15
Feb

ဂုဏ်ယူတယ်ဆို ကူကြပါ

HIV/AIDS လူနာတွေကို စောင့်ရှောက်တဲ့ လုပ်ငန်းမှာ ဘာအခက်ခဲတွေ
ရှိသလဲဆိုတဲ့ မေးခွန်းကို ထပ်ခါတလဲလဲ အမေးခံရ ပါတယ်။ ကျမလည်း ဖြေစရာစကား မရှိသလိုတောင်
ဖြစ်ဖြစ်နေပါပြီ။ အကုန်လုံး လိုအပ်တယ်လို့ ပြောရင် နှာခေါင်းရှုံ့ကြလေမလား မသိဘူး။

 

“ဆယ့်ရှစ်အိမ်”လို့ကျမတို့ အလွယ်ခေါ်ကြတဲ့ ရန်ကုန်မြို့ဒဂုံမြို့သစ်
တောင်ပိုင်း အမှတ် ၁၈ ရပ်ကွက် က ဂေဟာမှာ လူနာ တချို့က ကျမတို့ကို ပြန်ကူညီနေကြပါတယ်။

 

တခါတော့ သူတို့က ကျမကို ထူးဆန်းတဲ့ မေးခွန်းတခု မေးပါတယ်။
“လူနာတွေကို မီဒီယာသမားတွေ နဲ့ တွေ့တဲ့အခါ ပိုက်ဆံရှိတယ်၊ တည်းစရာနေရာ ရှိတယ်လို့ မပြောဖို့
ခြိမ်းခြောက်ထားသလား” တဲ့။ ဒီလို လုပ်စရာ မလိုပါဘူး၊ ဘာဖြစ်လို့ မေးတာလဲ ဆိုတော့ “လာသမျှ
လူနာတွေက ဘာမှမပါဘူး၊ ဘယ်မှမသွားတတ်ဘူး၊ ဘယ်မှာမှနေစရာမရှိဘူး၊ ဘာမှမလုပ်တတ်ဘူး၊ ဘာ
စားစရာမှမပါဘူး ဆိုတာ ချည်း ပြောပြောနေလို့ပါ” တဲ့။ ဒါဟာ ရင်းနှီးခင်မင်လာတဲ့ သူတို့က
မွန်းကျပ်စရာ အခြေအနေနဲ့ ကြုံ ချိန်မှာ နောက်ပြောင်ပြောတာဖြစ်လို့ ကျမ သက်ပြင်းချရင်း
ရယ်မောမိပါတယ်။

 

တကယ် လက်တွေ့မှာတော့ အခြေအနေတွေက ရယ်မောစရာ နည်းပါးပြီး
ရင်မောစရာတွေပဲ များပါ တယ်။ ကျမက ပင်ကိုအားဖြင့်တော့ အဆင်ပြေတာ၊ မပြေတာကို ပြောလေ့
မရှိပါဘူး။ ဒါပေမယ့် ဒါဇင် နဲ့ချီပြီး များလှတဲ့ လူနာတွေကို စောင့်ရှောက်ရင်းမှ ကျမလည်း
ညည်းတတ်တဲ့ အကျင့်ပါလာသလား မသိပါဘူး။ မညည်းမိအောင် ထိန်းသိမ်းနေရင်းကကို ညည်းညူမိနေတာပါ။

 

ကျမတို့ကို ထောက်ပံ့သူတွေကလည်း နိုင်သလောက်၊ စွမ်းသလောက်
လှူနေကြတာပါ။ ဒါပေမယ့် မ  လောက်ငှဘူး ဆိုတဲ့
စကားတခွန်းတောင် ထပ်တိုး ပြောရမလိုပါပဲ။

 

ဒီလောက်ဆိုရင်တော့ ဒီခုခံအားကျဆင်းမှု ရောဂါနဲ့ ပတ်သက်လို့
ကျမတို့ တိုင်းပြည်မှာ ဘယ်လောက် အခက်အခဲ ဖြစ်နေသလဲ၊ အကူအညီ အကာအကွယ် မဲ့နေသူ ဘယ်လောက်
များသလဲ ဆိုတာ အနည်းအကျဉ်းတော့ ပေါ်လွင် ထင်ရှားမယ်လို့ ထင်ပါတယ်။ ကျမတို့ ကူညီနိုင်တဲ့
အ၀န်းအ၀ိုင်းလေး မှာတောင် ဒီလောက် ခက်ခဲမှု၊ ကျပ်တည်းမှု ဖြစ်နေတယ်ဆိုရင် တပြည်လုံး အတိုင်းအတာနဲ့ဆို
ဘယ်လောက်တောင်များ ခက်ခဲနေသလဲ၊ ဘယ်လောက်များ လူတွေ သေနေသလဲဆိုတာ တွေးမိပြီး ကျမ စိတ်ဆင်းရဲကြီးစွာ
ဖြစ်ရပါတယ်။

 

တနေ့တနေ့ ဒီ ခုခံအားကျဆင်းမှု ရောဂါ ကာကွယ်ကုသရေး ဆေးရုံတွေမှာ
လူဘယ်လောက် သေနေ လဲဆိုတာ ကျမ မျက်မြင် ကိုယ်တွေ့ပါ။ ဒီဆေးရုံတွကို ကျမအပြစ် မမြင်၊
မပြောချင်ပါဘူး။ ဒီဆေးရုံ ဆေးခန်းတွေမှာ ၀န်ထမ်း အင်အားကလည်း မလုံလောက်၊ နောက် ဆေးဆိုရင်လည်း
ပဋိဇီဝဆေး လောက်သာ ပေးနိုင်ပြီး တခြားဆေးဝါးတွေက မရှိသလောက် ဆိုတော့ လူနာတွေက ဆေးရုံဆို
တယ် မသွားချင်ကြလှပါဘူး။

 

လူတွေမှာ “အားကိုးမရဘူး” ဆိုတဲ့ အသိ ၀င်နေတာက အတော်လေး ခက်ပါတယ်။
မဖြစ်လွန်းမှ ဆေးရုံတင်ကြ၊ ဆေးရုံရောက်ချိန်မှာလည်း ခြေလွန်လက်လွန် ဖြစ်နေကြ၊ နောက်
ဆေးဖိုးဝါးခက လည်း မတတ်နိုင် ဆိုတာနဲ့ လုံးချာလည်၊ အသက် ဆုံးရှုံးနေသူ အများကြီးပါပဲ။
တကယ်တော့ တာဝန် ရှိသူ ဘယ်သူလဲ မေးရင်တော့ ရွှေသမင်ဘယ်ကထွက် ဆိုတာပါပဲ။ တကယ် တာဝန်ရှိသူ
အစိုးရကမှ ဂရုမစိုက်ဘူးဆိုရင် သူတို့လက်အောက်မှာ တာဝန်ထမ်းဆောင်နေသူတွေကတော့ ပြောစရာမရှိ
လောက်အောင်ပါပဲ။ သူတို့မှာ ဘယ်လောက် ကောင်းတဲ့ စိတ်စေတနာ ရှိတယ် ဆိုဆို ဘာမှ လုပ်မရပါဘူး။

 

ဒါတွေဟာ အရေးပေါ်ဖြေရှင်းရမယ့် ကိစ္စတွေပါ။ ကျမတို့ လူမျိုးတွေဟာ
မဖြစ်ခင်ကတော့ ဘာမှမဖြစ် ပါဘူး၊ ဖြစ်ပြီးရင်တော့ ပြာပြာသလဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့်
တည့်တည့်ရင်ဆိုင်ရမယ့် ဟာမျိုးကို ရှောင်ပါတယ်။

 

ဒီလို အကူအကယ် မဲ့နေတာကိုလည်း အစိုးရ တာဝန်ရှိသူ၊ အောက်ခြေဆေးရုံအုပ်
အစရှိသဖြင့် မတင် ပြရဲပါဘူး။ အဖြစ်မှန်ပြောရင် အလုပ်ပြုတ်မယ် ဆိုတာကို တွေးပြီး မပြောတာ
ဖြစ်ပါတယ်။

 

မကြာသေးခင်က ပဲခူးမှာ လူငယ်နှစ်ယောက်ကို  ကလေးစစ်သားက သေနတ်နဲ့ ပစ်သတ်တာ ဟိုး လေးတကြော်ဖြစ်သွားပါတယ်။
ဒါပေမယ့် လူတွေ မရိပ်မိတာကတော့ သေနတ်သံ မထွက်ဘဲ သွယ် ၀ိုက်သောနည်းနဲ့ ဖြစ်နေတာတွေ ရှိပါတယ်။
ဒါကတော့ စစ်အစိုးရက လူတွေ သေကြေနေတာကို လျစ်လျူရှုနေတယ် ဆိုတဲ့ အချက်ပါပဲ။

 

ဒီအကျိုးဆက်ဟာ နောင် လေးငါးခြောက်နှစ်လောက် အထိ ကုစားဖို့
မလွယ်ပါဘူး။ အထူးသဖြင့် ရွေးကောက်ပွဲလွန် ကာလတွေမှာလည်း တခြားနိုင်ငံရေး အာဏာလုပွဲတွေပဲ
လုပ်နေဦးမယ် ဆိုရင် တော့ လူတွေ ဒီထက်မက သေကြဦးမှာပါ။ ဒီတော့ တာဝန်ရှိတဲ့ အစိုးရကတော့
ဘာတာဝန်မှ မယူပါ ဘူး။ ကျမတို့ နိုင်သလောက် တာဝန်ယူကြရမှာပါ။

 

ကျမ အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတဲ့ စကားက လောကြီးပြီး ပြောလိုက်မိတာပါ၊။
“တရားမ၀င်ငွေ လည်း ယူမယ်” ဆိုတာပါ။ အမှန် ကျမ ဆိုလိုရင်းက အစိုးရက အသိမှတ်ပြုသည်ဖြစ်စေ
မပြုသည်ဖြစ် စေ၊ ဘယ်အဖွဲ့စည်း ဘယ်နိုင်ငံက ငွေကြေးမဆို ကျမ လက်ခံပြီး လူနာတွေအတွက်
ဆောင်ရွက်သွား မယ်လို့ ဆိုလိုချင်တာပါ။

 

ကျမကို လာတွေ့တဲ့ နိုင်ငံခြားသားတွေ၊ ပြီးတော့ ပြည်တွင်း
ပြည်ပက မြန်မာပြည်သားတွေလည်း ပြောကြပါတယ်။ ကျမ လုပ်ရပ်အတွက် အရမ်းကို ဂုဏ်ယူပါတယ်တဲ့။
ကျမလည်း ဒီလို အပြောခံရ တာကို ဂုဏ်ယူပါတယ်။ ဒါပေမယ့် ဂုဏ်ယူနေကြရုံနဲ့ ပြီးမတဲ့လား။
ဒီ အကာကွယ်မဲ့ လူသားတွေကို ရော ဘယ်လို ကူညီကြမလဲ ဆိုတာလေး စဉ်းစားပေးကြပါ။

 

ဒါကြောင့် ဂုဏ်ယူကြတယ်၊  ဒီထက်မက ဂုဏ်ယူချင်တယ်ဆိုရင် အထိရောက်ဆုံး ၀ိုင်းဝန်းကူညီကြ
တာဟာ အကောင်းဆုံးပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။

 

ဖြူဖြူသင်း

 

Saturday, 12 February 2011 18:15

 

Irrawaddy
-
ဂုဏ်ယူတယ်ဆို ကူကြပါ

 

Leave a Reply

Your email address will not be published. Required fields are marked *

Captcha *

Follow me on:

Back to Top