(၁)
‘‘ တီတီ ..တီတီ ..တီတီ ..တီတီ …..’’
လက်မှနာရီက ရ နာရီထိုးပြီဖြစ်ကြောင်း မြင့်သိန်းအောင်ကိုသတိပေးနေသည်။ မြင့်သိန်းအောင် မသိမသာခလုတ်ကိုစမ်း၍ ပိတ်လိုက်သည်။ သူငယ်ချင်းတွေကတော့ သတိမထားမိ ဘီယာ သောက်လိုက် စကားတွေပြောလိုက် ရယ်လိုက်လုပ်နေကြသည် သူငယ်ချင်းတစ်ယောက် ခြံအရောင်းအဝယ် တည့်၍ဇွတ်လာခေါ်လို့သာ လိုက်ရသည် ကိုယ်နဲ့ဘီယာနဲ့က မတည့်။ ကျေနပ်အောင် လိုက်လာ၍ တစ်ခွက်နှစ်ခွက်လောက် သောက်ရသည်။ နာရီမြည်ပြီဆိုမှတော့ ထမှဖြစ်မည်။ သူတို့ရှေ့မှာတော့ မဖြစ်ဟိုမေး သည်မေးနဲ့ ဆိုအဖြေရကျပ်မှာ။ ဘီယာသောက်ထားတော့ အိမ်သာထွက်ခဲ့ရတာ သိပ်ထွေထွေထူးထူးပြောစရာ မလို။
အိမ်သာထဲရောက်တော့ ဘောင်းဘီအိတ်ထဲက ဆေးဗူးကိုဖွင့်ပြီး ဆေးကိုတံတွေးနှင့်ရောပြီး မျိုချလိုက်သည်။ ပြီးမှဟန်မပျက် သူငယ်ချင်းများ ရှိရာဝိုင်းသို့ ပြန်လာထိုင်လိုက်သည်။ အိမ်သာက သန့်သန့်ရှင်းရှင်းရှိ၍ ဆိုင်ရှင်ကိုယောင်ရမ်း၍ စိတ်ထဲကကျေးဇူး တင်လိုက်သေးသည်။ ဆေးသောက်တုန်းက သားလေးကို ဖြတ်ခနဲသတိရမိပြီး အပြန်ကိုယ့်ပိုက်ဆံနဲ့ခေါက်ဆွဲကြော် ဝယ်သွားဖို့ သတိရလိုက်သည်။
(၂)
မြကေခိုင် သူများတိုင်းပြည်ရောက်မှအိပ်ရမှာကိုစိတ်ညစ်နေမိသည်။ သူမက Access to treatment ကုသမှု လက်လမ်းမှီရေးဆိုတဲ့ စာတမ်းနဲ့ဒီနိုင်ငံကို ၅ရက်ကြာဆွေးနွေးပွဲ တက်ခွင့် ရခဲ့တာလေကိုယ့်ဘဝအခြေအနေနဲ့ တိုင်းတပါးကိုရောက်ဖို့ ဆိုတာဖြစ်နိုင်ခဲတော့ အိပ်မက်ထဲတောင် မမက်ခဲ့ဖူးဘူး။ ပျော်နေမယ်လို့ ထင်နေတဲ့ သူငယ်ချင်းတွေကို မပျော်ဘူးလို့ စိတ်ထဲက ပြောနေမိတယ်။ တကယ်တော့ ၅ရက်ဆိုတာ ခဏလေးပါ။ ညဆိုစာတွေဖတ် မနက်ဆိုခန်းမထဲသွား မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ နိုင်ငံ အစုံက လူတွေနဲ့ဆွေးနွေး ညနေမှာ လည်စရာရှိတာလည်နဲ့ ဘာစိတ်ညစ်စရာရှိလည်းလို့ မေးစရာရှိမယ်။ လက်မှာပတ်ထားတဲ့ နာရီကို ဒီနိုင်ငံစံတော်ချိန်နဲ့ တိုက်မထားဘဲ ဒီတိုင်းထား ထားရတယ်။
လက်ပတ်နာရီအပြင် စားပွဲတင်နာရီတလုံးပါ သယ်လာရတယ်။ ဟုတ်တယ် မနိုးရင် ဒုက္ခရောက်မှာလေ။ ဒီမှာကကိုယ့်တိုင်းပြည်နဲ့ ၅ နာရီလောက် ကွာဟနေတော့ ညတစ်နာရီမှာ ထထပြီး ဆေးသောက်ရတာ အိပ်ရေးပျက်ပြီး ဒုက္ခရောက် လိုက်တာမပြောပါနဲ့တော့။ တခါတလေ မထတော့ဘူးမသောက်တော့ဘူး ကွာဆိုပြီး လုပ်ချင်စိတ်ပေါက်လာ တယ်။
ဒါပေမယ့် မလုပ်ဖြစ်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ သားနဲ့သမီးအတွက် ကိုယ်က အမေဆိုလည်းဟုတ် အဖေဆိုလည်း ဟုတ်နေ လို့ပေါ့။
(၃)
‘‘အေးမြရေ …ကောက်စိုက်သွားမယ်ဟေ့’’
‘‘လာမယ်ဟေ့….လာမယ်’’
ပါးစပ်ကလည်းအော်လက်ကလည်းပလပ်စတစ်အလုံပိတ်စည်းထားတဲ့ဆေးတောင့်လေးကိုချွေးခံအိတ်ကပ်လေးထဲကိုသေချာထိုးထည့် လိုက်တယ်။ မနက်စောစော ထရတော့ ခေါင်းထဲက နည်းနည်းတော့ မူးချင်သား။လက်ပတ်ကြိုးပြုတ်နေတဲ့ နာရီလေးကိုလည်း သတိတရ ထည့်လာရသေးတယ်။ ကောက်စိုက်နေရင်း ရ နာရီ ထိုးမထိုး ကြည့်လို့ရ တယ်လေ။ ကောက်စိုက်ရင်း ရ နာရီထိုးပြီ ဆိုရင်တော့ လယ်ကန်သင်းရိုးပေါ် ခဏတက် ဆေးကိုရေနဲ့ထုတ်သောက် အလုပ်ရှင်ငြုစူမှာ စိုးလို့ပြီးတာနဲ့ မြန်မြန်ပြန်ဆင်း
ကောက်စိုက်ရတယ်။ ညပိုင်းကတော့ ကိစ္စမရှိပါဘူး အိမ်ရောက်နေပြီပဲ။
ဒီကြားထဲ ခွေးမတို့ ဝိုင်းစိန်တို့က ဘုမသိဘမသိဘဲ ညည်းတို့လင်မယားပြတဲ့ ဆေးခန်း ကျုပ်တို့လည်း လိုက်ချင်တယ်၊ ညည်းတို့သောက် တဲ့ ဆေးလည်းသောက်ချင်တယ်တဲ့။
ခေါ်သွားလို့ ဖြစ်မလား ဟိုလိမ်ဒီလိမ်နဲ့ ခုဆိုတော်တော်လေး အဆင်ပြေအောင် ဖြေတတ်နေပြီ။ ဟုတ်တော့လည်း ဟုတ်ပါ့တော် ကျုပ်တို့လင်မယား ပိန်ပိန် လိမ်လိမ် ဘဝကနေ ခုခါတော့ ဝဝဖြိုးဖြိုးနဲ့ ဖြစ်နေတော့ သူတို့က ဆေးသောက်ချင် ရတာနဲ့ ဆေးခန်း လိုက်ချင်ရတာနဲ့ ခက်လိုက်တာ မပြောပါနဲ့တော့။
(၄)
‘‘ညနေခင်းရဲ့ လေပြေထဲမှာ
မင်းဆံနွယ်တွေ တောင်ပံဖြန့်တဲ့အခါ
ပန်းပွင့်လေးတွေ ရှက်သွေးဖြာ
ကျေးငှက်လေးတွေ တေးမဆိုတော့ပါ’’
……………………………………………..
……………………………………………..
‘‘ ကမ္ဘာမြေတခွင်ကို မင်းဆံနွယ်တွေလွှမ်းခြုံထားမှာလားကွာ
တိမ်တွေပေါ်မှာ ရွှေနေခြည်ဟာ ရောင်စဉ်ဖြန်းပက်ခါ ..’’
ဘီးကျဲကြီး၏ ကီးကြောင်လှသော အသံပြာပြာဆိုပေါက်ကြောင့် အဆိုတော် Rဇာနည်ကို ဂျူလှိုင် စိတ်ထဲကအားနာနေမိသည်။ ဘီးကျဲကြီးကလာတိုင်း ဂျူလှိုင် ကိုသာခေါ်ပြီး ဒီသီချင်းကိုပဲ အကြိမ်ကြိမ်ဆိုတတ်သည်။ ဂျူလှိုင် ကိုပါစုံတွဲ ဆိုခိုင်းသေးသည်။ ဂျူလှိုင် ရဲ့ရှည်လျှားနက်မှောင်တဲ့ ဆံပင်တွေခါရမ်းပြီး လမ်းလျှောက်ပြရသေးသည်။ သူ့အနားတိုးကပ်ထိုင်ပေးရသည်။ အရက်ငှဲ့ပေး ရသည်။ ဆေးလိပ် မီးညှိပေးရသည်။ ရယ်စရာတွေပြောရသေးသည်။
ဂျူလှိုင်ကမညိုမညင်လုပ်ပေးရသည်မှာဘီးကျဲကြီးကဂျူလှိုင်ဘဝ(သို့) မိခင်နှင့်မောင်နှစ်မတွေ စားဝတ်နေရေး ထောက်ပံ့ ပေးနေတဲ့ ဂျူလှိုင်ကိုနားလည်သည့်အလျှောက် အခေါက်တိုင်းမုန့်ဖို့း များများပေးတတ်သည်လေ။ တာဝန်တွေကျေပွန် အောင် ဇယ်ဆက်သလို လုပ်ဆောင်ရင်း အခန်းထဲက တိုက်ကပ်နာရီကို မကြာခဏ ကြည့်ရသေးသည်။
‘‘ဦး ခဏနော် ကန်တော့ အပေါ့သွားချင်လို့’’ ဘီးကျဲကြီးက ဟေ ဆိုပြီး သီချင်းဆိုတာရပ်လိုက်သည်။
‘‘ဘာပြောတယ်’’ မိုက်ထဲမှ သူ့အသံကြီးက ကျယ်လောင်စွာထွက်လာသည်။
‘‘နောက်ထဲ ခဏ သွားချင်လို့’’ နည်းနည်းကီးမြှင့်ပြီး ပြောလိုက်မှ ကြားသွားသည်။
‘‘ညည်းကလည်းလုပ်ပြီ ဒီအချိန်လာတိုင်း သွားလိုက်ရမှ’’
‘‘မြန်မြန်ပြန်လာခဲ့ နောက်ဆိုရေကိုသောက်မထားနဲ့’’
‘‘ဟား ဟား ဟား’’
သူ့အပြောနဲ့ သူ့ရယ်သံကြီးက မိုက်ထဲမှတဆင့် အခန်းထဲမှာ လှိုဏ်သံအဖြစ်ကျန်ရစ်ခဲ့သည်။ နောက်ထဲရောက်မှ အိပ်ခန်းရှိရာ အမြန်ပြေး ဆေးကိုရေနဲ့ ကမန်းကတန်း မျောချလိုက်ရသည်။ နာရီကိုကြည့်လိုက်တော့…
‘‘ဟောတော့ ဒီနေ့လည်း မိနစ် နှစ်ဆယ်တောင်ကျော်သွားပါရောလား’’
(၅)
ဒေါ်မြမေတစ်ယောက် ထမင်းဟင်းချက်နေရာမှ နာရီနှိုးစက်မြည်သံကြောင့်
‘‘ ကြည်ပြာ သမီး ဆိတ်သားအိုးခဏကြည့်ထားပေးစမ်း၊ ၈ နာရီထိုးပြီ ငါ ဥသြ သွားရှာလိုက်ဦးမယ်’’
ကြည်ပြာ တစ်ယောက် သီချင်းနားထောင်နေရာမှထရမည်ဖြစ်၍ ခြေစောင့်ကာ မီးဖိုချေင်သို့ဝင်သွားလေသည်။ ဒေါ်မြမေ အဖို့ကတော့ မြေးကလေး ဥသြ အတွက် အရာရာကို ရင်ဆိုင်ခဲ့ပြီးပြီမို့ ကြည်ပြာ ကိုလှည့်တောင်မကြည့်တော့။ မြေးကလေး ဥသြကို ကျန်တဲ့ သားသမီးကြီးတွေကလည်း သိပ်မကြည်ဖြူချင် ဂေဟာတစ်ခုခုကိုပို့စေချင်သည်။ နောက်ဆုံး နင်တို့ အိမ်ပေါ်က အကုန်ဆင်းသွားကြ ငါနဲ့ငါ့မြေးနေခဲ့မယ်လို့ အပြတ်ပြောတော့မှ နောက်ထပ် ဘာပြဿနာမှမရှာတော့ပေ။မိသားစုတင်မဟုတ်ဘူး ပတ်ဝန်းကျင်ကိုပါ မြေးကလေး အပေါ်နားလည်လက်ခံလာအောင် ဆေးခန်းကဆရာ ဆရာမတွေနဲ့ ပူးပေါင်းပြီးပညာပေးအစီစဉ်တွေ လုပ်ပြီးရပ်ကွက်ထဲမှာ အတော်လေးကြိုးစားခဲ့ရတယ်။ ဘယ်သူ့ကိုမှလည်း အပြစ်မတင်ချင်တော့ပါဘူး။ သားနဲ့ချွေးမက မသေခင်မှာ ဥသြလေးကို ဂရုစိုက်ဖို့ တတွတ်တွတ် မှာသွားရှာတယ်လေ။ သူတို့တုန်းကတော့ ဗဟုသုတ မကြွယ်ဝတော့ အိမ်တွင်း
အောင်းပြီးလက်လှမ်းမှီရာဆေးမြီးတိုတွေနဲ့ ကုတာငွေကုန်လူပါးပြီးနောက်ဆုံး အသက်တိုခဲ့ရတယ်။ မြေကလေး အလှည့် မှာတော့ ခေတ်မှီဆေးဝါးတွေနဲ့ အသက်ဆက်ခွင့် ရခဲ့ တယ်လေ။
‘‘ဥသြ ဥသြ သားရေ ၈ နာရီထိုးပြီ’’ ဒေါ်မြမေ အော်ခေါ်သံကြောင့် ဘောလုံးကန်နေတဲ့ ဥသြ ကစားတာကိုရပ်လိုက်သည်။
‘‘လာပြီ မေမေကြီး’’
‘‘ဟေ့ကောင်တွေ ငါပြန်လာခဲ့မယ်နော်’’
‘‘အေးပါကွာ ဆေးသောက်ပြီးပြန်လာခဲ့’’ ဒေါ်မြမေတစ်ယောက် အိမ်ရှေ့ဗာဒံပင်ရိပ်အောက်မှာ ဆေးနှင့်ရေခွက်ကိုကိုင်ပြီး အပြေးလာနေတဲ့ မြေးကလေး ဥသြကို အပြုံးများဖြင့် ဆီးကြိုနေလေသည်။နှုတ်မှလည်း………
‘‘ဟဲ့ သား ဖြေးဖြေးလာ လဲကျမယ်’’
(၆)
ဒီကနေ့ အင်တာနက်လိုင်းကအတော်လေးကောင်းနေ၍ the voice ဂျာနယ်ကိုဒေါင်းလော့ လုပ်ယူရသည်မှာ မြန်ဆန်လှသည်။
‘‘ဆရာရေ ဒီသတင်းတိုလေးဆရာ့ဆီပို့လိုက်မယ်နော်’’
‘‘ဘာသတင်းလည်းကိုညီရေ’’ ဆရာက ကွန်ပြုတာရိုက်နေရာမှ မျက်မှန်ကိုကျော်ကြည့်၍ စိတ်ဝင်တစားမေးသည်။
‘‘Voice of the week ဆိုတဲ့တပတ်တာကောက်နှုတ်ချက်ထဲမှာပါ။ သြဂုတ်လ ၅ရက်နေ့ထုတ် မြန်မာတိုင်းမ်သတင်း ဂျာနယ်မှာပါတဲ့ ဆရာဝန်တစ်ချို့ကြောင့် အိပ်ခ်ျအိုင်ဗွီပိုးရှိ လူနာများ နစ်နာမှုရှိနေဆိုတဲ့ သတင်းကနေ ပြန်ကောက်နှုတ် ဖော်ပြထားတာ/နားမလည်ပဲ တိုက်တဲ့သူကတိုက် သောက်တဲ့လူကလည်းသောက် ချင်သလိုသောက် အဲဒီ အကြောင်းတွေပါ ဆရာ’’
‘‘အေးဗျာ ဒါတွေကလည်းတကယ်ရှိနေတာ မြင်ကြားနေရတာပဲလေ။ မီဒီယာတွေကလည်းလှုံ့ဆော် ဆင်ခြင်သင့်သူတွေကလည်း ဆင်ခြင်ဆိုကောင်းတာပေါ့ဗျာ။ အဲဒီလိုတစ်နေ့ နှစ်ကြိမ် အချိန်အတိအကျသောက်ရမယ်ဆိုတာတောင် နားမလည်ဘဲ သောက်ချင် သလိုသောက်လာတဲ့သူတွေ ကျွန်တော်တို့ဆီမှာဘယ်လောက်ဒုက္ခများလည်း ကိုညီ အသိပဲလေ’’
ဆရာက သူခက်ခက်ခဲခဲကုခဲ့ရတဲ့ ဆေးသောက်စနစ်မကျခဲ့သူများကို ရည်ညွှန်းပြောဆိုမှန်းကို ညီနားလည်ပါသည်။ ကိုညီ ကိုယ်တိုင်လည်း ဒီဆေးခန်းမှာ နှစ်သိမ်းဆွေးနွေးသူအဖြစ် ဆောင်ရွက်နေတော့ ဘယ်လောက်ခက်ခဲသလဲဆိုတာ ထပ်တူ နားလည်ပေးလို့ ရသည်ပဲလေ။ အဖတ်မတင် ကြွေလွင့်သွားသူတွေကိုတောင် ပြန်သတိရမိ လိုက်သေးသည်။
‘‘ကျွန်တောတို့ အားလုံးဝိုင်းကြိုးစားကြတာပေါ့ ဆရာရယ်’’လို့သာ စိတ်ထဲက ပြောနေမိတော့တယ်။




