HIV/AIDS ဖြင့် အသက်ရှင်နေထိုင်သူများကို ခွဲခြားဆက်ဆံခြင်းသည် အလွန်နိမ့်ကျသည့် စိတ်ဓာတ် ဖြစ်ပြီး ထိုအတိုင်းပြုမူပါက တိုးတက်သည့် လူမှု အသိုင်းအဝိုင်း ဖြစ်လာမည် မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် က ဝေဖန်လိုက်သည်။
မေလ ၂၆ ရက်တွင် ကျရောက်သည့် HIV/AIDS ဖြင့် ကွယ်လွန်သူများ အောက်မေ့ဖွယ် မီးထွန်းဆုတောင်းပွဲတွင် ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေး အဖွဲ့၏ ခွဲခြားဆက်ဆံမှု ပပျောက်ရေး အထူး သံတမန်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ခြင်းဖြစ်သည်။
''ပိုက်ဆံရှိလို့ အာဏာရှိလို့ သြဇာရှိလို့ မတော်မတရား အခြားလူတွေကို လုပ်ဖို့ကြံတဲ့ဟာတွေဟာ စာရိတ္တထဲမှာ ရှက်စရာ အကောင်းဆုံး မဟုတ်ဘူးလား။ ဒီလိုလူမျိုးတွေကျတော့ မျက်နှာချိုသွေးနေကြသူတွေ အများကြီးပဲ။ ဒီလိုလူတွေကို စာရိတ္တ ရောဂါရှိတယ်လို့ မသတ်မှတ်ဘဲ HIV/AIDS ရှိနေတဲ့ မောင်နှမသားချင်းတွေကို စာရိတ္တရောဂါ ရှိတယ်လို့ ဆိုတာဟာ လူသားတွေရဲ့ အားနည်းချက်ပါ'' ဟု ဒေါ်အောင်ဆန်းစုကြည်က အင်းယားလိတ် ဟိုတယ်တွင် ပြုလုပ်သည့် အခမ်းအနားတွင် ပြောသည်။
မီးထွန်းဆုတောင်းမှု အခမ်းအနားအပြီး ထုတ်ပြန်ချက်တွင်လည်း ခွဲခြားဆက်ဆံခြင်းသည် အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်းများဖြစ်သော ကာကွယ်ရေး၊ ကုသရေး၊ ပြုစုစောင့်ရှောက်ရေး လုပ်ငန်းများကို အဟန့်အတားဖြစ်စေသော အဓိက အချက်ဖြစ်သည်ဟု ထောက်ပြထားသည်။
အခမ်းအနားသို့ တက်ရောက်လာသည် HIV နှင့် အသက်ရှင်နေထိုင်သည့် တက္ကသိုလ်ဝင်တန်း ကျောင်းသူ တစ်ဦးကလည်း ''ပတ်ဝန်းကျင်ကလည်း သမီးတို့လို အိပ်ခ်ျအိုင်ဗွီ ပိုးရှိတဲ့ သူတွေကို အထင်သေး အပြစ်တင် ခွဲခြားဆက်ဆံမှုတွေ အများကြီးရှိနေပါတယ်'' ဟု ပြောသွားသည်။
ယင်းအပြင် HIV ဖြင့် အသက်ရှင်နေထိုင်သူများကို အလုပ်မှ ထုတ်ပယ်ခြင်းများ ရှိနေပြီး အလုပ်အကိုင် ရှားပါးမှုများဖြင့် ကြုံတွေ့နေရသည်ဟု HIV ဖြင့်နေထိုင်သူများကို အကူအညီပေးနေသူ စာရေးဆရာ လှိုင်-Peer က ဆိုသည်။
''အစိုးရ လုပ်ငန်းခွင်ဆို ပင်စင်ခံစားခွင့် ရှိပေမယ့် ပုဂ္ဂလိက လုပ်ငန်းခွင်များတွင်တော့ ဘယ်လိုခံစားမှုမျိုးမှ မရရှိတော့ပါဘူး။ လုပ်ငန်းခွင်ကို ကျောခိုင်းစွန့်ခွာခဲ့ရတဲ့ ပုဂ္ဂလိက လုပ်ငန်းမှ အလုပ်သမားများစွာတွေ့ နေရပါပြီ'' ဟု စာရေးဆရာက ပြောသည်။
HIV ကာကွယ်ရေးအတွက် နည်းပညာနှင့် ရန်ပုံငွေများလည်း လိုအပ်လျက်ရှိနေပြီး ကျန်းမာရေးကောင်းမွန်နေသော အိပ်ခ်ျအိုင်ဗွီ ရှိသူများကိုလည်း အရည်အချင်းအလိုက် အလုပ်အကိုင်၊ အခွင့်အလမ်းများ ဖန်တီးပေး ရန်လည်း မေ ၂၆ ရက် ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။
အိပ်ခ်ျအိုင်ဗွီ တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အနှောင့်အယှက်ဖြစ်စေသော ဥပဒေပုဒ်မများဖြစ်သည့် တရားမဝင် ဆေးထိုးအပ် ကိုင်ဆောင်မှု၊ ပြည့်တန်ဆာ ပုဒ်မများ၊ မူးယစ်ဆေးဝါး သုံးစွဲခြင်း ကုသမှု ခံယူရန် ပျက်ကွက်ခြင်း ပုဒ်မတို့ကိုလည်း လိုအပ်သလို ပြုပြင်ဖျက်သိမ်းမှုများ ပြုလုပ်ပေးရန် ကြေညာချက်တွင် ထပ်မံတောင်းဆိုထားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁ ခုနှစ် အတွင်း HIV ဖြင့် အသက်ရှင်နေထိုင်သူ ၂၂၀,၀၀၀ ရှိပြီး သေဆုံးသူ ၁၆၀၀၀ နှင့် ၂၀၁၂ ခုနှစ်တွင် သေဆုံးသူ ၁၅, ၀၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂ HIV/AIDS တိုက်ဖျက်ရေး အဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖေါ်ပြသည်။
မဇ္ဈိမ - ခွဲခြား ဆက်ဆံခြင်းသည် အလွန် နိမ့်ကျသည့် စိတ်ဓာတ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော




