“ဘာ…… တေဇာအိပ်ယာထဲလဲနေတယ်..ဟုတ်လား.. မဖြစ်နိုင်တာဟာ ပြီးခဲ့တဲ့နှစ်ပတ် လောက်ကပဲ ငါနဲ့အတူတူ လဘက်ရည်ဆိုင်ထိုင်ပြီး ခွီကြ သေးတယ်.. အဲနေ့က ရုပ်ရှင်တောင် တူတူ ကြည့်လိုက်သေး”
“ဟာ.. စွမ်းထက်ကလည်းဟာ…တကယ်ဟ… ဒီနေ့ပဲ ငါသူ့ကို MDM ကိုပို့ပြီး ပြန်လာတာ… သူ့လည်ပင်းကအကျိပ်ထွက်နေတာ ကြာပြီမလား.. အဲက တည်းက သွေးစစ်ပြီးသား.. မင်းကိုသာငါတို့မပြောသေးတာ… HIV reactive ဖြစ်နေတာကို သူ့ CD4 က ၁၀၅ ပဲရှိတော့တာ…ခု တီဘီ ၀င်တော့ ပြီးခဲ့တဲ့အပတ်က တီဘီဆေးကို စတိုက်တာ… ဆေးကပြင်းတော့ လူကမခံနိုင်ဘူး…ခု လမ်းတောင် သိပ်မလျှောက်နိုင်ဘူး.. တော်တော်လည်း ပိန်သွားတယ်….”
“ဟာ… ဖြစ်မှဖြစ်ရလေဟာ… အစကတည်းက ပြောသားပဲ သွေးကိုကြိုစစ်ပါလို့.. ပုံမှန်စစ်ပါလို့.. ကိုယ်ကကြိုသိရင် ဘာမှခုလို လဲသွားစရာကိုမရှိဘူး… ကြိုတင်ပြင်ဆင်ထားလို့ရတယ်…ခုကြည့်..လဲ ပြန်ပြီတစ်ယောက်.. ဒါနဲ့ပဲ ငါတို့သူငယ်ချင်းအုပ်စုထဲမှာ ဘာမှမကျန်တော့ဘူး အကုန်ဆေးသောက်နေ ရတဲ့ဘ၀ ရောက်ကုန်ပြီ.. အဲဒါတွေကြောင့် ငါက သွေးကို ပုံမှန်အမြဲစစ်နေတာ… မင်းတို့လည်း ကိုယ်တိုင်က ဆေးသောက်နေရပြီး ကိုယ့်သူငယ်ချင်းတွေကို နည်းနည်း လမ်းညွှန်ပြသမယ်မရှိဘူး…. ”
“တိန်… ဟေ့ကောင် … ဘာမှမဆိုင်ဘူးငါတို့နဲ့.. ပြောတာပဲဟ.. သူကပြောတာပဲ မရှိဘူး စစ် တယ်နဲ့ ခုမှဗြုန်းစားကြီးသိတာဟ..”
“ဟွန်း.. စိတ်ညစ်တယ်…. HIV ကူးနေကြတော့တာပဲ… အဲဒါကွန်ဒုံးမသုံးလို့ကူးခံရတာလေ… ကိုယ်ဖြစ်တော့လည်း ကိုယ်ပဲခံရုံပေါ့… ငါက ဘာမှ ဖြစ်စရာမရှိဘူး…”
“အေးပေါ့စွမ်းရာ…မင်းကတော့ ပြောအားရှိတာပေါ့ မင်းမှာမှ မရှိသေးတာ…ကိုယ်တိုင်ခံစားရမှပဲ ကိုယ်ချင်းစာနိုင်မှာပေါ့…ငါတို့ကတော့ ဆေးသောက်နေ ရတော့ ရုံတင်ပြီးကားပေါ့.. ဟိုကောင်တေဇာကတော့ ခုမှ ရုံတင်ဆဲကားပေါ့ကွာ.. ဟားဟား မင်းလည်းဘယ်နေ့မှ ကယ်ပါ ယူပါတဆာဆာအော်မလည်းစောင့်ကြည့် သေးတာပေါ့ကွာ”
“အောင်မယ်.. ငါကဘာဖြစ်လို့ ရှိရမှာလည်းဟ…ဝေးသေး ရှိရအောင်လည်း မင်းတို့မဟုတ် ဘူး… ငါ့်ခြောက်ံသက်က မင်းတို့ထက်နှစ်ဆရှိနေပြီ.. ဒီနေ့အထိ နိုးပဲ.. ရှိရအောင်လည်း မင်းတို့လို ပို့ပို့ ကြိုကြို ကွန်ဒုံးသုံးချင်မှသုံးတဲ့ကောင်မဟုတ်ဘူးလေ.. မှတ်ထားလိုက်…”
“အေးပေါ့ကွာ… ငါတို့က ဘာမှမသိတတ်တဲ့အချိန်မှာ ခံလိုက်ရတာပါ… မင်းက ကျောင်းမှာကတည်းက ဘယ်လိုကာကွယ်ရမယ်ဆိုတာကို ကြိုသိလိုက် လို့ပါ…. အေးပေါ့ မင်းက ကိုယ်ချင်းမှမစာတတ်ပဲ ပြောမှာပေါ့ ….. ထားပါ.. မင်းကိုပြောရင်လည်း ငါတို့ကို လာပြီးဝုန်းနေမှာပဲ… ခွဲခြားနေမှာပဲ..ဟိုကောင် ရဲမာန် လာရင် တေဇာဆီသွားမလို့ မင်းကောလိုက်မလား…”
“အေး… လိုက်မယ် ၀င်းထွေး.. တွေ့မှ ဒီကောင့်ကို ၀ုန်းရဦးမယ်.. ဒီလောက်ပြောထားတာကို.. စကားကို နားမထောင်ဘူး… သူငယ်ချင်းတွေကို တိုင်ပင်မယ် လည်းမရှိဘူး..”
“ဟာ..မင်းကလည်းကွာ… ဟိုမှာက လဲနေပြီဟ သွားမပြောနဲ့လေ.. ခုမှပြောလည်း ဘာမှမထူးပါဘူး…. တိုင်ပင်တယ်မတိုင်ပင်ဘူးဆိုတာကလည်းကိုယ်ဖြစ် နေတာကို လျှောက်ပြီးပြောပြ ချင်တိုင်းပြောပြလို့ ဖြစ်တာမဟုတ်ဘူးဟ… အရာရာကိုချင့်ချိန်ပြီးမှ ဖွင့်ပြောသင့်တဲ့သူကိုပဲ ဖွင့်ပြောရ တာမျိုး… မင်းကဒါတွေ နားလည်မယ့်ကောင်လည်းမဟုတ်ပါဘူး…”
“မသိဘူးဟာ… အဲဒါတွေကိုမုန်းတာ.. ဘာကြောက်စရာလိုလို့လည်း.. ဘာရှက်နေစရာလိုလို့ လည်း… ဖြစ် ဖြစ်တယ်ပေါ့…. ရှိ..ရှိတယ်ပေါ့… ကိုယ်လုပ်ခဲ့ တာပဲ.. ဖြစ်မှ ရှက်နေကြောက်နေလို့ အလကားပဲ…”
“မပြောတော့ပါဘူး စွမ်းထက်ရာ… မင်းကိုယ်တိုင်ခံစားရမှ နားလည်လာလိမ့်မယ်..တော်ပီ ဒါပေမယ့် ဟိုကောင့်ကိုတော့ သွားမပြောပါနဲ့ဟာ… ဟိုမှာလူက ယဲ့ယဲ့ပဲရှိတော့တာ..အချိန်ပြည့် ငိုနေ တာ..မင်းပြောမှ ပိုဆိုးသွားပါဦးမယ်.. ဒီအချိန်က အားငယ်နေတဲ့အချိန်ဟ.. အားပေးစကားပဲပြောရ မဲ့အချိန်…”
ဝင်းထွေးမှာ သွားမပြောနဲ့ဟု ပြောလိုက်သော်လည်း စွမ်းထက်မျက်နှာကို ကြည့်လိုက်က တည်းက ဒီကောင် ပြောမှာဆိုတာကို သိနေပြီးဖြစ်လေသည်…. ထိုအချိန်တွင် ရဲမာန်မှာ ဆိုင်ထဲ ၀င်လာပြီး ၀ိုင်းကိုဝင်ထိုင်လိုက်သည်နှင့် စွမ်းထက်မှာ…
“တမနက်လုံးဘယ်ပျောက်နေတာလည်းဟ…. ငါတို့က မင်းမလာတော့ဘူးထင်လို့..”
“MDM သွားတာလေ…သွေးသွားဖောက်တာ ”
“အော် ရက်ချိန်းလား”
“ရက်ချိန်းပဲနေမှာပေါ့ ၀င်းထွေးရာ.. ဒီကောင်လည်း ပေါ့စတစ်ဟာကို..”
“မင်းကတော့လေ..အေးပါ စွမ်းထက်ရာ… နေပါဦးငါကို ပေါ့စတစ်လို့ ဘယ်သူပြောတာလည်း .. ငါသွေးသွားစစ်တာက HIV မဟုတ်ဘူးဟ..ငါ့မှာမှ HIV မရှိတာ … CD4 လေးပဲ သွားစစ်တာ… ဟားဟား”
ရဲမာန်ရဲ့ အရွမ်းဖောက်စကားကြောင့် အားလုံးရယ်မိလိုက်ကြလေသည်… ထို့နောက် သုံး ယောက်သား တေဇာရဲ့ အိမ်ကိုချီတက်လိုက်ကြလေသည်… တေဇာဆီသို့ရောက်ပြီး တေဇာကို မြင်လိုက်ရချိန်တွင်
“ဟာ…. မင်းဒီလောက်ထိ ဂျုံးသွားတာလား…အရိုးပေါ်အရည်တင်ပဲကျန်တော့တယ်.. လက်မှာကော ခြေထောက်မှာကော အနာတွေ ပေါက်နေပါလား…တစ်ကိုယ်လုံးလည်း ရစရာကို မရှိတော့ပါလား… မင်းကတော့ကွာ…”
စွမ်းထက် တွေ့ရာတွေစွတ်ပြောနေသည့်အတွက် တေဇာမှာ မျက်ရည်များစို့လာပြီး ငိုလေတော့ သည်.. ထက်ဝေမှာ စွမ်းထက်ကို အပြင်သို့ ဆွဲခေါ်သွားပြီး..
“မင်းကလည်းကွာ ပြောသင့်မပြောသင့် နည်းနည်းတော့ချိန်ဦးပေါ့ဟ… ဒီအချိန်မှာက အရမ်း အားငယ်နေတဲ့အချိန်.. ကိုယ်တွေက အားပေးရမယ့်အချိန်…ခုမင်းက ရွံသလိုလို..ဘာလိုလိုနဲ့ လျှောက်ပြောနေတာ ဟိုမှာဝမ်းနည်းနေပြီ… နည်းနည်းတော့သိဦးပေါ့ကွာ”
“ဟာ..ငါကလည်း အမြင်ကိုပြောတာလေဟာ… ဒါမျိုးအပြောမခံချင်ရင်… မဖြစ်ချင်ရင် ကိုယ့်ဟာကိုယ်စောစောကတည်းက ကာကွယ်ထားကြပေါ့… ဖြစ်ရင်တော့ ပြောမှာပဲ.. ”
ဝင်းထွေးမှာ စွမ်းထက်ကို ဘာမှမပြောတော့ပဲ တေဇာဆီသို့သာ လှည့်ထွက်သွားလေသည်.. စွမ်းထက်မှာ ထိုကဲ့သို့ ပြောတတ်သည့်အကျင့် ရှိနေသည် ကိုလည်း သိထားကြသူများပီပီ ပြောလည်း ဘာမှမထူးဘူးဆိုတာကိုသိနေကြလေသည်…
စွမ်းထက်မှာလည်း ကိုယ့်သူငယ်ချင်းကို ဂရုဏာဒေါသဖြစ်ပြောခြင်းဖြစ်ပြီး သူငယ်ချင်းမှာ ယခု လို ဝေဒနာခံစားနေရသည်ကိုလည်း မကြည့်ရက်သည် လည်းပါလေသည်… စိတ်ထဲမှလည်း သူတို့ ဘာလို့ စောစောမကာကွယ်ကြလည်း.. ဘာလို့ ငါတို့ကိုမတိုင်ပင်တာလည်း.. နောက်ကျမှ သိတော့ ခုလိုခံရတာပေါ့… ဟု တွေးနေမိလေသည်.. တကယ့်တကယ်တော့လည်း ဒီသူငယ်ချင်း အုပ်စုထဲမှာ သူတစ်ယောက်တည်းသာလျှင် ရောဂါကင်းကင်းနဲ့ ကျန်နေတာဖြစ်လေသည်… သူ့မှာ လိင်ဆက်ဆံ တိုင်းကွန်ဒုံးအမြဲသုံးတတ်သည့်အကျင့်ရှိနေသည်ကိုက သူ့အတွက် ဒီရောဂါ ဆိုးကြီးမှ လွတ်မြောက် နေစေခြင်းဖြစ်လေသည်… ကွန်ဒုံးသုံးဖို့နဲ့ ဒီရောဂါ ရဲ့ ကြောက်စရာ ကောင်းပုံတွေကို ကိုးတန်းကျောင်း သားဘ၀က ကျောင်းမှာလာပေးသော ကြက်ခြေနီသင်တန်းရဲ့ အကျိုးကျေးဇူးကြောင့် သိခွင့်ရလိုက် ခြင်းက လည်း ကိုယ့်အတွက်ကံကောင်းစေခြင်းလို့ ဆိုရမလားပင်…. ဒါပေမယ့် ကိုယ့်မှာလည်း ကျမ်းမာရေးနှင့်ဆိုင်တဲ့ ဗဟုသုတတွေ အများကြီး ရှိနေတော့ ဒီရောဂါကို ကြောက်စရာရောဂါ ..ရွံစရာရောဂါလို့ မထင်မြင်မိတော့ပေ… ထို့ကြောင့် သွေးစစ်တိုင်း ကောင်စဲလာမှ တကယ်လို့ ရှိတယ်အဖြေထွက်ရင် ဘယ်လိုခံစားရမလည်း လို့မေး တိုင်း ဘာမှမဖြစ်ပါဘူး.. ရှိတော့လည်းရှိပေါ့.. ကိုယ်ကတော့ မရှိအောင် ကာကွယ်ထားတာပဲ အခန့်မသင့်လို့ ရှိသွားရင်လည်း ဘာမှမဖြစ်ပါဘူး…
အေးဆေးပါပဲ ကြိုပြီး ပြင်ဆင်ထားလို့ရတာပေါ့ဟုသာ ဖြေခဲ့သည်ချည်းဖြစ်လေသည်…. ကိုယ်ကလည်း လိင်ဆက်ဆံရင် ထိုးသွင်းခံသူဘက်မှ ဆက်ဆံသည် သာများသည်ကတစ်ကြောင်း…လိင်ဆက်ဆံဖက်တွေများသည်က တစ်ကြောင်းကြောင့် ကူးစက်နိုင်ခြေမှာ များသည့်သူပဲဖြစ်နေလေသည်.. ဒါပေမယ့် မကူးအောင် ဘယ်လိုကာကွယ်ရမလည်းဆိုတာကို သိရှိနားလည်နိုင်သည့်သူဖြစ်သည့်အတွက် ယနေ့အထိ လက်မထောင်နေနိုင်ခြင်း ဖြစ်လေသည်… တခါတရံ သူငယ် ချင်းတွေက ကိုယ်ချင်းမစာတတ်သူ…ခွဲခြားတတ်သူ… စသဖြစ် စွပ်စွဲ ပြောဆိုနေသော်လည်း ကိုယ်က မရှိသည့်သူဖြစ်သည့်အတွက် ကိုယ်ချင်းလည်း မစာနိုင် ပါဘူး… ပြောစရာရှိတာပြောရမှာပဲ.. ခွဲခြားစရာရှိရင်ခွဲခြားရမှာပဲ.. သူတို့ဟာသူတို့ မဟုတ်တာလုပ်လို့ ကူးခံရ ပြီးမှ ကိုယ်က ကိုယ်ချင်းစာပြီး ဖေးမနေရဦး မှာလားဟုပဲ စိတ်ထဲမှာ တွေးမိလေသည်..
ဒီနေ့ တေဇာအား ART ဆေး စပေးမည့်နေ့ဖြစ်သဖြစ် သူငယ်ချင်းသုံးယောက် တေဇာအား MDM သို့ အတူတကွလိုက်ပို့ဖြစ်ကြလေသည်.. တေဇာမှာ တီဘီဆေးကို ခံနိုင်ရည်ရှိလာသော ကြောင့် ပြန်လည်ဝဖြိုးလာလေသည်… MDM တွင် တေဇာကိစွပြီးပြီးနောက် လေးယောက်သား MDM မှအထွက် လမ်းထိပ် ရောက်ခါနီးတွင် စွမ်းထက်လုံးဝကြည့်မရဘူးဆိုသော ဝေလင်း နှင့် တွေ့ရာ ဝေလင်းမှ
“စွမ်းထက်…မင်းက ငါ့ကိုပြောတယ်ဆို……. သေခါနီးကို ရိပ်ခါယူနေတာဆို… သူငယ်တွေကို လျှောက်ဖျက်ဆီးနေတာဆို… ”
“အေးလေ.. ဟုတ်တယ်လေ.. ပြောတယ် ဘာဖြစ်တုန်း.. မင်း သူငယ်စားတာ ကွန်ဒုံးမပါပဲနဲ့ စားတာတွေ..တစ်ညတည်း ဆယ်ယောက်ဆယ့်ငါးယောက် စားတာ တွေလေ… ဟုတ်တာကိုပြောတာ ဘာဖြစ်လည်း…”
“အေး… ငါ့ဟာငါဘယ်လောက်စားစား မင်းအပူပါလို့လားဟ… ငါကွန်ဒုံးပါမပါ မင်းသိလို့လား.. ”
“သိတယ်လေ ..သိလို့ပြောတာပေါ့… ”
“အေး.. ငါ့ဟာငါ ဘာပဲလုပ်လုပ် ငါ့သမိုင်းပါ….မင်းဘာမှဝင်ပြောစရာမလိုဘူး… မင်းကျတော့ ကော… စောက်ရုပ်စောက်ရည်လေးနဲ့မှမလိုက် မောက်မာရိုင်း စိုင်းနေတာ.. လူတိုင်းမင်းကို အော်ကြော လန်နေတာ.. ကိုယ့်ဟာကိုပြန်ကြည့်ပြီးမှ ကျန်တဲ့သူကိုပြော နားလည်လား..”
“အောင်မာ..မင်းက ဘာကောင်မလို့ငါ့ကိုလာပြောနေရတာလည်း…လှတာကိုး မင်းစောက်ခွက်က . မင်းငါ့ကိုပြောချင်ရင် မင်း ART ဆေးသောက်နေရလို့ ဆိုဒ်အဖက်ဖြစ်ပြီး ကျနေတဲ့ စောက်ခွက်ကြီးကို အရင်ပြည့်အောင်ဖြည့်ပြီးမှ ငါ့ကိုလာပြော.. သိရဲ့လား… ကိုယ့်ဘ၀ကိုယ်သိ… ကိုယ်အကြောင်း ကိုယ်သိ…မင်းလို သေစားရင်းဝင်နေတဲ့ ကောင် မဟုတ်ဘူး…နားလည်လားဟ..”
“ဟာ… စွမ်းထက်ကလည်းကွာ…လာလာ..တော်ပီ တော်ပီ.. ဝေလင်းရာ… သူငယ်ချင်းရာ တောင်းပန်တယ်ကွာ… ဒီကောင်က ဒီလိုပဲဟာကို မင်းကလည်း.. တော်ကြပါတော့ကွာ…”
အခြေအနေတင်းမာလာကြသည့်အတွက် ၀င်းထွေးနှင့် ရဲမာန်မှာနှစ်ယောက်ကြားကို ၀င်ဖြန်ဖြေပေးရင် တစ်ယောက်ချင်းဆီကို ဆွဲခေါ်ထုတ်သွားကြ လေသည်… တေဇာမှာ ခေါင်းလေး ကုတ်ခါဖြစ် စိတ်ညစ်ပါတယ်ဟုသာငြီးနေလေတော့သည်……..
ဒီနေ့ စွမ်းထက် Right ဓာတ်ခွဲခန်းသို့ ထွက်လာခဲ့လေသည်… သူလျှောက်ထားသော နိုင်ငံခြားကျောင်းမှ စကောလားရှစ်အတွက် ဆေးစစ်ချက် လိုအပ် သဖြစ် လာရောက်သွေးစစ်ခြင်း ဖြစ်လေသည်.. တကယ့်တကယ်မှာစွမ်းထက်စိတ်ထဲတွင် သွေးမစစ်ချင်သေးပေ… ပြီးခဲ့တဲ့ ငါးလ လောက်ကညတညကို စွမ်းထက် မှာ မှတ်မိနေလေသေးသည်… သင်္ကြန်မကျခင်တစ်ရက်…. ကလပ် တွင်လူစည်သောရက်တစ်ရက်… နောက်ရက်တွေ သင်္ကြန်ကျမည်ဖြစ်သဖြစ် ကလပ်တွင်လူစည် ကား ကြပ်ညပ်နေသောရက်တစ်ရက်… အရက်ကို မူးအောင်သောက်မိသဖြစ် တော်တော်ကိုမူးလည်းမူး.. ဆေးလေးနည်းနည်းလုပ်ထားသဖြစ် လူကတကြွကြွ…အဲအချိန်မှာ ရဲရဲတင်းတင်း လှုပ်ရှားလိုက်သော ကြောင့် ရရှိသော ကောင်လေးတစ်ယောက်နဲ့အတူ တည်းခိုခန်းကို သွားမိတဲ့အဖြစ်….
အရက်နဲ့ ဆေး အရှိန်ကြောင့် တက်ကြွနေတဲ့စိတ်နောက်ကိုလူကလိုက်မိတဲ့အတွက် ကွန်ဒုံးကိုလုံးဝမသုံးမိတဲ့ ကိုယ့် ရဲ့အဖြစ်ပါပဲ… အဲကောင်လေးနဲ့ တစ်ညတည်း သုံးခါဆက်ဆံမိခဲ့ပြီး ကွန်ဒုံးသုံးခါလုံးမပါခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် သိပ်စိတ်မချချင်ဖြစ်နေသောကြောင့် ယခုတစ်ကြိမ်သွေးစစ်ရမည့်အလှည့်တွင် စိတ်တထင့် ထင့် ဖြစ်နေခြင်းဖြစ်လေသည်… သို့ပေမယ့် စိတ်ထဲတွင်.. အိုး.. တခြားသူတွေ ဒီလောက် ကွန်ဒုံး တွေမပါပဲ ဆက်ဆံကြတာတွေရှိနေတာပဲ… သူတို့တောင်ကူးချင်မှ ကူး တာ.. ငါက ဒီတစ်ယောက် လောက်နဲ့ကူးချင်မှကူးမှာပါ… သူ့မှာလည်း ရှိချင်မှရှိမှာပါပဲဟာ.. ဟုစိတ်ကိုဖြေတွေးရင်း မစစ်မဖြစ်စစ်ရမည်လည်းဖြစ်သဖြစ်သွေးစစ် လိုက်ရလေသည်… အဖြေရသည့်အခါ အဖြေစာအိပ်ကို ချက်ချင်း မဖောက်ဖတ်ဖြစ်သေးပဲ လမ်းရောက်မှ ဖောက်ကာ အဖြေစာရွက်ကို မရဲတရဲ ဖွင့်ကြည့်လိုက် လေသည်…….
HIV
First Rapid Test - Reactive
Second Rapid Test - Reactive
စွမ်းထက်မှာ မျက်လုံးများ ပြာဝေသွားပြီး မိမိအဖြေကို မယုံကြည်နိုင်ဖြစ်နေလေသည်.. မဖြစ်နိုင်ဘူး…ဘယ်လိုမှမဖြစ်နိုင်ဘူးဟုလည်း စိတ်ထဲမှ အကြိမ်ကြိမ် ပြောရင်း… ထိုနေရာတွင်ပင် ရှိုက်ကြီးတငင် ငိုချမိလေတော့သည်… လမ်းသွားလမ်းလာပတ်ဝန်းကျင်မှလူတွေကိုလည်း ဂရုမစိုက် နိုင်တော့ပဲဝမ်းနည်းပက်လက် ငိုမိလေတော့သည်… စိတ်ထဲမှလည်း… သွားပြီ… ငါ့မှာ ဒီပိုးကြီးရှိနေ ပြီ… ဘယ်လိုလုပ်ရမလည်း… ငါခု ပိုးသယ်ဆောင်သူဖြစ်နေပြီ.. ငါဘယ်သူ့ကိုပြောရမလည်း… ငါဘယ်သူ့ကိုတိုင်ပင်ရမလည်း… ငါ့ဘ၀တော့ သွားပါပြီဟာ… ဟုစိတ်ထဲမှ ပြောလည်းပြော လူက လည်းငိုရင်း ခြေဦးတည့်ရာလျှောက်သွားနေမိလေသည်…
အားလုံးမှလည်း တအံ့တသြသူ့ကိုကြည့် ကြည့်သွားကြလေသည်…. ထိုကြည့်သွားကြသော မျက်လုံးမျာကို စွမ်းထက်စိတ်ထဲတွင် သူ့ကို မသတီသည့် အကြည့်များ အဖြစ်သာ မြင်နေမိလေတော့သည်… ထို့ကြောင့် စွမ်းထက်မှာ အိမ်သို့ အမြန်ပြန်ပြီး မိမိအခန်းသို့ဝင်ကာ ရှိုက်ကြီးတငင်အော်ဟစ်ငိုမိလေသည်.. မိမိမှာမည်သူ့ကိုမှ လည်း ဖွင့်မပြောရဲ… ရင်ဖွင့်ချင်ပေမယ့် မည်သူ့ကိုယုံကြည်ရမည်လည်းမသိတော့…. ဒီပိုးရှိတာကို မကြောက် ပေမယ့် မိမိရဲ့ စိတ်အလိုလိုက်မှုကိုဝမ်းနည်းခြင်း…မိမိရဲ့မိုက်မဲမှုကိုသာ ၀မ်းနည်းနေခြင်းဖြစ်လေသည်.. ထို့နောက် စွမ်းထက်မှာ ဟာ.. ဒါဝဋ်လည်တာလား.. ငါသူများတွေကိုပြောမိသမျှပြန်ခံရတာလား….ငါကိုယ် ချင်းမစာတတ်ခဲ့တာ…. ခုတော့ ငါကိုယ်တိုင်ခံစားရတော့မယ့်ဘ၀ရောက်မှ သိခဲ့ရတော့တာပါလား… ခွင့်လွှတ်ကြပါ… ငါ့ကိုခွင့်လွှတ်ကြပါ…
ငါခုကိုယ်တိုင်ခံစားနေရပါပြီ…. သူငယ်ချင်းတွေကို ဖွင့်ပြောတိုင်ပင်ဖို့ ငါစိတ်မလုံသေးဘူး… ငါ ဖွင့်အသိမပေးရဲသေးဘူး.. ခုတော့ ငါနားလည်ပါပြီဟာ…နားလည် ပါပြီ.. ... ပိုးရှိနေပေမယ့် ငါချက်ချင်းမသေနိုင်သေးပါဘူး… ငါ့ကိုယ်ငါဂရုစိုက်နိုင်ရင် ရှစ်နှစ်ဆယ်နှစ်ကောင်းကောင်းနေလို့ရတယ်ဆိုတာငါသိပါတယ်.. ငါဘာမှ စိတ်ဓာတ်မကျပါဘူး….. ဒါပေမယ့် ၀မ်းနည်းတယ်… ဘယ်သူ့ကိုဖွင့်ပြောရမလည်း… ငါမသိဘူး.. မျက်ရည်တွေအလိုလိုကျလာမိတာကို အပြစ်လို့ပြောရမလား… လူဆိုတာ ကိုယ်တိုင်ခံစားရမှ နားလည်တတ်တယ်ဆိုတာ ငါခု သိလိုက်ရပါပြီ.. ငါ့အတွက်ဒါကနောင်တလား… နောင်တ လို့ ပြောရင် တောင် ငါနောက်မကျသေးတဲ့ နောင်တလို့ပဲ ထင်ပါတယ်.. ငါ့မှာ အားလုံးကိုပြန်ပေးဆပ်ဖို့ အချိန်တွေ ရှိနေသေးတယ်…. အားလုံးအတွက် ပြန်ကူညီဖို့ အားတွေရှိနေသေးတယ်…
နောင်ဆို ငါအားလုံးကို ကိုယ်ချင်းစာစိတ်နဲ့ ဖေးမပါ့မယ်.. ကူညီပါ့မယ်… ငါက ခုတော့ ပိုးသယ်ဆောင်သူပါ.. ဒါပေမယ့် သယ်ဆောင်သူပဲဖြစ်စေရမယ်…ဘယ်တော့မှ ငါ့ကြောင့် တခြားလူငါ့လို မခံစားစေချင်ဘူး.. ဘယ်တော့မှ ပိုးဖြန့်ဝေသူမဖြစ်ရဘူး.. နောက်ဆို ငါ့ခွဲခြားမှုတွေကို ငါ့ရင်ထဲက ထုတ်ပယ်ပြီးတော့ နှလုံးသားကို ခန့်အပ်လိုက်ပါ့မယ်..အားလုံးကို ငါ့နှလုံးသားနဲ့ပဲ ကြင်နာမှုတွေနဲ့ပြန်လည်ပေးဆပ်ပါ့ မယ်သူငယ်ချင်းတို့ရာ……………………
( တိုက်ဆိုင်မှုများရှိလျှင်ခွင့်လွှတ်ပါရန်နှင့် တကယ့်ဖြစ်ပျက်သော အဖြစ်အပျက်လေးအား စိတ်ကူးနှင့် ပေါင်းစပ်ရေးသားထားခြင်းဖြစ်ပါသည်..)
ပါဝါ - ခွဲခြားမှုကို ရင်တွင်းမှ ထုတ်ပယ်၍ နှလုံးသားကိုခန့်အပ်သည်




