13
Feb

ချစ်သူများနေ့နှင့် မိန်းမသားတို့ စောင့်ထိန်းရမည့် အပျိုစင်ဘဝ

မကြာမီ ကျရောက်မည့် ချစ်သူများနေ့တွင် မသိနားမလည်သော အပျိုစင် မိန်းကလေးများ ဖျက်ဆီးခံရမည်ကို သတိပေးချင်ပါသည်။ ချစ်သူများနေ့သည် (လင်မယားနေ့) မဟုတ်ပါလို့ ပြောချင်ပါသည်။ ချစ်သူများနေ့ ရောက်တိုင်း တည်းခိုခန်းများ၊ ဟိုတယ်များတွင် စုံတွဲများဖြင့် ပြည့်နေသည်ကို နှမသားချင်း စာနာ၍ စိတ်မကောင်းစွာ ကြားသိရပါသည်။

ချစ်သူစုံတွဲများသည် စိတ်ချင်းချစ်၍ ရပါသည်။ လူချင်း နယ်ကျွံ၍ ချစ်လို့မရပါ။ မိန်းကလေးများသည် မိမိချစ်သောသူသည် လက်ထပ်ရမည့်သူ ဟုတ် မဟုတ် မည်သူမျှ အတပ်မပြောနိုင်ပါ။ အိမ်ထောင်မပြုမီ အတူနေပါက မယူဖြစ်လျှင် နောက်ဆုံး မိန်းကလေးသာ နစ်နာရမည် ဖြစ်သည်။ အိမ်ထောင် မပြုမီ အတူနေပါက အင်တာနက်ခေတ်တွင် နေရာတိုင်း၌ မျက်စိများ ရှိသဖြင့် အချိန်မရွေး အင်တာနက်ပေါ် ရောက်သွားနိုင်ပြီး မိန်းကလေးနောက်က မိဘဆွေမျိုးများ အရှက်တကွဲ ဖြစ်မည်ကို သတိပြုသင့်သည်။ မိမိတို့နိုင်ငံသည် ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သဖြင့် အနောက်နိုင်ငံများမှ အတူနေခြင်း (Living Together) ကို အားကျ၍ မရပါ။

မိမိတို့ နိုင်ငံသည် အရှက်နှင့် သိက္ခာဖြင့် လူလုပ်သော နိုင်ငံဖြစ်ပါသည်။ မိမိကြောင့် မိဘဆွေမျိုးများ အရှက်တကွဲ အကျိုးနည်းမည်ကို စဉ်းစားသင့်ပါသည်။ မိန်းကလေး များသည် မိမိတို့ အပျိုစင်ဘဝကို တန်ဖိုးထား ထိန်းသိမ်းသင့်ပါသည်။ အင်တာနက်ပေါ်တွင် မိန်းကလေးများ အခက်အခဲရှိ၍ အပျိုစင်ဘဝကို လေလံတင် ရောင်းချရာ မြန်မာငွေ သိန်းရာချီရ ရှိသည်ကို ကြားသိရသဖြင့် မိမိတို့၏ အပျိုစင်ဘဝကို မည်မျှ တန်ဖိုးရှိသည်ကို သိသင့်ပါသည်။ ယောက်ျားလေးများသည် မိမိဘယ်လောက်ပဲ ရှုပ်ပါစေ မိမိနှင့် လက်ထပ်မည့် မိန်းကလေးကို အပျိုစင်သာ လိုချင်သည်ကို သိသင့်ပါသည်။

ယောက်ျားလေးအတွက် Sex သည် တစ်ခဏတာ၊ ထမင်းစားရေသောက် အဆင့်သာဖြစ်ပြီး မိန်းကလေးများအတွက် Sex မှာ ဘဝနှင့် ရင်းရမည်ကို သိသင့်ပါသည်။

ချစ်သူဘဝတွင် အတူနေခြင်းကြောင့် ရရှိသော ဆိုးကျိုးများမှာ လက်မထပ်မီ ကိုယ်ဝန်ရှိခြင်းကြောင့် မိဘဆွေမျိုးများနှင့် မိမိပါ အရှက်ရနိုင်ခြင်း၊ HIV၊ B ပိုး၊ C ပိုး စသော ရောဂါပိုးများ ကူးစက်နိုင်ခြင်း၊ ချစ်သူကြောင့် (Sex Feeling) ကို ခံစားတတ်ပြီး ချစ်သူဖြင့် မယူဖြစ်၍ နောက်ချစ်သူတစ် ယောက်ပြောင်း ခံစားခြင်းဖြင့် နောက်ဆုံး KTV, (Massage) မာဆတ်စသော ပျက်စီးခြင်း လမ်းပေါ် ရောက်သွားသော မိန်းကလေးများစွာ ရှိပါသည်။

ချစ်သူ ယောက်ျားလေးများကလည်း လက်မထပ်ဘဲ မိမိချစ်သူကို အတူနေပြီး ဖျက်ဆီးခြင်းသည် လူသားတို့ ရှောင်ကြဉ်အပ်သော ငါးပါးသီလထဲမှ ကာမေသုမိစ္ဆာစာရကံဟူသော အုပ်ထိန်းသူရှိသော သမီးပျိုများကို ဖျက်ဆီးခြင်းဟူသော ကံထိုက်သည်ဟု သတိပြုသင့်ပါသည်။

ယောက်ျားလေးများသည် မိမိချစ်သူ၏ အပျိုစင်ဘဝကို စတင်ဖျက်ဆီးပြီး ချစ်သူ မိန်းကလေးကို မယူဖြစ်ဘဲ KTV, (Massage) မာဆတ်စသော ပျက်စီးခြင်းလမ်းပေါ် ရောက်သွားပါက စတင်ဖျက်ဆီးသူသာ တရားခံ ဖြစ်သည်ကို သတိပြုသင့်ပါသည်။ ချစ်သူ မိန်းကလေး များကလည်း မိမိကိုချစ်သော သူသည် Sex ကို အရင်းခံ၍ ချစ်သလား၊ တကယ့်မေတ္တာစစ်နှင့် ချစ်သလားကို ဝေဖန် ဆန်းစစ်သင့်ပါသည်။ Sex ကို အရင်းခံသော အချစ်သည် အကြာကြီး မတည်မြဲပါ။ တကယ်မေတ္တာနှင့် ချစ်သောအချစ်သာ တစ်ဘဝလုံး အကြာကြီး တည်မြဲမည်ကို သိထားသင့်ပါသည်။

ချစ်သူများနေ့တွင် မိန်းကလေးများ အပျိုစင်ဘဝကို ထိန်းသိမ်းနိုင်ပါစေ...

(ဦးမာဃ)

The Voice Weekly - ချစ်သူများနေ့နှင့် မိန်းမသားတို့ စောင့်ထိန်းရမည့် အပျိုစင်ဘဝ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top