11
Oct

ခွဲခြားဆက်ဆံမှုကြောင့် HIV ဝေဒနာသည်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာ

ခုခံအားကျဆင်း သည့်ရောဂါ (HIV/AIDS) ကူးစက်ခံရသူများသည် ယခုထက်တိုင် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးမှုနှင့် လူမှုရေး ဆိုင်ရာ ခွဲခြားဆက်ဆံမှုများ ခံစားနေရကြောင်း အိပ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးတွင် ပါဝင်အကြံပေးသူ ဒေါ်စုစုလှိုင် က People Power ညနေခင်း သတင်းစာသို့ ပြောကြားသည်။

လုပ်ငန်းရှင်များ က HIV/AIDS ဝေဒနာသည်များကို ပယ်ရှား၍ အလုပ်မပေးခြင်းကြောင့် ၎င်းတို့အတွက် အလုပ်အကိုင် ရှားပါး၍ ၀င်ငွေမလုံ လောက်ခြင်းပြဿနာများ ဖြစ်ပေါ်ပြီး လူမှုရေးပြဿနာ များစွာကို ရင်ဆိုင်နေရကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“အလုပ်ဆိုတာ သူတို့လို လူမျိုးတွေအတွက် ပိုလိုအပ်တယ်။ သူတို့နဲ့ လုပ်ငန်းခွင်မှာ ထိုက်တန်တဲ့နေရာတွေ အများကြီး ရှိတယ်။ သူတို့ကို ပစ်ပယ်လိုက်ရင် နစ်နာ ဆုံးရှုံးနိုင်တယ်။ အမှောင်ထဲမှာမငိုကြွေးစေချင်ဘူး” ဟု ဒေါ်စုစုလှိုင်က ပြောကြားသည်။

HIV/AIDS ဝေဒနာသည်များသည် ARTဆေးသောက်သုံး ခြင်းဖြင့် သာမန်လူများကဲ့သို့ပင် လှုပ်ရှားသွားလာနိုင်သည့် အချိန်မျိုးတွင် လုပ်ငန်းရှင်များအနေဖြင့် တတ်စွမ်းသည့်ဘက်မှ ၎င်းတို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ဟု ၎င်းက သုံးသပ်သည်။

HIV/AIDS ရောဂါသည် အဆင့်အတန်း မရွေး၊ အသက်အရွယ်မရွေး ဖြစ်တတ်ပြီး အဆိုပါ ရောဂါဖြစ်သည့် လူနာများကို မိသားစု ပတ်ဝန်းကျင်ကနွေးထွးစွာ ဆက်ဆံသင့်ကြောင်း HIV/AIDSဝေဒနာသည်များကို ကူညီစောင့်ရှောက်ပေးနေသော အဖွဲ့ များထံမှ သိရသည်။

“စီးပွားရေးလုပ်တဲ့ လူကတော့ give and take ရှိမှပေးမယ်။ ဒီမှာကတော့ အဲဒီလို လူတွေအတွက် အသိတရားရှိရှိနဲ့ အလုပ်ပေးတယ် ဆိုတာက နည်းပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးမြင့်စိုးက ပြောကြားသည်။

လူမှုပတ်ဝန်းကျင်တွင် ယင်းရောဂါ ရှိသူများကို ခွဲခြား ဆက်ဆံခြင်းကြောင့် ရောဂါကို ပိုမိုပြန်နှံ့စေနိုင်ပြီး ဝေဒနာသည်များကို ၎င်းတို့ ရောဂါ အကြောင်း ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုနိုင်အောင် လူမှုပတ်ဝန်းကျင်မှ အကူအညီ ပေးသင့်ကြောင်း HIV/AIDS ဝေဒနာသည်များကို ကူညီ စောင့်ရှောက်ပေးနေသော မေတ္တာရတနာ အဖွဲ့နာယက ဦးမြင့်ဆွေက သုံးသပ်ပြောကြားသည်။

အဆိုပါ ဝေဒနာသည်များကို ခွဲခြားဆက်ဆံမှု လျော့နည်းစေရန် လူမှုအဖွဲ့အစည်း အသီးသီးတွင် တာဝန်ရှိပြီး လိုအပ်သည်များကိုလည်း ကူညီ ဆောင်ရွက်ပေး သင့်ကြောင်း HIV/AIDS ဝေဒနာသည် များကို ကူညီစောင့်ရှောက်ပေးနေသူများက ဆိုသည်။

ရေးသားသူ - မေလွင်

People Power

Myanmar Online News - ခွဲခြားဆက်ဆံမှုကြောင့် HIV ဝေဒနာသည်များအတွက် အလုပ်အကိုင် အခွင့်အလမ်းနည်းပါးလာ

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top