13
Feb

ချစ်သူများနေ့ မတိုင်မီ ဈေးကွက်အတွင်း လိင်စိတ်ကြွဆေးဝါးများ အရောင်းအ၀ယ် များနေပြီး ရောင်းချသည့် ဆိုင်များကို စီမံချက်ဖြင့် ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့ကဆို

ဖေဖော်ဝါရီ ၁၄ ရက်(ချစ်သူများနေ့) မတိုင်မီ လိင်စိတ်ကြွဆေးဝါးများမှာ ဈေးကွက်အတွင်း အရောင်းအ၀ယ် များပြားနေကြောင်း စုံစမ်းသိရသည်။ လိင်စိတ်ကြွဆေးများမှာ ကော်ဖီ၊ သကြားလုံး၊ ပီကေအပြင် ချောကလက်ပုံစံဖြင့် ပါရှိနေသဖြင့် မိန်းကလေးများ အနေဖြင့် အထူးသတိပြုသင့်ကြောင်း မိဘများနှင့် တာဝန်ရှိသူများက ဆိုသည်။

ထိုကဲ့သို့ လိင်စိတ်ကြွဆေးဝါးများမှာ ပြင်ပဈေးကွက်တွင်သာမက အွန်လိုင်းလူမှု ကွန်ရက်တွင်ပါ ရောင်းချနေကြပြီး အချို့ဆေးဝါးများမှာ ပစ္စည်းပြတ်သည်အထိ ၀ယ်လိုအားရှိနေကြောင်း စုံစမ်းသိရသည်။

ထို့ပြင် ဈေးနှုန်းများမှာ လူတန်းစားမရွေး လက်လှမ်းမီသည့် ကျပ် ၃၀၀၀ မှ ၁၀၀၀၀ ကြားတွင် ရှိနေသဖြင့် အရွယ်မရောက်သေးသည့် မိန်းကလေးများအတွက် စိုးရိမ်ရသည်ဟု မိဘများက သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

လိင်ပိုင်းဆိုင်ရာ ဆေးဝါးများ ရောင်းချနေသည့် နေရာများမှာ ရန်ကုန်မြို့အတွင်းရှိ ပန်းဘဲတန်း၊ ကျောက်တံတားတို့တွင် အများဆုံး တွေ့ရကြောင်း လူငယ်များက ဆိုသည်။

အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးက “လိင်စိတ်ကြွဆေးတွေကတော့ ၀ယ်ဖို့မခက်ပါဘူး။ တချို့ဆိုင်တွေကတော့ သာမန်လိင်ပိုင်းဆိုင်ရာ အထောက်အကူပြု ပစ္စည်းတွေ ရောင်းပေမယ့် တချို့ဆိုင်တွေကတော့ တရားမ၀င် လိင်စိတ်ကြွဆေးတွေ ရောင်းနေတာပဲ” ဟု ပြောကြားသည်။

တက္ကသိုလ် ပထမနှစ် ကျောင်းသူတစ်ဦး၏ မိခင်ဖြစ်သူက “အန်တီ ဖေ့စ်ဘွတ်သုံးတော့ အကောင့်တစ်ခုကနေ ချစ်သူများနေ့အတွက် လိင်စိတ်ကြွ ချောကလက်ဆိုပြီး ကြော်ငြာထားတာကို တွေ့လိုက်ရတယ်။ ဒီလိုမျိုး ဆေးဝါးတွေက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေအတွက် အရမ်းအန္တရာယ်များတယ်လို့ အန်တီသုံးသပ်တယ်။ အန်တီကိုယ်တိုင်လည်း သမီးရှိတယ်။ မိန်းကလေးတွေအနေနဲ့ အကောင်းဆုံးက ချစ်သူရည်းစားတွေနဲ့ ဆိတ်ကွယ်ရာ နေရာတွေကို မသွားသင့်ဘူး။ အမှတ်တရ အနေနဲ့ လက်ဆောင်ပန်းစည်း ပေးတာတို့ ဘာတို့တော့ လူငယ်သဘာဝပဲလေ။ ကန့်ကွက်စရာတော့ မရှိဘူး။ ဒါပေမဲ့ အဲဒီနေ့ကို အသုံးချမယ့် မသမာတဲ့ သူတွေကို အထူးသတိပြုသင့်ပါတယ်” ဟု မှတ်ချက်ပြုသည်။

ထိုသို့ လိင်စိတ်ကြွဆေးဝါးများကို ရဲတပ်ဖွဲ့အနေဖြင့် အထူးစီမံချက်ဖြင့် ဖမ်းဆီးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က “ဒီလိုမျိုး လိင်စိတ်ကြွဆေးတွေကို အရင်ကတည်းက စီမံချက်နဲ့ ဖမ်းဆီးနေပါတယ်။ အခုလည်း ဆက်တိုက် ဖမ်းဆီးနေပါတယ်” ဟု ဖေဖော်ဝါရီ ၁၀ ရက်က The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ချစ်သူများနေ့တွင် စုံတွဲများအတွက် ပရိုမိုးရှင်းအဖြစ် ဟိုတယ်တည်းခိုခန်း အချို့လည်း အထူးဈေးနှုန်း အဖြစ် ဈေးလျှော့ပေးမည်ဟု ကြော်ငြာထားသည်များလည်း ရှိနေကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်က မြောက်ဥက္ကလာပမြို့နယ်တွင် အသက် ၁၅ နှစ်အရွယ် တက္ကသိုလ်ဝင်တန်း ကျောင်းသူတစ်ဦးကို အမျိုးသားတစ်ဦးက ဖြားယောင်းသွေးဆောင်ကာ တည်းခိုခန်းတစ်ခုတွင် အတူနေထိုင်ခဲ့ပြီး ကျောင်းသူ မိန်းကလေး၏ လက်စွပ်နှင့် နားကပ်ကိုပါ ယူထားသဖြင့် အုပ်ထိန်းသူ၏ မိဘများက ရဲစခန်းတွင် သွားရောက်အမှုဖွင့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

ဉာဏ်ဝင်းရှိန်

Eleven - ချစ်သူများနေ့ မတိုင်မီ ဈေးကွက်အတွင်း လိင်စိတ်ကြွဆေးဝါးများ အရောင်းအ၀ယ် များနေပြီး ရောင်းချသည့် ဆိုင်များကို စီမံချက်ဖြင့် ဖမ်းဆီးမည်ဟု ရဲတပ်ဖွဲ့ကဆို

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top