သုတေသီတွေက Rwanda နိုင်ငံမှာ ဂျပန်နိုင်ငံထုတ် HIV ဗိုင်းရပ်စ်ပိုး ကာကွယ်တဲ့ ဆေးဝါးတွေနဲ့ လက်တွေ့ စမ်းသပ် ကုသမှုတွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က စတင်ပြုလုပ် ခဲ့ပါတယ်။ အဆိုပါ ကာကွယ်ဆေးတွေကို ဂျပန်နိုင်ငံ အမျိုးသား ကူးစက်ရောဂါ တိုက်ဖျက်ရေးအဖွဲ့နဲ့ တိုကျိုတက္ကသိုလ် ဆေးသိပ္ပံဌာန သုတေသီတွေက ပူးပေါင်း ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။
သုတေသီတွေက HIV ဗိုင်းရပ်စ်ပိုးတွေရဲ့ မျိုးရိုးဗီဇတွေကို အသုံးပြုပြီး ကာကွယ်ဆေးတွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ HIV ကာကွယ်ဆေးတွေဟာ ရောဂါပိုး ကူးစက်ခံနေရတဲ့ ခန္ခာကိုယ်တွင်းရှိ HIV ရောဂါ ပိုးတွေကို ထပ်မံပုံတူ ပွားများလာစေပြီး၊ ပွားများလာတဲ့ ဗိုင်းရပ်စ်ပိုးတွေဟာ ခန္တာကိုယ်တွင်းရှိ ရောဂါပိုးတွေကို ပြန်လည်ခုခံ တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ ကာကွယ်ဆေးဟာ အမှုန့်ပုံစံမျိုးဖြစ်ပြီး နှာခေါင်းမှ တစ်ဆင့် ရှုရှိုက်ရမှာ ဖြစ်ပါတယ်။
HIV ရောဂါပိုးဟာ ခန္ခာကိုယ်အတွင်းရှိ အချွဲမြှေးတွေမှ တစ်ဆင့် ကူးစက်ပျံ့ပွားတတ်တဲ့ ရောဂါအမျိုးအစား ဖြစ်တာကြောင့် အခုလို အမှုန့်ပုံစံမျိုး ဖန်တီး ပြုလုပ် ရတာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မြို့ အခြေစိုက် အဖွဲ့တွေဟာ အဆိုပါဆေးတွေကို Rwanda နိုင်ငံမှာ စတင် စမ်းသပ် ကုသမှုတွေ ပြုလုပ်ပြီး နောက်ပိုင်းမှာတော့ ဗြိတိန်နိုင်ငံမှာ ဆက်လက် လုပ်ဆောင်သွားဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာ နှစ်စဉ် HIV ရောဂါပိုး ကူးစက်ခံနေရသူ ၂.၅ သန်းကျော်ရှိပြီး ဗိုင်းရပ်စ်ပိုးတွေရဲ့ သန္ဓေပုံစံအမျိုးမျိုး ပြောင်းလဲမှုတွေကြောင့် ကာကွယ်ဆေး ဖန်တီးပြုလုပ်ရာမှာ သုတေသီတွေအနေနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရကြောင်းလည်း သိရပါတယ်။
MRTV-4 - ဂျပန်နိုင်ငံတွင် HIV ကာကွယ်ဆေးများ စမ်းသပ် ကုသမှုများ စတင်ပြုလုပ်နေ




