၁၇
ဇွန် ၂၀၁၀ - ၂၀၀၅ ခုနှစ်ကတည်းက မြန်မာပြည်ကို အကူအညီ ပေးတာတွေ ရပ်ထားခဲ့တဲ့ ဂလိုဘယ်ဖန်း
အဖွဲ့ကြီးက ဒီနှစ်ကုန်ပိုင်းမှာ ပြန်ပြီး ပေးတော့မယ်လို့ အဲဒီအဖွဲ့ ပြန်ကြားရေးအရာရှိက
ပြောကြား လိုက်ပါတယ်။
အကူအညီပေးတာ
ဘာကြောင့်ရပ်နားခဲ့ရတာလဲ.. အခုပြန်ပေးတဲ့အခါ ဘယ်လိုထူးခြားမှုတွေ ရှိပါသလဲ… ဒါတွေကို
သိရအောင် ဂလိုဘယ်ဖန်း ပြန်ကြားရေးဌာန အကြီအကဲ ယွန်းလင်ဒန် (Jon Linden) ကို ဆက်သွယ်မေးမြန်း
ထားပါတယ်။
မြန်မာပြည်ကို
ဘယ်လိုအစီအစဉ်တွေနဲ့ စပြီး ကူညီမလဲလို့ မေးမြန်းတဲ့အခါ မစ္စတာ Jon Linden က ခုလိုစတင်
ဖြေကြားပါတယ်။
“ဂလိုဘယ်ဖန်းက
နှစ်နှစ်စာအတွက် ငွေတွေ ပထမဆုံး ပေးအပ်ကူညီမှာပါ။ နောက်မှ သုံးနှစ်စာ ထပ်ဖြည့်ပေးမှာပါ။
ဒါ့အပြင် ရလဒ်တွေက စစ်မှန်ဖို့ပါပဲ။ အစီအစဉ်တိုင်းကို ပြန်သုံးသပ်ဖို့ ရှိပါတယ်။ အဲဒီနောက်မှ
ပေးအပ်ထားတဲ့ အကူအညီတွေ ရည်မှန်းချက်ပေါက်ရဲ့လား ဆိုတဲ့အပေါ် အခြေခံပြီးမှ ရှေ့ဆက် ကူညီမှာပါ။”
“ဒါကြောင့်
ကနဦးနှစ်နှစ်အတွင်း အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ်အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၊ ဌက်ဖျားအတွက်
၃၈ သန်းနဲ့ တီဘီရောဂါအတွက် ၃၄ သန်း ကူညီဖို့ သဘောတူထားပါတယ်။ ဒါပေမယ့် အဲဒီငွေပမာဏကို
ချက်ချင်း တလုံးတခဲတည်း ပေးမှာမဟုတ်ဘူး။ သဘောတူထားတဲ့ ရည်မှန်းချက်ကို ပြည့်မီအောင်
တိုးတက်မှု ရှိရဲ့လားဆိုတဲ့ အချက်ပေါ်မူတည်ပြီး သုံးလစီခွဲပြီး ပေးသွားမှာပါ။ တနှစ်ကိုလေးကြိမ်ပေါ့။”
အကူအညီတွေ ရပ်ခဲ့တုန်းက ဂလိုဘယ်ဖန်းဘက်က
အကြောင်းပြချက် အထောက်အထားတွေ ရှိခဲ့ပါတယ်။ အခုပြန်စပေးဖို့ ဆုံးဖြတ်တဲ့ အခါကျတော့ရော။
“၂၀၀၅
ခုနှစ်တုန်းက မြန်မာပြည်ကိုပေးတဲ့ အကူအညီတွေကို ဖျက်သိမ်း ခဲ့ရတာကတော့ ကျနော်တို့ရဲ့
အကူအညီငွေတွေ အသုံးပြုမှုအပေါ် မြန်မာစစ်အစိုးရဟာ ကန့်သတ် ချုပ်ချယ်မှုတွေ လုပ်ခဲ့ တာကြောင့်ပါ။
ဆိုတော့… အလိုအပ်ဆုံးသော ပြည်သူတွေအတွက် အကူအညီတွေဟာ အကျိုးရှိပါရဲ့လား ဆိုတာကို ဆက်ပြီး
အာမ မခံနိုင်တော့လို့ပါပဲ။ ဂလိုဘယ်ဖန်းရဲ့ စည်းမျဉ်းတွေကတော့ သိပ်ကိုရှင်းပါတယ်။ ”
“ငွေတွေဟာ
လိုအပ်တဲ့သူတွေဆီ ရောက်ရဲ့လားဆိုတာကို ကျနော်တို့စိစစ်ဖို့ လိုပါတယ်။ ထောင်နဲ့ချီတဲ့
ပြည်သူတွေ ဆေးကုသမှု ခံယူနေရတယ်လို့ တိုင်းပြည်တပြည်က ပြောလာရင် အဲဒါကို ကျနော်တို့
မျက်မြင် ဒိဋ္ဌတွေ့ရဖို့ လိုပါတယ်။ အဲဒါမျိုး ၂၀၀၅ ခုနှစ်တုန်း မဖြစ်နိုင်ခဲ့ပါဘူး။ ဒါကြောင့်
မြန်မာပြည်ကို ပေးတဲ့အကူအညီတွေကို ရပ်ခဲ့တာပါ။”
“အခုလည်းပဲ
ကျနော်တို့ရဲ့ စည်းမျဉ်းတွေက တခုမှ ပြောင်းမသွားပါဘူး။ မူလအကူအညီတွေ ဆက်ပေးတာ .. ဒါမှမဟုတ်လည်း
ပြန်စပေးတဲ့လို့ပဲ ဆိုဆို အလွန့်အလွန် တင်းကျပ်တဲ့ နောက်ဆက်တွဲ ဆောင်ရွက်မှုတွေ ရှိပါတယ်။
အလွန်ကို ပွင့်လင်းမြင်သာမှု ရှိရပါမယ်။ ပေးလိုက်တဲ့ ငွေတွေဟာ ဆေးဝါးတွေ ဖြစ်သွားရဲ့လား။
ပြည်သူတွေရဲ့ ပါးစပ်ထဲ ရောက်ရဲ့လား ဆိုတာကို ကျနော်တို့ သေချာအောင် လုပ်ရမှာပါ။”
ဒီလိုစံနှုန်းမျိုး ပြည့်မီမယ်ဆိုတဲ့ အာမခံချက်
ရထားပြီလို့ ဆိုလိုတာလား။
မြန်မာစစ်အစိုးရ
ဆီကရော၊ အန်ဂျီအိုတွေနဲ့ မြန်မာပြည်က ကုလသမဂ္ဂ အဖွဲ့အစည်းတို့ ဆီကပါ အဲဒီအာမခံချက်ကို
ရထားပါတယ်။ နောက်တကြိမ် ထပ်ကြိုးစားဖို့နဲ့ ကျနော်တို့ရဲ့ ခရီးလမ်းမှာ အဟန့်အတား မဖြစ်စေရပါဘူး
ဆိုတဲ့ အာမခံချက်ပါ။ ဒါကို ကျနော်တို့က ယုံကြည်စိတ်ချပြီး တုံ့ပြန် ဆောင်ရွက်တာပါ။
ကျနော်တို့က အကူအညီပေးဖို့ ဆန္ဒရှိတယ်။ အရင်လို အဟန့်အတားတွေ ထပ်ဖြစ်လာဦးမယ် ဆိုရင်တော့
ကျနော်တို့မှာလည်း အကျပ်အတည်းနဲ့ ထပ်ကြုံရမှာပါ။
ဒါပေမယ့်
မြန်မာအစိုးရဟာ ကိုယ့်ပြည်သူတွေကို ရောဂါတွေရဲ့ ဘေးကနေ အကာအကွယ် ရတာကို မြင်တွေ့ ချင်မယ်လို့
မျှော်လင့်ပါတယ်။ ဒါ့ကြောင့် အကူအညီပေးရေး ဆောင်ရွက်မှုတွေ ရလဒ်တွေကို ပွင့်လင်းမြင်သာမှုရှိရှိ
ထိန်းချုပ်ခွင့်ပြုမယ်လို့လည်း မျှော်လင့်ပါတယ်။ ဒါမှလည်း မြန်မာပြည်မှာ လူ့အသက်တွေကို
ကယ်တင်ရာမှာ ကောင်းကောင်းမွန်မွန် အသုံးချနေပါတယ် ဆိုတာကို ကမ္ဘာ့ အသိုက်အဝန်းနဲ့ အကူအညီ
ရင်းမြစ်တွေ ဆီကို အာမခံချက် ပေးနိုင်မှာပါ။
အကူအညီပေးရေး ကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရကို
ဝေဖန်နေသူ တွေလည်း ရှိတယ်နော်။ ဥပမာ စစ်အစိုးရဟာ တိုင်းပြည်ဘတ်ဂျက် စုစုပေါင်းရဲ့ သုည
ဒသမ သုံးရာခိုင်နှုန်းပဲ သုံးစွဲတယ်ဆိုတဲ့ အချက်မျိုးပေါ့။
မြန်မာစစ်အစိုးရကို
စိန်ခေါ်နေတဲ့ ကိစ္စတွေကတော့ အများကြီးရှိပါတယ်။ အခုပေးမယ့် အကူအညီတွေကိုတော့ အန်ဂျီအိုတွေ၊
ကုလသမဂ္ဂတို့ရဲ့ လွှမ်းမိုးချုပ်ကိုင်မှု အောက်မှာ ဆောင်ရွက်သွားမှာပါ။ နောက်တခုကတော့..
မြန်မာပြည်မှာ အစိုးရလက်အောက်က ကျန်းမာရေး ဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဒေသခံဆရာဝန်ကောင်း၊
သူနာပြုကောင်းတွေ အမြောက်အများ ရှိပါတယ်။
ဒီပုဂ္ဂိုလ်တွေဟာ
အကူအညီ အထောက်အပံ့တွေကို ရယူဖို့ လိုအပ် နေသူတွေပါပဲ။ ကျန်းမာရေး ဌာနတွေမှာ ဆေးဝါးတွေ
လိုအပ်နေပါတယ်။ လူနာတွေကို ပေးနိုင်ဖို့ တခုခုတော့ သူတို့မှာ ရှိရမှ ဖြစ်မှာလေ။ ဒီပုဂ္ဂိုလ်တွေကိုလည်း
ကျနော်တို့ သတိရဖို့ ကောင်းပါတယ်။ ကျနော်တို့ ကူညီဖို့ ကြိုးစား နေတာဟာ ဒီလူတွေကို
ပါပဲ။
မြန်မာပြည်မှာ
လူသိန်းနဲ့ချီ ဌက်ဖျားရောဂါ ကူးစက်နေပြီး ဌက်ဖျားကြောင့် နှစ်စဉ် ထောင်နဲ့ ချီတဲ့ ကလေးတွေ
သေဆုံးနေတယ်။ တီဘီရောဂါ ဖြစ်နေသူတွေလည်း သိန်းနဲ့ချီတယ်။ အိတ်ခ်ျအိုင်ဗွီ ရှိနေသူတွေ
အမြောက်အများ ဖြစ်နေတယ်။ ဒါတွေကြောင့် သေဆုံးရမှု ၂၁ ရာစုမှာ မရှိသင့်တော့ ပါဘူးလို့
မစ္စတာ လင်ဒန်က ပြောကြားသွားပါတယ်။
နေထူး
Sunday, june 20, 2010




