ဟန်လေးတောင်
မဆောင်နိုင်တော့တဲ့ အိမ်နီးချင်းတွေက သူ ခေါက်ဆွဲစားပြီးပြီးချင်း သူ့ပန်းကန်ကို ရေနွေးနဲ့
ပြုတ်ဆေးပြီး စားပွဲကုလားထိုင်တွေကိုလည်း သန့်ရှင်း ဆေးကြော ပစ်ကြတယ်။ ဆိုင်မှာ သွားဝယ်စားတဲ့အခါ
ခေါက်ဆွဲဆိုင် ပိုင်ရှင်က ရေနွေးပူနဲ့ လှမ်းပက်လိုက်ပြီး မောင်းထုတ်တာကိုလည်း ခံရတယ်။
ဒါတွေဟာ ပင်းကြိုင်အင်တမွန် Pinjai Intamoon အတွက် သူ့ခင်ပွန်းက ပေးခဲ့တဲ့ HIV ထက်နာကျင်တဲ့
ဝေဒနာတွေဖြစ်ပါတယ်။
ပင်းကြိုင်ဟာ
ခင်ပွန်းသည်ဆီက တဆင့် ပိုးကူးစက်ခံရပြီ ဆိုတာကို လွန်ခဲ့တဲ့ ၁၈နှစ်က စစချင်းကြားလိုက်ရတဲ့
အချိန်မှာ သူ့အသက် ၂၇နှစ်ပဲ ရှိသေးတယ်။ “ကျမဟာ HIV Positive ဆိုတာ သိလိုက်ရတော့ ကျမ
နှလုံးသားဟာ သွက်သွက်ခါသွားတော့တယ်။ အဲဒီအချိန်မှာက ကျမမှာ ကိုယ်ဝန် ၄ လရှိနေပြီလေ”
လို့ သူ့အတိတ်ကို ပြန်ပြောင်းပြောပါတယ်။
သူဟာ
ရင်နာနာနဲ့ပဲ ကိုယ်ဝန်ကို ဒီထက်ပိုပြီး ကြီးထွားရင်သန်လာစေဖို့ ဆုံးဖြတ်ချက် ချခဲ့တယ်။
သူ့ရင်သွေးမှာ ရောဂါပိုးကူးစက်ပြီး မွေးဖွားလာမှာကို သူမလိုလားဘူးလေ။ ရောဂါပိုးရှိတဲ့
မိခင်တွေဆီကနေ မွေးလာတဲ့ ကလေး ၃၀ ရာခိုင်နှုန်းဟာ AIDS နဲ့ ဘဝဆုံးကြရတယ်။
ကျန်းမာရေး
ယိုင်နဲ့လာတဲ့သူ့ခင်ပွန်းကြောင့် အိမ်ထောင် ဦးစီးတာဝန်ကို ယူလာရတဲ့ ပင်းကြိုင်ဟာ
HIV/AIDS နဲ့ ပတ်သက်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ၊ နှီးနှော ဖလှယ်ပွဲတွေ ဟောပြောပွဲတွေ
တက်ရောက်ခဲတယ်။ ဒါမှသာ သူ့ခင်ပွန်းနဲ့ သူ့ကိုယ်ကို ကောင်းကောင်း စောင့်ရှောက်နိုင်မှာဖြစ်လို့ပဲ။
ရောဂါ ရင့်နေပြီဖြစ်တဲ့ သူ့ခင်ပွန်းကတော့ လွန်ခဲ့တဲ့ ကိုးနှစ်ကတည်းက လူ့လောကကို စွန့်ခွာသွားခဲ့တယ်။
ဒီအခါ
သူ့ဘဝထဲကို ဝင်လာတာတွေကတော့ ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ ထိုးနှက်တိုက်ခိုက်မှုတွေပဲ။
ကျမရင်ထဲမှာ နာကျင်ခံစားရတယ်။ အသေးအဖွဲ အဆင်မပြေတာ လေးတွေ ကြုံလာရင်တောင်မှ ဝမ်းနည်းပြီး
ငိုမိတယ်လို့ ပင်းကြိုင်က ပြောပါတယ်။ ဒါပေမဲ့ သူ့ရင်ထဲမှာ အမြစ်တွယ် ကိန်းအောင်းနေတဲ့
ဗုဒ္ဓဘာသာ အဆုံးအမတွေကို လိုက်နာရင်း တရာထိုင်ရင်း သူဟာ သူ့ခင်ပွန်းနဲ့ သူ့အိမ်နားနီးချင်းတွေအပေါ်
ဒေါသကင်းစင်သွားအောင် စိတ်ကို ပြုပြင် ယူနိုင်ခဲ့တယ်။
ဒေါသဟာ
အခြေအနေတွေကို ပိုလို့သာ ဆိုးစေတယ်။ ဒါကြောင့် သူတို့ကို ခွင့်လွှတ်ပြီး ကျမအပေါ် ချိုးနှိမ်ဖိနှိပ်မှုတွေကို
ကျော်လွှားနိုင်အောင် ကြိုးစားရင်း ဘဝမှာ အကောင်းဆုံးရပ်တည်နိုင်ဖို့ ရွေးချယ် ခဲ့ပါတယ်လို့
သူ့ရဲ့ သဘောထားကိုလည်း ပြောပြတယ်။
သူ့မှာ
HIV ရှိနေပြီဆိုတဲ့ အချက်ကို သူဟာ ကျိန်စာ တစ်ခုအနေနဲ့ မသတ်မှတ်ပဲ စွမ်းအား တစ်ရပ်အနေနဲ့
လက်ခံခဲ့တယ်။ AIDS နဲ့ အနှိမ်ခံ ရတာတွေကြောင့် ဘဝမှ ရှင်သန်ရခြင်းနဲ့ အဓိပ္ပါယ်ကို သဘောပေါက်
လာခဲ့ရတယ်။ ဒါဟာ ကျမကို ကိုယ့်ကိုကိုယ် အတွက်ပဲ ကြည့်တတ်တဲ့ လူတစ်ယောက် အဖြစ်ကနေ ပိုပြီး
တည်ငြိမ်တဲ့ သူများအတွက် ပေးဆပ်လိုက်ရတဲ့ ရက်ရောတဲ့ လူတစ်ယောက်ဖြစ်လာအောင် ပြောင်းလဲ
ပေးခဲ့တယ်။ အခုတော့ ကျမဟာ အရင်ကထက် ပိုပြီး ပျော်ရွှင်နေခဲ့တယ်လေလို့ သူက ပြောပြပါတယ်။
တစ်ပါးသူတွေကို
ကူညီလိုပြီး HIV ရှိသူတွေအတွက် အခြေအနေကောင်းတွေ ဖန်တီးပေးလိုတဲ့ ပင်းကြိုင်ဟာ ၁၉၉၃
ခုနှစ် အစောပိုင်းမှ Eung Pung Clinic ရဲ့ ထောက်ပံ့မှုနဲ့အတူ ခရိုင်အတွင်းက
HIV/AIDS ရှိသူတွေအတွက် အကူအညီပေးနိုင်မယ့် စီမံကိန်း စတင်နိုင်ခဲ့တယ်။ သူ့မိဘအိမ်ကို
ယာယီစခန်းအဖြစ် ဖွင့်လှစ်ပြီး HIV ကူးစက်ခံရတဲ့ ကလေးတွေ အမျိုးသမီးတွေနဲ့ အလုပ်လက်မဲ့
တွေဆီ သွားရောက်ကူညီခဲ့တယ်။
သူ့အနေနဲ့
ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်ကို နှစ်နှစ်ကြာ ခံခဲ့ပြီးမှ ကျော်လွှားနိုင်ခဲ့တယ်။ သူ့ရဲ့
ဂရုဏာ သက်တဲ့ လုပ်ရပ်တွေကို ထိုင်းနိုင်ငံက World Vision၊ လူသားချင်း စာနာထောက်ထားမှု
ခရစ်ယာန် အသင်းနဲ့ ငွေကြေးထောက်ပံ့မှုပေးတဲ့အဖွဲ့ စသည်တို့က သတိပြုမိသွားတယ်။ နောက်တော့
သူ့ကို ငှားရမ်းပြီး ထိုင်းနိုင်ငံမြောက်ပိုင်းက HIV/AIDS ခံစားနေရတဲ့ သူတွေဆီ အကူအညီပေးဖို့
စေလွှတ်ခဲ့ကြတယ်။
သူ့ကို
ငှားရမ်းထားတဲ့ သက်တမ်း ကုန်ဆုံးသွားချိန်မှာ ပင်းကြိုင်ဟာ သူ့ဘာသာ ဆက်ပြီး ဝေဒနာ ရှင်တွေအတွက်
အလုပ်လုပ်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ အထူးသဖြင့် Mae Rim နဲ့ San Sai ခရိုင်မှာ လှည့်လည်
ကူညီမှုတွေ ပေးခဲ့တယ်။ သူ့ကူညီမှုတွေထဲမှာ လူကိုယ်တိုင် သွားလို့ဖြစ်စေ ဖုန်း ဒါမှမဟုတ်
အီးမေးတွေနဲ့ ဆက်သွယ်လို့ဖြစ်စေ နှစ်သိမ့်ဆွေးနွေး ပညာပေးတွေလုပ်တယ်။
၁၉၉၄
ခုနှစ်မှာ ထိုင်းနဲ့ သြစတြေးလျတို့ရဲ့ ထိုင်းနိုင်ငံ မြောက်ပိုင်းဒေသ AIDS ကာကွယ်ရေးနဲ့
ကုသရေး အစီအစဉ်ကနေ ၂နှစ်တာ ငွေကြေး ထောက်ပံ့မှုတွေရခဲ့တဲ့အတွက် သူ့လုပ်ငန်း တွေကို တိုးချဲ့နိုင်ခဲ့တယ်။
သူဟာ အဖွဲ့လေး တစ်ဖွဲ့ကိုလည်း ဖွဲ့ပေးထားပြီး အပတ်စဉ် တွေ့ဆုံ ဆွေးနွေးမှုတွေနဲ့အတူ
HIV ရှိသူ အလုပ်လက်မဲ့တွေအတွက် အလုပ်ရဖို့ သင်တန်းတွေပေးတယ်။ သူ့ရဲ့ လုပ်ဆောင်ချက်တွေက
Mae Rim ခရိုင်က HIV ဒုက္ခသည်တွေအတွက် အထောက်အပံ့ ဖြစ်စေခဲ့တယ်။
၁၉၉၆
ခုနှစ်မှာ အရင်အဖွဲ့ရဲ့ ထောက်ပံ့မှုတွေ သက်တမ်းကုန်လွန်သွားတဲ့အခါ နယ်သာလန်မှာ အခြေစိုက်တဲ့
Terredes Hommes ဆိုတဲ့ NGO တစ်ခုရဲ့ ကူညီထောက်ပံ့မှုကို ရခဲ့တယ်။ ဒီ့နောက် မှာတော့
ပင်းကြိုင်ဟာ သူ့ဇာတိဖြစ်တဲ့ ချင်းမိုင်မှာ Community Health Center ဆိုတဲ့ အသင်းအဖွဲ့
ကိုဖွဲ့စည်းတည်ထောင်လိုက်ပြီး စီမံကိန်းတွေ ရေးဆွဲလို့ လုပ်ငန်းတွေ ပျံ့နှံ့အောင် ဆောင်ရွက်ပေးလျက်
ရှိတယ်။
ချင်းမိုင်ရှိ
Don Kaew အရပ်က သင်္ချိုင်း ဟောင်း တစ်ခုပေါ်မှာ ဆောက်ထားတဲ့ Community Health Center
ကို ၁၉၉၆ ခုနှစ်က တရားဝင်ဖွင့်လှစ်ထားချိန်ကစလို့ HIV ရှိသူတွေကိုသာမက ပိုးကူစက်မခံရသူတွေ
အတွက်ပါ လူမှုရေး ကူညီထောက်ပံ့မှုတွေ ပေးနေတာဖြစ်တယ်။ ဒီအထဲမှာ အသက်မွေးဝမ်းကျောင်း အတွက်
စက်ချုပ် သင်ပေးတာ အလုပ်အကိုင်ရရှိစေတာတွေအပြင် ကျန်းမာရေး ကူညီစောင့်ရှောက်မှုတွေကိုပါ
ဆောင်ရွက်ပေးတယ်။ စီမံကိန်းတွေထဲကမှ ရှေ့ဆောင်နေတဲ့ စီမံကိန်းကတော့ စက်ချုပ်လုပ်ငန်းပဲဖြစ်တယ်။
ရိုးရာ လက်မှုထည်တွေသာမက အခြား လက်မှု ပညာပစ္စည်းတွေ ထွက်ရှိတဲ့အထဲက ဝက်ဝံရုပ် လေးတွေဟာ
နိုင်ငံခြားတိုင်းပြည်ကို ရောင်းချရပြီး နောက်ထပ် အမှာစာတွေလည်း လက်ခံရရှိခဲ့တယ်။
Community
Health Center ကနေ ကလေးတွေ အိမ်ရှင်မတွေ သက်ကြီး ရွယ်အိုတွေအတွက် အားလပ်ချိန်မှာ အပိုဝင်ငွေ
ရအောင်လည်း အလုပ်အကိုင်တွေ ပေးခဲ့တယ်။ သူတို့ဟာ ဆပ်ပြာမှုန့် လက်မှုပစ္စည်း ဆေးဘက်ဝင်
သဘာဝ သစ်ဥ သစ်ဖုကထုတ်တဲ့ ခေါင်းလျှော်ရည်နဲ့ ဆေးဝါးတွေ ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ
အလုပ်အကိုင်ရတယ်။
ဒါဟာ
ပျော်ရွှင်ရတယ်ဆိုတာထက်တောင်မှ ပိုပါသေးတယ် ကျမရဲ့ အဖြစ်ဆိုးက ဒီပတ်ဝန်းကျင် ဒေသက ရောဂါ
ရှိသူတွေရော မရှိသူတွေကိုပါ ခွန်အားနဲ့ ကောင်းကျိုးတွေ ခံစားနိုင်စေဖို့ ဖြစ်လာပါပြီလို့
ပင်းကြိုင်က ရွှင်လန်းအားရစွားပြောပါတယ်။
လုပ်ငန်းတွေ
ဆက်လက်တိုးချဲ့လာခဲ့တဲ့သူဟာ နောက်တော့ နေရာကျယ်တစ်ခုရှာပြီး လက်မှုလုပ်ငန်း အလုပ်ရုံအနေနဲ့သာမက
အချင်းချင်း တွေ့ဆုံဆွေးနွေးနိုင်တဲ့နေရာ ဆေးကုသပေးရာနေရာအဖြစ် လူတိုင်းအတွက် ဖွင့်လှစ်ပေးနိုင်ခဲ့တယ်။
လိုအပ်သူတိုင်းအတွက် အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ အကြံဥာဏ်တွေ ပေးပါတယ်။ ငါးထောင်ခန့်ရှိတဲ့
လူနာတွေထဲမှာ ဒေသခံလူတွေ တိုင်းရင်းသား လူနည်းစုတွေ ပါဝင်ပြီး HIV ကိုခုခံ တားဆီးဖို့အတွက်
ARV နဲ့ ကုသမှုကိုလည်း အခမဲ့ ရကြတယ်။
လွန်ခဲ့တဲ့
၂နှစ်တာကာလအတွက် ငွေကြေး ထောက်ပံ့မှုကိုတော့ HIV/AIDS အဆုတ်ရောင် TB ရောဂါနဲ့ ငှက်ဖျားရောဂါ
တိုက်ဖျက်ရေးတို့အတွက် ကူညီတဲ့ ကမ္ဘာလုံးဆိုင်ရာ ရံပုံငွေအဖွဲ့ Global Fund ကနေ ရရှိတယ်။
ကူးစက်လာတဲ့
ရောဂါကို အနိုင်ပေးလိုက်မယ့်အစား စိတ်သစ် လူသစ်နဲ့ ပိုကောင်းတဲ့ ဘဝသစ်ကို တည်ဆောက်နိုင်ခဲ့တဲ့
ပင်းကြိုင်ဟာ ၂၀၀၄ ခုနှစ် မတ်ခ်ျလမှာ ကမ္ဘာ့ ကုလသမဂ္ဂက ချီးမြှင့်တဲ့ ကမ္ဘာ့ အထူးချွန်ဆုံး
အမျိုးသမီး The World’s Most Outstanding Female Buddhist ဆုတွေထဲက တစ်ဆုကို ရခဲ့တယ်။
၂၀၀၄ ခုနှစ် ဇူလိုင်လတုန်းက ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၅ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ
AIDS ညီလာခံမှာ ထိုင်းနိုင်ငံရှိ HIV/AIDS ရှိသူတွေ ကိုယ်စား ပြောကြားပေးဖို့ ရွေးချယ်ခဲ့ကြတယ်။
တစ်နေ့တစ်နေ့
အိပ်ချိန် အနည်းငယ်သာထားပြီး အလုပ်လုပ်နေတဲ့ ပင်းကြိုင်ဟာ ARV ဆေးကို အများအတွက် ဖြန့်ဝေပေးပေမဲ့
သူကိုယ်တိုင်ကတော့ သဘာဝက ရတဲ့ သစ်မြစ် သစ်ရွက်တွေကိုသာ မှီဝဲတယ်။ “ဆေးဝါးတွေကို အမြဲသောက်နေရပြီး
အသက်ရှည်ရှည် နေနိုင်အောင်ရုန်းကန် နေရမယ့်အစား အသက်တိုချင်တိုပါစေ စက္ကန့်တိုင်းမှာ
စိတ်ချမ်းသာ ပျော်ရွှင်စွာနေရတဲ့ ဘဝကို ပိုပြီးတော့ နှစ်သက်ပါတယ်” လို့ သူကပြောပါတယ်။
သူ့ရဲ့ CD4 Count ဟာ ၅၀၀ ကနေ ၁၅၀၀ ကြားရှိပြီး ၂၀၀ အောက်ရောက်တဲ့ အခါမှာ ARV ဆေးကို
သောက်ဖို့လိုပါတယ်။ ဒါမှသာ နောက်ထပ် ရောဂါ ဘယတွေ ကူးစက်လာနိုင်ဖို့ကနေ သက်သာရာရမှာဖြစ်တယ်။
အခုထက်ထိတော့ သူ့မှာ AIDS ရောဂါ လက္ခဏာတွေ ဘာမှ မရှိပါဘူး။ မြေကွက်လပ်မှာ စိုက်ထားတဲ့
နနွင်း ကြက်သွန်ဖြူ စတဲ့ ဆေးဘက်ဝင် အပင်တွေကိုသာ အမျိုးစုံ မှီဝဲပြီး ကျန်းမာစွာ ရှိနေပါတယ်။
ပင်းကြိုင်ရဲ့
လုပ်ငန်းမှာ ရှေ့ဆက်တိုးချဲ့လာတဲ့ အစီအစဉ်တစ်ခုကတော့ HIV ရှိသူနဲ့ မရှိသူတို့ ပူးပေါင်းပြီး
ချေးငွေ ထုတ်ယူနိုင်ကြမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ လက်ရှိမှာ အသင်းသား သုံးထောင့် လေးရာရှစ်ဆယ်
ရှိတဲ့ သူ့လုပ်ငန်းမှာ အသင်းဝင် မိသားစု တစ်စုတိုင်းဟာ ဘတ်ငွေ သုံးသောင်းထိ အတိုးနှုန်းသက်သက်
သာသာနဲ့ ငွေချေးနိုင်ပါတယ်။ ရွာသူရွာသားတွေ အနေနဲ့ အသင်းမှာ ငွေစုလိုတယ်ဆိုရင်လည်း
နှစ်စဉ် အတိုးနှုန်း ရှစ်ရာခိုင်နှုန်း ရရှိမှာဖြစ်တယ်။ ဒေသခံ စီးပွားရေး ဘဏ်တွေကတော့
အတိုးနှုန်း ၀.၇၅ ရာခိုင်နှုန်းပဲပေးပါတယ်။
ဒေသခံနဲ့
နိုင်ငံတကာ ငွေကြေး ထောက်ပံ့သူတွေဆီကနေ အမြဲလိုလို ရန်ပုံငွေ ရဖို့ တောင်းခံနေမယ့်
အစား ဒီအသင်းအဖွဲ့တွေ ဒီစီမံကိန်းတွေ သက်ဆိုးရှည်အောင်လို့ ကိုယ့်အားကိုယ်ကိုးနိုင်ဖို့
လေ့လာလုပ်ဆောင်ကြရမယ်လို့ သူကပြောပါတယ်။ အစကနဦးမှာ မတည်ငွေ ဘတ် ၁သိန်း ရှိရာကနေ အခုတော့
ဘတ်သန်း ၂၀ ထိရှိလာပြီမို့ သူ့အသင်းဟာ ခိုင်မာစွာ ရပ်တည်နေနိုင်ပြီ ဖြစ်တယ်။
လက်ရှိမှာ
ကျန်းမာရေး ကောင်းမွန်နေပေမဲ့ တစ်နေ့မှာတော့ ရောဂါက သူ့ကို ဖိစည်းလာမယ် ဆိုတာကို ပင်းကြိုင်က
သိထားပါတယ်။ အခုချိန်မှာ သူဟာ အရိုက်ရာကို ဆက်ခံနိုင်ဖို့ သူ့လိုပဲ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့
Community Health Center ဆက်လက် တည်ရှိနေနိုင်ဖို့ အခြားသူတွေကို သင်ကြားပေးပါတယ်။
ကျမ
မရှိတော့တာနဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းသွားမှာကို မလိုလားပါဘူး ဆိုတာကတော့ ပင်းကြိုင်ရဲ့
ဆန္ဒပဲ ဖြစ်ပါတယ်။
အေးမြချမ်း
၏ “ကမ္ဘာကြီးကို ဆေးကုပေးပါ” စာအုပ်မှ ကူးယူဖေါ်ပြပါသည်။




