ရောဂါတခုခု ဖြစ်လာခြင်းဟာ လူ့သဘာဝ တစ်ယောက်နဲ့ တယောက်ကြားမှာရှိတဲ့ ချစ်ခြင်းမေတ္တာကို မပျက်ပြယ် စေနိုင်ပါဘူး။ HIV ပိုးရှိတဲ့ သူတွေမှာလည်း လူတိုင်းလိုဘဲ ချစ်ခင်ကြင်နာမှုကို အိုအပ်နေတာပါပဲ။ တချို့ကျတော့လည်း HIV ပိုးရှိတယ်လို့ သိပြီးတဲ့ လူတယောက်အနေနဲ့ အိမ်ထောင်မပြု သင့်ဘူးလို့ ယူဆတတ်ပါတယ်။ ဒီကိစ္စမှာ အဓိက အဆုံးအဖြတ်ပေးရမှာကတော့ ကာယကံရှင် နှစ်ဦးပါဘဲ။ တစ်ခုတော့ ရှိတာပေါ့။ ရောဂါပိုး မရှိသေးသူ အနေနဲ့ မကူးစက်အောင် ဘယ်လိုနေထိုင်သင့်သလဲဆိုတာကိုတော့ နားလည် တတ်ကျွမ်းသူတွေကို မေးမြန်း သင့်ပါတယ်။ ကော့ကရိတ်မှာ နေထိုင်တဲ့ အသက် - ၂၆ နှစ်ခန့်ရှိ ကျောင်းဆရာမ တစ်ဦးကတော့ ဒီလိုပြောပြပါတယ်။
လူဘဝဆိုတာ တိုတောင်းလှပါတယ်။ ကျွန်မတို့ လက်ထပ်တော့မယ့် ဆဲဆဲမှာ သူနေမကောင်းဖြစ်ပါတယ်။ နှစ်ဖက်မိဘတွေက ကျွန်မတို့ကို ကျွန်မတို့ကို မယူဘို့ တားကြတယ်။ သူ့ကို ကုပေးနေတဲ့ ဆရာဝန်ကို သေချာမေးမြန်းပြီး ရောဂါ မကူးအောင် နေကြဖို့ ဆုံးဖြတ်ပြီး ကျွန်မတို့ လက်ထပ်လိုက်ကြပါတယ်။ ကျွန်မနဲ့ ယူပြီးမှ သူပိုနေကောင်းလာပါတယ်။
အလုပ်လည်း အခုထိ စက်လုပ်နေနိုင်ပါသေးတယ်။ မိဘဆွေမျိုး အသိုင်းအဝိုင်း အားလုံးက ကျွန်မကို နားမလည်နိုင်ဘူး။ ဒီရောဂါကြောင့် ကျွန်မတို့ နှစ်ယောက် ကွေ့ကွင်းရမှာလား။ ရောဂါ မကူးအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကျွန်မသိတယ်။ မကူးအောင် နေလို့ရတယ် ဆိုမှတော့ ဘာကို ကျွန်မ ဆက်ကြောက်နေရအုံးမှာလဲ။ သူ့အတွက်တော့ ကျွန်မ သူ့ကို လက်ထပ်ယူလိုက်တာဟာ သူ့အတွက်တော့ ဆုလာဘ် တခုပါပဲတဲ့။
ကိုယ့်ဘဝကို နားလည်စာနာပေးမဲ့၊ ကိုယ့်ခံစားချက်တွေကို ဝေမျှနိုင်မဲ့ အဖော်ဆိုတာကို လူတိုင်း တမ်းတတတ်ကြမှာပါ။ ရောဂါ ရှိတဲ့သူ အနေနဲ့ ကိုယ့်ရောဂါပိုး မကူးစက်အောင် နေထိုင်နည်းကို သေသေချာချာ သိထားပြီး ဂရုစိုက်မယ်ဆိုရင် အန္တရာယ် မရှိနိုင်ပါဘူး။ ရောဂါပိုး ရှိသူကို လက်ထပ်ခြင်းအားဖြင့် ရောဂါမရှိသူမှာ ရောဂါကူးနိုင်သလား ဆိုတာကို မေးစရာ ဖြစ်လာပါတယ်။
လိင်ဆက်ဆံရာမှာ ကွန်ဒုံးသုံးမယ်၊ ဒါမှမဟုတ် စိတ်ချရတဲ့ လိင်ဆက်ဆံမှုမျိုးနဲ့ ပြုမှုနေထိုင်မယ်ဆိုရင် ရောဂါ မကူးနိုင်ပါဘူး။ နှစ်ဦးစလုံးမှာ ရောဂါပိုး ရှိနေတဲ့ စုံတွဲတွေ အနေနဲ့ ကွန်ဒုံးမသုံးပဲ လိင်ဆက်ဆံလို့လည်း မရနိုင်ဘူးလားလို့ မေးနိုင်ပါတယ်။ ကွန်ဒုံးမသုံးပဲ လိင်ဆက်ဆံခြင်းဟာ မလိုလားအပ်တဲ့ ပြဿနာတွေကို လက်ယပ်ခေါ်သလို ဖြစ်နေနိုင် ပါတယ်။
ဘာဖြစ်လို့လည်း ဆိုတော့ ရောဂါပိုးရှိတဲ့သူက ကိုယ့်အဖော်ကို ရောဂါမျှပေးနိုင်သလို၊ အခြား ရောဂါများ၊ လိင်ဆက်ဆံ ခြင်းကြောင့်ရတဲ့ တခြားရောဂါပိုးများကို ရသွားဖို့ အခွင့်သာ နိုင်လို့ပါပဲ။ ဒီလိုရောဂါတွေ ကူးမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို ထပ်ပြီး ဖိစီးနှီပ်စက်သလိုမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေရာမှာလည်း နောက်ဆုံး ဆုံးဖြတ်ချက်ကလည်း ကာယကံရှင် နှစ်ဦးနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။
ကိုဇော်ဇော်နဲ့ မသီတာတို့ လက်ထပ်ခဲ့တာ အခုဆို (၃) နှစ် ဝန်းကျင်ရှိပါပြီ။ သူတို့နှစ်ဦးစလုံးမှာ HIV ရှိနေတယ်လို့ သိလိုက်ရပါတယ်။ ဒါပေမဲ့ ကလေးချစ်တတ်ကြတဲ့ အတွက် အိမ်ထောင်သက် ရလာချိန်မှာ သားသမီး လိုချင်စိတ် ပေါ်လာပါတယ်။ သူတို့သားသမီး ယူလို့ ရမရ၊ ယူတဲ့ ကလေးမှာကော ရောဂါပိုး ရှိနိုင်၊ မရှိနိုင်ကို သိချင်တဲ့အတွက် လာရောက် ဆွေးနွေး အကြံယူ ကြပါတယ်။
HIV ပိုးရှိတဲ့ စုံတွဲတွေ အတွက် ရှေ့ဆက်စဉ်းစားဖို့ အချက်ကတော့ သားသမီး ယူသင့်မယူသင့် ဆိုတာပါပဲ။ HIV ပိုး ရှိနေတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်လိုတဲ့ အမျိုးသမီးတွေ အတွက် အမေကနေ ကလေးကို ကူးစက်ဖို့ အခွင့်အလမ်း နည်းသွားအောင် ကာကွယ်ပေးတဲ့ AZT ဆိုတဲ့ ဆေးတစ်မျိုး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ပေါ်လာခဲ့ ပါတယ်။
တချို့က HIV ပိုးရှိတဲ့ အမေက မွေးတဲ့ ကလေးတိုင်းဟာ HIV ပိုး ရှိနေတိုင်တယ်လို့ ထင်ကြပါတယ်။ ဆေးပေးပြီး ကာကွာနိုင်ခြင်း မရှိခင်ကကို ရောဂွပိုးရှိတဲ့ မိချင်တွေက မွေးတဲ့ ကလေးးတွေရဲ့ ၃၀ - ၃၅% သာ ရောဂါပိုး ပါလာနိုင်ပါတယ်။ ကလေးကို မိခင်နို့ မတိုက်ခဲ့ရင်၊ ဆေးဝါးနဲ့ ကာကွယ်မယ်ဆိုရင် မိခင်ကနေ ကလေးဆီ ကူးစက်မှုနှုန်းကို တဝက် ကျော်ကျော်လောက် ထပ်လျော့ချပေး နိုင်ပါတယ်။ ဆေးဖြင့် ကာကွယ်ရင်း ဗိုက်ခွဲမွေးတာမျိုးလို တခြားကူထုံးတွေနဲ့ပါ ပေါင်းစပ် ပေးလိုက်မယ်ဆိုရင် ရောဂါ ရနိုင်တဲ့နှုန်းဟာ ၀% အထိ ကျဆင်းသွား နိုင်ပါတယ်။
ဒါက ကလေးမှာ HIV ပိုး ကူးနိုင် မကူးနိုင်ဆိုတဲ့ အကြောင်း တခုတည်း ရှိပါသေးတယ်။ ဆက်ပြီး စဉ်းစားရမှာက ကလေးရဲ့ အနာဂတ်ပါပဲ။ ကိုယ်က အသက်ရှင်ဖို့ ကန့်သတ်ချက် ရှိနေတော့ ကလေးမှာ တွေ့ရနိုင်တဲ့ အခက်အခဲတွေ၊ ပြဿနာတွေကို ကြိုတင်စီစဉ်ပေးထားဖို့လည်း လိုပါလိမ့်မယ်။ တကယ်လို့ ကလေးကို ကိုယ်ကမပြုစု မစောင့်ရှောက်နိုင် တော့ဘူး ဆိုပါစို့၊ သူ့ကို ဘယ်သူက ဆက်လက်ပြုစုစောင့်ရှောက် ထားပေးနိုင်မလဲ၊ ဆက်ကြည့်ရှူ့စောင့်ရှောက် ပေးမယ့် သူအနေနဲ့ရော ငွေကြေးတောင့်တင်းမှု ရှိရဲ့လား။
မေတ္တာကော အပြည့်အဝ ပေးနိုင်မယ်လို့ ထင်ပါသလား ကိုယ့်ကြောင့် လူ့လောကထဲကို ရောက်လာမဲ့ ကလေးတစ်ယောက်အတွက် စဉ်းစားတွေးတော စရာတွေ အများကြီး ရှိပါတယ်။ ကလေးတစ်ယောက်အတွက် အခြေခံလိုအပ်ချက်တွေက စလို့ သူကြီးပြင်းလာမဲ့ အချိန်ထိကို သေသေချာချာ စဉ်းစားပြီးမှ ကလေးယူသင့် မယူသင့်ဆိုတာကို ဆုံးဖြတ်သင့်ပါတယ်။
ဒီကိစ္စမျိုးကို ဆရာဝန်၊ နှစ်သိမ့်ဆွေးနွေး အကြံပေးသူတစ်ယောက်ယောက်၊ ဒါမှမဟုတ် ကိုယ့်လို ရောဂါ ရှိနေတဲ့ ကိုယ့်လိုအခြေအနေမျိုး ကြုံဖူးတဲ့သူ တယာက်ယောက်နဲ့ ပြောဆိုဆွေးနွေး ရမှာဖြစ်ပါတယ်။ HIV ပိုးရှိနေသူ တစ်ဦးဦးနဲ့ ကိုယ်ဟာ ပတ်သက်ဆက်နွယ်မှု ရှိနေတယ်ဆိုရင် HIV ပိုး ကူးစက်နိုင်တဲ့နည်း၊ ကာကွယ်နည်း၊ အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံနည်း၊ လိုအပ်တဲ့ ဆေးထိုးရမယ် ဆိုရင်လည်း အန္တရာယ်မရှိအောင် ဘယ်လိုဆေး ထိုးရမယ်ဆိုတာတွေကို သိထားသင့်ပါတယ်။
ပင်လယ်ပြာပြာ - ချစ်ခြင်းမေတ္တာ မှ ပြန်လည် ရေးသားဖော်ပြထားပါတယ်........




