ဧရာဝတီတိုင်း မြို့တစ်မြို့ရဲ့ ဆေးရုံဝန်းတစ်ခု
အတွင်းမှာ အခါလည် မပြည့်တပြည့် ကလေးငယ်တစ်ဦးကို လွန်ခဲ့တဲ့ ၂နှစ်လောက်က
လာပစ်သွားပါတယ်။ လူ့လောကကို ဝင်ရောက်လာခါစ လူ့ဘဝဆိုတာကို ဘုမသိဘမသိသေးခင် ဘယ်လိုမိဘတွေကများ
ဘယ်လိုစိတ်သဘော ထားတွေနဲ့ မိမိရဲ့ ရင်သွေးကို ပစ်ထားခဲ့ရက်သလဲဆိုတာ စဉ်းစားစရာ
ဖြစ်ပါတယ်။
ခုတော့ ဒီကလေးငယ်လေးဟာ ဒဂုံ မြို့သစ်မြောက်ပိုင်း
မှာရှိတဲ့ Happy Haven Humanitarian Project (သုခရိပ်မြုံ) ဂေဟာမှာ ချစ်စရာ
ဝဝကစ်ကစ်နဲ့ နှစ်နှစ်ကျော်ကျော် အရွယ် ရောက်နေပြီ ဖြစ်ပါတယ်။ လောကအလယ်မှာ
ကံအကြောင်းမလှလို့ မိစုံဖစုံ မနေရဘဲ မိဘ အုပ်ထိန်းမှု မပေးနိုင်တဲ့ ကလေးငယ်တွေကို
သက်ဆိုင်ရာ ဘာသာရပ်အလိုက် ဘာသာရေး ခေါင်းဆောင်များ (သို့) လူမှုရေး စိတ်ဓါတ်
ရှိသူတွေက အသိစိတ်ဓါတ် ပြည့်ပြည့်ဝဝနဲ့
စောင့်ရှောက်မှုပေးတဲ့ ဂေဟာတွေ များပြားလာနေပြီ ဖြစ်ပါတယ်။
ဒီဂေဟာတွေထဲမှာ သုခရိပ်မြုံလဲ
တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါပေမဲ့ သုခရိပ်မြုံမှာ ထူးခြားချက်ရှိနေပါတယ်။
သုခရိပ်မြုံမှာ ဘာတွေ ထူးခြားသလဲဆိုတော့ သုခရိပ်မြုံမှာ မိဘအုပ်ထိန်းမှု
မပေးနိုင်တဲ့ ကလေးငယ်တွေ အခြားဂေဟာတွေမှာလဲ မိဘအုပ်ထိန်းမှု မပေးနိုင်တဲ့
ကလေးငယ်တွေ နေကြတာပါဘဲ။
ဒါပေမဲ့ သုခရိပ်မြုံမှာတော့ အပြစ်မဲ့တဲ့
ကလေးငယ်တွေ နေထိုင်ကြတာဟာ ထူးခြားချက်ပါ ။ သူတို့ကို အပေါ်ယံကြည့်ရင် သာမန်
ကလေးငယ်တွေလိုဘဲ အပြစ်မဲ့တယ် ချစ်စရာကောင်းတယ်။ ဖြူစင်ကြတယ်။ တကယ်တမ်းလဲ
သူတို့လေးတွေမှာ အဲဒီအရည်အချင်းတွေနဲ့ ပြည့်စုံပါတယ်။ သူတို့တွေမှာ
သူတို့ကိုယ်တိုင်တောင် သိလိုက်ချိန် မရလိုက်ဘဲ မိဘတွေကနေတစ်ဆင့် HIV
ကူးစက်ခံကြရတာပါ။
သုခရိပ်မြုံကို လူမှုရေးအသိရှိတဲ့ စာရေးဆရာမဂျူး ၊
စာရေးဆရာမ သန်းမြင့်အောင် စာရေးဆရာမ ဒေါက်တာစုထား တို့ပါဝင်တဲ့ အဖွဲ့လေးဟာ
ပြီးခဲ့တဲ့ ၂၀၀၄ ခုနှစ်က Happy Haven
Humanitarian Project ဆိုပြီး စတင် ဖွဲ့စည်းခဲ့ကြတာပါ။
“အိတ်ခ်ျအိုင်ဗွီ နဲ့ ပတ်တက်တဲ့ သင်တန်းတစ်ခုကို
ဂျူးတို့နဲ့ အတူတက်ဖြစ်ရင်း အိတ်ခ်ျအိုင်ဗွီ နဲ့ နေထိုင်တဲ့ ကလေးတွေရဲ့
အကြောင်းကို စဉ်းစားမိပါတယ်။ အိတ်ခ်ျအိုင်ဗွီ နဲ့ နေထိုင်တဲ့ ကလေးတွေကို ဂေဟာတွေက
လက်မခံဘူး။ ဆွေမျိုး အသိုင်းအဝိုင်း တွေကလဲ စောင့်ရှောက်မှု ပေးနိုင်တဲ့
အသိုင်းအဝိုင်းက ပေးနိုင်တယ် ။ တချို့ကျတော့ စောင့်ရှောက်မှု မပေးနိုင်ဘူး။အဲဒီလို
မပေးနိုင်တဲ့ ကလေးတွေအတွက် ဒုက္ခပဲ၊ အဲဒါနဲ့ အဲဒီလို ကလေးတွေကို
ဒို့လက်ခံမယ်ဆိုပြီး ဒီအဖွဲ့လေး ဖွဲ့ဖြစ်သွားတာပါ” လို့ HHHP မှ အတွင်းရေးမှူး
ဒေါက်တာ စုထားက ပြောပါတယ်။
HHHP အဖွဲ့သည် ၂၀၀၄ ခုနှစ်တွင်
စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကလေးများ စတင်လက်ခံခဲ့ရာ ယခုအချိန်အထိ HIV
နှင့်နေထိုင်သူ ကလေးငယ် ၁၄ဦးလက်ခံရရှိပြီးဖြစ်ပါတယ်။ အငယ်ဆုံး အသက်၂နှစ်အရွယ်ကနေ
၁၃နှစ် အရွယ်ခန့်အထိ စုပေါင်းနေထိုင်ကြတဲ့ သုခရိပ်မြုံကို သံလျင်တွင် စတင် အခြေချ
ဖွဲ့စည်းခဲ့ပြီး အခုတော့ မြောက်ဒဂုံမှာ ခိုင်မြဲနေပါပြီ။
“သမီးက သိမ်ဇရပ်က လာတာပါ ခုဒီမှာပျော်ပါတယ်
မေမေတွေကလဲ ဂရုစိုက်ပါတယ်။ (ဒေါက်တာစုထား နှင့် ဆရာမ သန်းမြင့်အောင် တို့ကို
ဆိုလိုသည်) သမီးမှာ မောင်နှမတွေ အများကြီးရပါတယ်။ သိမ်ဇရပ်မှာတော့ သူငယ်ချင်းတွေ
အောတိုက်ပဲ” လို့ သုခရိပ်မြုံမှာ နေထိုင်တဲ့ ရှစ်နှစ်အရွယ် သမီးငယ်လေး တစ်ဦးက
မျက်လုံးလေး ဝိုင်းပြီး ချစ်စဖွယ် အသံလေးနဲ့ ဖြေပါတယ်။
သုခရိပ်မြုံမှာ သန့်ရှင်း သပ်ရပ်တဲ့
အိပ်ဆောင်တွေနဲ့ ကလေးတွေကလဲ တစ်ဦးနဲ့ တစ်ဦး ချစ်ချစ်ခင်ခင် နဲ့ ညီအစ်ကို
မောင်နှမ အရင်းသဖွယ် နေထိုင်ကြတာကို တွေ့ရပါတယ်။
ကလေး ၁၄ဦးအနက် ၅ဦးမှာ ကျောင်းတက်နေပြီး ကျန်ကလေး
တွေကိုတော့ မူကြိုသဖွယ် စာသင်ပေးနေတယ်လို့ သိရပါတယ်။ ကလေးတွေ ကျောင်းတက်ရာမှာလည်း
ဆရာမကို သုခရိပ်မြုံဆီ ခေါ်ထားပြီး ဝိသာခါ သီလရှင်သင် စာသင်ကျောင်းတွင်
စာရင်းသွင်းထားပြီး အဲဒီကျောင်းရဲ့ သင်ရိုးအတိုင်း သင်ကြားပေးတယ်လို့ သိရပါတယ်။
ဂေဟာရဲ့ တစ်နေ့တာ ကျွေးမွေးစရိတ်က
ကျပ်တစ်သောင်းခန့်ရှိပါတယ်။ လက်ရှိအခြေအနေမှာ အလှူရှင်တွေရဲ့ လှူဒါန်းမှုနဲ့ နေ့စဉ်
စရိတ်ကို ဖြေရှင်းနေပြီး အဆောက်အဦ အသစ်တစ်ဆောင် ဆောက်လုပ်ဖို့အတွက်
ကျပ်သိန်းတစ်ရာခန့် ရှိတယ်လို့ဆိုပါတယ်။
“အခု ကျမတို့အဖွဲ့မှာ ကလေးတွေအတွက် ပူပင်စရာ
တစ်ခုရှိနေတယ် အဲဒါကတော့ သူတို့တွေက ခုချိန်မှာ သူတို့ရဲ့ ဘဝမှန်ကို
မသိကြသေးပါဘူး။ သူတို့ကလဲ ဒီဂေဟာထဲမှာဘဲ တစ်သက်လုံး နေမှာ မဟုတ်ပါဘူး အရွယ်ရောက်လာလို့
လူ့လောကထဲဝင်ရင် သူ့တို့ ဘဝမှန်ကို သိပြီး သူတို့ကိုယ်သူတို့ အားမာန်အပြည့်နဲ့
ရင်ဆိုင်သွားစေချင်ပါတယ်။အဲဒီအတွက် ကျမတို့လဲ နည်းလမ်းရှာနေပါတယ်။”လို့ ဒေါက်တာ
စုထားက ပြောပါတယ်။
“ခုဂေဟာမှာ ကလေးတွေ အရမ်းအပြစ်မဲ့ပါတယ်
သူတို့ဆီကို ဒီရောဂါ ရောက်ရှိသွားတာဟာ မိဘတွေကြောင့်ပါ။ ဒါကြောင့် မိဘတွေအနေနဲ့
ကိုယ့်သားသမီးကို ကိုယ်တစ်ကယ်ချစ်တယ် ဆိုရင် ကိုယ်ရဲ့ တစ်ကိုယ်ကောင်းဆန်ပြီး
လုပ်ချင်ရာလုပ်တတ်တဲ့ အမူအကျင့်ကို ဖျောက်ဖျက်ကြ စေချင်ပါတယ်” လို့ ဆရာဝန်တစ်ဦးက
သူ့ရဲ့ အမြင်ကို ပြောပြသွားခဲ့ပါတယ်။
7 Day News ( September 20 2007 )




