2
Dec

ခွဲခြားမှုမှ ရှောင်ကျဉ်ကာ ART လည်းပေးကြပါ

၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့၏ ဆောင်ပုဒ်မှာ “ခွဲခြား နှိမ်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေး ART ဖြင့် ကုသပေး” ဟူ၍ဖြစ်သည်။ ဆောင်ပုဒ်ကို အနက် အဓိပ္ပာယ် ဖွင့်ဆိုမည်ဆိုပါက အကြောင်းအရာနှစ်ခု ထွက်ပေါ်လာမည် ဖြစ်သည်။

ပထမ အကြောင်းအရာအဖြစ် HIV/AIDS ဖြင့် အသက်ရှင် နေထိုင်သူများကို ခွဲခြားမှု၊ နှိမ်ချဆက်ဆံမှုတို့ကို ရှောင်ကျဉ်ရန် ဆိုထားသည်။ ဒုတိယ အကြောင်းအရာမှာ သေဆုံးလျော့ပါးရန် ART ဖြင့် ကုသရမည်ဟု ဆိုထားသည်။

ဤဆောင်ပုဒ်ပါ အကြောင်းအရာများသည် တစ်ကမ္ဘာလုံးသို့ ရည်ညွှန်းထားပြီး လိုက်နာရန်နှင့် လုပ်ဆောင်ရန် လိုအပ်လှသည့် အကြောင်း အချင်းရာများ ဖြစ်သည်ကိုလည်း ငြင်းဆိုဖွယ်ရာ မဟုတ်ပေ။ မိမိတို့ မြန်မာနိုင်ငံ အတွင်းတွင်လည်း ခွဲခြားဆက်ဆံမှုများရှိနေသည်ဟု HIV/AIDS ဖြင့် အသက်ရှင် နေထိုင်သူများက ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်လာကြသည်။

HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းက မည်သည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်နည်းဟု စောကြောကြည့်မည်ဆိုပါက မည်သည့်ကောင်းကျိုးမျှ ရရှိမည်မဟုတ်ဘဲ ဆိုးကျိုးများသာ ဖြစ်စေ ပါလိမ့်မည်။

ခွဲခြားဆက်ဆံမှုကြောင့် ဆေးကုသမှုခံယူရန် စိုးရွံ့ကာ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရခြင်း၊ ခွဲခြားဆက်ဆံခြင်းကြောင့် သိမ်ငယ်စိတ်ဖြစ်ပေါ်ကာ အသက်ရှင်စဉ်အတွင်း လူ့အဖွဲ့အစည်ကောင်းကျိုးအတွက် တာဝန် မထမ်းဆောင်နိုင်တော့ခြင်းစသည့် အနုတ်လက္ခဏာဆောင်သော အချင်းအရာများသာ ပေါ် ထွက်လာမည်သာ ဖြစ်သည်။

HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများသည် လူသားများသာဖြစ်ရာ ယင်းတို့သည်လည်း လူ့အဖွဲ့ အစည်းအတွက် တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်နိုင်သူများအဖြစ် ရှုမြင်ကြရန်လည်း လိုအပ်သည်။ နှိမ်ချခြင်း၊ ခွဲခြားခြင်း၊ ပြစ်တင်ခြင်းတို့မှ ရှောင်ရှားကြရန် လိုအပ်သည်။

ကမ္ဘာ့ AIDS နေ့၏ဆောင်ပုဒ် ဒုတိယပိုင်းတွင် “ကူးစက် သေဆုံးမရှိရေး ART ဖြင့်ကုသပေး” ဟု ဆိုထားသည်။ မြန်မာနိုင်ငံတွင် HIV ဖြင့်အသက်ရှင်နေထိုင်သူ စုစုပေါင်း ၁၇၀,၀၀၀ မှ ၂၂၀,၀၀၀ ကြားရှိနေသည်ဟု ကုလသမဂ္ဂ အေအိုင်ဒီအက်စ်အဖွဲ့က ထုတ်ပြန်ထားရာ ဤသူအားလုံး ART ဆေးရရှိရန် လွယ် ကူနိုင်ချေမရှိသော်လည်း အများစုရရှိရန် အစိုးရအပါအ၀င်၊ အကူအညီပေးနေသည့် အဖွဲ့အစည်းများမှ ကြိုးစား သင့်လှသည်။

HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းမှ ရှောင်ကျဉ်ခြင်းအပြင်၊ ART ဆေးရရှိနိုင်ရန် ဆောင်ရွက်ကြမှသာ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ ၁ရက်တွင် ကျရောက်သည့် ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့၏ “ခွဲခြားနှိမ့်ချ ကင်းစင်ဝေး ကူးစက်သေဆုံး မရှိရေးART ဖြင့်ကုသပေး” ဟူသည့် ဆောင်ပုဒ်သည် အနှစ်သာရ ပြည့်ဝပေ လိမ့်မည်။

မဇ္ဈိမ - ခွဲခြားမှုမှ ရှောင်ကျဉ်ကာ ART လည်းပေးကြပါ 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top