တဲ့ ကိစ္စတွေမှာ နိုင်ငံရေး ပါတီအသီးသီးက လွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်တွင်းမှာ တင်ပြနေကြတာတွေကို အားရစရာ တွေ့ရပါတယ်။ ဒီလိုပဲ အိပ်ခ်ျ အိုင်ဗီနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ၀ိုင်းဝန်း ပူးပေါင်းပြီး ဖြေရှင်းပေးစေလိုပါတယ်"ဟု Phoenix Association ၏ ဥက္ကဋ္ဌ ကိုသီဟကြိုင်က ရန်ကုန်မြို့ Central Hotel တွင် ကျင်းပသော မြန်မာနိုင်ငံ အိပ်ခ်ျအိုင်ဗီဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော ရပ်ရွာ အခြေပြုကွန်ရက်များနှင့် မူဝါဒဆိုင်ရာ ပုဂ္ဂိုလ်များတွေ့ဆုံပွဲတွင် ပြောသည်။

"အိပ်ခ်ျအိုင်ဗီပျောက်ဆေး မပေါ်မချင်း ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဘယ်လိုဖြေ ရှင်းကြမလဲ။ ပြောင်းလဲလာ တဲ့ခေတ်စနစ်နဲ့ အညီ ဘာတွေများ ဆက်လက်ဆောင် ရွက်နိုင်မလဲဆိုတာ ဆွေးနွေး ဖို့လိုအပ်ပါတယ်"ဟု ၎င်းကပြောသည်။

ပျိုးပင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ် သူ ဒေါက်တာမျိုးလွင်က "ကျွန်တော်တို့ အနေနဲ့ အိပ်ခ်ျအိုင်ဗီ ကိစ္စတွေကို ဆောင် ရွက်တဲ့ နေရာမှာ မူဝါဒပိုင်းဆိုင်ရာမှာ ပြောပိုင်ခွင့်သိပ်မရှိဘူး။ အဓိက ပြောနိုင် ဆိုနိုင်ခွင့်ရှိတဲ့ သူတွေကို ကျွန်တော်တို့ လိုအပ်နေတယ်။ လက်ရှိအခြေအနေကို ရှင်းပြပြီး အားလုံးပူးပေါင်းပြီးတော့ လုပ်ရ မယ်"ဟု ပြောသည်။

၂၀၁၁ ခုနှစ် ခန့်မှန်းချက်များအရ မြန်မာနိုင်ငံတွင် အေအာရ်တီဆေး လက်ရှိလိုအပ်နေသူ ၁၂၀,၀၀၀ ကျော်ခန့် ရှိနေသော်လည်း လူနာ ၄၀,၀၀၀ ကျော်ခန့်ကို သာ ဆေးပေးနိုင်ပြီး လူနာ ၈၀,၀၀၀ ခန့် မှာ ဆေးဝါးများလိုအပ်လျက်ရှိသည်။ ထို့ကြောင့် လူနာများအတွက် ဆေးဝါးများ ပိုမိုထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်ပေးရန် အဆိုပါအဖွဲ့အစည်းများက မျှော်လင့်လျက်ရှိ သည်ဟုဆိုသည်။

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီကူးစက် ပြန့်ပွားနှုန်းများမှာ လွန်ခဲ့သောနှစ်များ နှင့်နှိုင်းယှဉ်လျှင် ကျဆင်းလာသော်လည်း ရောဂါ ကုသရန် ရန်ပုံငွေများနှင့် အေအာရ်တီဆေးဝါးများရရှိရန် လိုအပ်လျက်ရှိသေးကြောင်း ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒေါက် တာဖေသက်ခင်က နေပြည်တော် တွင် ပြုလုပ်ခဲ့သော ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အခမ်း အနားတွင် ပြောကြားခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံ၏ တချို့သော ဥပဒေများသည် အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ကာကွယ် တားဆီးရေးလုပ်ငန်းများ လုပ်ဆောင်ရာတွင် အဟန့် အတားများ ဖြစ် စေသည့် အတွက် ပြင်ဆင်ရန်လိုအပ်သည်ဟု အိပ်ခ်ျအိုင်ဗီ ဆိုင်ရာလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော အဖွဲ့အစည်းများက ပြောသည်။

"လက်ရှိ မြန်မာနိုင်ငံက ဥပဒေတွေ မှာ ခေတ်မမီတော့တဲ့ ဥပဒေတွေရှိနေတယ်။ တချို့ဥပဒေတွေက အိပ်ခ်ျအိုင်ဗီ ကာကွယ် တိုက်ဖျက်ရေး လုပ်ငန်းတွေကို ဆန့်ကျင်နေတဲ့ဥပဒေတွေ ရှိနေတယ်" ဟု ပေါင်းကူးအဖွဲ့၏ ဒါရိုက်တာ ဒေါက်တာကျော်သူက ပြောသည်။ ဒေါက်တာ မျိုးလွင် ကလည်း မြန်မာ နိုင်ငံရှိ တချို့ဥပဒေများကြောင့် ကာကွယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန်ခက်ခဲ သည့်အတွက် ရောဂါကူးစက်မှု ပိုမို များလာနိုင်ကြောင်း ပြောသည်။

"ဥပမာ ကျွန်တော်တို့မူးယစ်ဆေး သုံးစွဲသူတွေကြားမှာ ဆေးထိုးအပ်တွေ၊ ဆေးထိုးပြွန်တွေ ဝေငှတဲ့ လုပ်ငန်းတွေ လုပ်ခဲ့တယ်။ ဒါပေမယ့် ဥပဒေက ခွင့်မပြုဘူး။ ဆရာဝန်တွေလက်ထဲမှာပဲ ဆေးထိုး အပ်ဆိုတာရှိရမယ်။ ကျန်တဲ့လူလက်ထဲ မှာ မရှိရဘူးဆိုတာမျိုး ဖြစ်နေတယ်" ဟု ၎င်းကပြောသည်။ "ဆေးထိုးအပ် ပေးတယ်ဆိုတာ မူးယစ်ဆေးသုံးစွဲမှုကို အားပေးတာ မဟုတ်ဘူး။ သူတို့ကြားမှာ ရောဂါ ကူးစက်မှုတွေလျော့ နည်းအောင် ဆေး ထိုးအပ်အသစ်တွေဝေပေးရတာ ဖြစ်ပါ တယ်"ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင်ဖွံ့ဖြိုးရေး ပါတီ၏ ရွှေပြည်သာမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဦးက အိပ်ခ်ျအိုင်ဗီ နှင့်ပတ်သက်သည့် ကိစ္စရပ်များကိုလွှတ်တော်တွင် တင်ပြ ဆွေးနွေး  သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ နှင့်မကိုက်ညီသည့် ဥပဒေများကို ပြင် ဆင်ခြင်း၊ အသစ်ပြန်လည် ရေးဆွဲခြင်း များ ပြုလုပ်ရန်အတွက် တင်ပြသွားမည်ဟု ပြောသည်။ ထို့အတူ တက်ရောက်လာသည့် အခြားနိုင်ငံရေး ပါတီများကလည်း အိပ်ခ်ျအိုင်ဗီ-အေ့ဒ်စ် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အလေးထား ဆောင်ရွက် သွားကြမည်ဟု ဆိုသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ တိုင်းရင်းသား စည်းလုံးညီညွတ် ရေးပါတီ၊ ဒီမိုကရက် တစ်ပါတီ(မြန်မာ)၊ အမျိုးသားဒီမိုကရေ စီအင်အားစုပါတီ၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၊ ညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေး ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ရခိုင်တိုင်းရင်းသားများ ဒီမို ကရက် တစ် ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ စသည့် နိုင်ငံရေးပါတီများနှင့် ရပ်ရွာအခြေပြု ကွန်ရက်ခုနစ်ခုတို့ တွေ့ဆုံကြသည်။

ယမုံဖူးသစ် - အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ - ၁၄ ၊ ၆ ၊ ၂၀၁၂)-

မြန်မာတိုင်းမ်  - ခုခံအားကျရောဂါ ကိစ္စရပ်များ ဆွေးနွေးရန်တိုက်တွန်း 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top